၇၅ နှစ်မြောက်အာဇာနည်နေ့ ရန်ကုန်မြို့မြင်ကွင်း
၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မနက်က ကျင်းပခဲ့တဲ့ ၇၅ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားအတွက် ရန်ကုန်မြို့က အာဇာနည်ဗိမာန်နဲ့ ဆက်စပ်နေတဲ့လမ်းတွေ၊ မြို့တွင်းလမ်းတွေကို စစ်ကောင်စီက လုံခြုံရေးတင်းတင်းကျပ်ကျပ်ယူပြီး ပိတ်ဆို့ခဲ့ပါတယ်။
အနောက်ရွှေဂုံတိုင်လမ်း၊ ဓမ္မစေတီလမ်း၊ ဦးဝိစာရအဝိုင်းအနီး၊ အနော်ရထာလမ်း (ပန်းဆိုးတန်းလမ်း မှ ဗိုလ်မြတ်ထွန်းလမ်းအထိ)၊ မဟာဗန္ဓုလလမ်း (ပန်းဆိုးတန်းလမ်း မှ ဗိုလ်မြတ်ထွန်းလမ်းအထိ)၊ ဗိုလ်အောင်ကျော်လမ်း စတဲ့ လမ်းတွေကို ပိတ်ဆို့ထားပြီး စစ်သား၊ ရဲနဲ့ အရပ်ဝတ်တွေပါ လုံခြုံရေးချထားတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
ဒီပိတ်ဆို့ထားတဲ့ နေရာတွေအနီး သွားလာသူတွေကို စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်တွေက စစ်ဆေးမှုတွေ လုပ်နေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီက ကျင်းပတဲ့ ၇၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်တာ မတွေ့ရသလို အာဇာနည်ကိုးဦးထဲက ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဦးဘဝင်းတို့ရဲ့ မိသားစုဝင်တွေ တက်ရောက်ပြီး လွမ်းသူ့ပန်းခွေချတာ မရှိခဲ့ပါဘူး။
ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဦးရာဇတ်၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွားကြီး စပ်စံထွန်း၊ ဦးဘဝင်း၊ ဦးအုန်းမောင်၊ ရဲဘော်ကိုထွေး စတဲ့ အာဇာနည်ခေါင်းဆောင်ကိုးဦး ကျဆုံးခဲ့တဲ့ မနက် ၁၀ နာရီ ၃၇ မိနစ်မှာ ရန်ကုန်မြို့လမ်းမတွေပေါ်မှာ အရပ်သားတွေက ကားဟွန်းတီးပြီး ဂါရဝပြုခဲ့ကြပါတယ်။
မနေ့ကတော့ အာဇာနည်နေ့အကြို လှုပ်ရှားမှုအနေနဲ့ သပိတ်အင်အားစုတွေ၊ ထောင်တွင်းအကျဉ်းကျခံနေရသူတွေက အာဇာနည်နေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။