ကမ္ဘာတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးရတဲ့ ဒုက္ခသည် သန်း ၁ဝဝ ကျော်ရှိလာ

2022.05.23
001.jpg

ကရင်ပြည်နယ်ရှိ ဗုံးခိုကျင်းတစ်ခုတွင် ခိုလှုံနေကြသည့် စစ်ဘေးဒုက္ခသည် ကလေးငယ်နှစ်ဦး။

002.jpg

ကရင်ပြည်နယ်က ဂူတစ်လုံးအတွင်း နေထိုင်နေကြသော စစ်ဘေးဒုက္ခသည်များအား ၂ဝ၂၂ ခုနှစ် မေလဆန်းပိုင်းက တွေ့ရစဉ်။ (Photo: Reuters)

003.JPG

မြဝတီတစ်ဖက်ကမ်း သောင်ရင်းမြစ်ဘေးတွင် နေထိုင်နေကြသည့် စစ်ဘေးဒုက္ခသည်များအား ၂ဝ၂၂ ခုနှစ် မေလဆန်းပိုင်းက တွေ့ရစဉ်။ (Photo: Reuters)

004.JPG

စစ်ကိုင်းတိုင်း ပေါက်မြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂ဝ၂၂ ခုနှစ် မတ်လလယ်ပိုင်းက တွေ့ရစဉ်။ (Photo: Citizen Journalist)

005.jpg

၂ဝ၂၂ ခုနှစ် မေလ ၂၁ ရက်နေ့က ကရင်ပြည်နယ်တွင် ရေဘေးလွတ်ရာ ရှောင်တိမ်းနေသည့် စစ်ဘေးဒုက္ခသည်တစ်ဦး။ (Photo: KIC)

006.jpg

၂ဝ၂၂ ခုနှစ် မတ်လ ၂၂ ရက်နေ့က ကရင်ပြည်နယ် မြဝတီရှိ ဒုက္ခသည်စခန်းတစ်ခုတွင် ခိုလှုံနေကြသော စစ်ဘေးဒုက္ခသည်တချို့ကို တွေ့ရစဉ်။ (Photo: Reuters)

007.JPG

ထိုင်းနယ်စပ်ကို ထွက်ပြေးလာသော စစ်ဘေးဒုက္ခသည်တချို့ကို ၂ဝ၂၂ ခုနှစ် မေလက တွေ့ရစဉ်။ (Photo: Reuters)

ကမ္ဘာတစ်ဝန်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ဒုက္ခသည်ဦးရေ သန်း ၁ဝဝ ကျော်ရှိလာနေတယ်လို့ ကုလသမဂ္ဂက မေလ ၂၃ ရက် တနင်္လာနေ့မှာ သတိပေးပြောဆိုပါတယ်။

ပဋိပက္ခတွေ၊ အကြမ်းဖက်ခံရမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေအောက်ကနေ ထွက်ပြေးတိမ်းရှောင်လာရတဲ့သူ အရေအတွက်ဟာ ပထမဆုံးအကြိမ် စံချိန်တင် သန်း ၁ဝဝ ကျော်သွားတာလို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံအပါအဝင် အာဖဂန်နစ္စတန်၊ ဘာကီနာဖာဆို၊ ကွန်ဂို၊ အီသီယိုးပီးယားနဲ့ နိုင်ဂျီးရီးယားနိုင်ငံတွေမှာ နေရပ်စွန့်ခွာထွက်ပြေးရတဲ့သူဟာ ၂ဝ၂၁ ခုနှစ် နှစ်ကုန်ပိုင်းအထိ သန်း ၉ဝ အထိရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် ၂ဝ၂၂ ခုနှစ်ဆန်းပိုင်းက စခဲ့တဲ့ ယူကရိန်း-ရုရှားစစ်ပွဲကြောင့် လူပေါင်း ၁၄ သန်း နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။

မြန်မာနိုင်ငံမှာတော့ စစ်တပ်က အာဏာသိမ်းထားတဲ့ တစ်နှစ်ကျော်ကာလအတွင်းမှာ ဒုက္ခသည်အသစ် ၅၉၀,၁၀၀ အထိ တိုးလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)က ၂ဝ၂၂ ခုနှစ် မေလဆန်းပိုင်းက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

အရင်ကတည်းက ရှိနေတဲ့ ဒုက္ခသည် ၃၄၆,၆၀၀ နဲ့ပေါင်းရင် လက်ရှိ မြန်မာနိုင်ငံမှာရှိတဲ့ စစ်ဘေးဒုက္ခသည် စုစုပေါင်းဟာ ၉၃၆,၇၀၀ ကျော်တယ်လို့ ဆိုပါတယ်။

လက်နက်ကိုင် ပဋိပက္ခတွေ ပြင်းထန်တဲ့ ချင်းပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတို့မှာ ဒုက္ခသည်အသစ် သုံးသိန်းသုံးသောင်းကျော် အများဆုံးတိုးလာတာဖြစ်ပြီး ကျန်တာကတော့ ကရင်၊ ကယား၊ ရှမ်း၊ မွန်ပြည်နယ်၊ တနင်္သာရီနဲ့ ပဲခူးတိုင်းတို့က ဖြစ်ပါတယ်။

သန်း ၁ဝဝ ကျော်လာတဲ့ ကမ္ဘာတဝန်း ဒုက္ခသည်အရေအတွက်ကိုကြည့်ရင် ထိတ်လန့်စရာကောင်းပြီး၊ ပဋိပက္ခတွေ အဆုံးသတ်ဖို့ လိုနေပြီလို့ ကုလသမဂ္ဂကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။