ခွဲကဘောင် ရွှေ့ပြောင်းပညာရေးကျောင်း
ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်မှာ ဘဏ္ဍာရေးအခက်အခဲကြောင့် ငါးနှစ်ကျော်ပိတ်ထားခဲ့ရတဲ့ 'ခွဲကဘောင်' ကရင်အမျိုးသားအထက်တန်းကျောင်း (Kwe Ka Baung Karen Nationkal High School) ကို ဇွန်လ ၂၀ ရက်နေ့က ပြန်ပြီးဖွင့်လှစ်ခဲ့ပါတယ်။
မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ၊ စစ်ဘေးဒုက္ခသည်တွေရဲ့ ကလေးငယ်တွေအတွက် တည်ထောင်ထားတဲ့ Kwe Ka Baung ကျောင်းဟာ ထိုင်းနိုင်ငံ တာ့ခရိုင်အတွင်းက ရွှေ့ပြောင်းပညာရေးကျောင်း ၆၄ ကျောင်းထဲမှာ တစ်ကျောင်း အပါအဝင်ဖြစ်ပါတယ်။
ကရင်ဘာသာနဲ့ 'ဇွဲကပင်' လို့ အမည်ရတဲ့ Kwe Ka Baung ကျောင်းကို ကရင်အမျိုးသားတစ်ဦးဖြစ်တဲ့မန်းဗလစိန်က ၁၉၈၆ ခုနှစ်မှာ ထိုင်းဘုန်းတော်ကြီးတစ်ပါးရဲ့အကူအညီနဲ့ စတင်တည်ထောင်ခဲ့ပါတယ်။
မူလတန်းကနေ ၁၂ တန်းအထိသင်ကြားပေးနေတဲ့ ဒီကျောင်းမှာ ကျောင်းသားကျောင်းသူ ၂၅၆ ဦး တက်ရောက်နေပြီး စေတနာ့ဝန်ထမ်းလုပ်အားပေးတွေနဲ့ မြန်မာနိုင်ငံကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ CDM ဝန်ထမ်း ဆရာဆရာမ ၃၂ ဦးက သင်ကြားပေးနေပါတယ်။
ကူညီထောက်ပံ့မယ့် အလှူရှင်အခက်အခဲကြောင့် ဆရာဆရာမတွေအတွက် လုပ်ခလစာ သတ်မှတ်မပေးနိုင်သေးဘူးလို့ သိရပါတယ်။
အတန်းတွေကို မြန်မာဘာသာသင်ရိုးညွှန်းတမ်းအတိုင်း သင်ကြားပေးနေပြီး ထိုင်းဘာသာ၊ စကောကရင်ဘာသာနဲ့ ပိုးကရင်ဘာသာစကားတွေနဲ့ပါ ဖြည့်စွက်သင်ကြားပေးနေပါတယ်။
ကျောင်းသူကျောင်းသားတွေဟာ အနီရောင်ကရင်ဝတ်စုံအပြင် ကရင်လူမျိုးတွေအပေါ် ချစ်ခင်အသိအမှတ်ပြုတဲ့ ထိုင်းဘုရင့်သမီးတော် မဟာချက်ကရီ သီရိဒုံကို ကိုယ်စားပြုတဲ့ ခရမ်းရောင်ဝတ်စုံ၊ အဖြူ/အပြာ ထိုင်းအစိုးရကျောင်းဝတ်စုံတို့ကို အလှည့်ကျ ဝတ်ဆင်ကြပါတယ်။
လက်ရှိမှာ Kwe Ka Baung ကျောင်းအတွက် သင်ထောက်ကူပစ္စည်း၊ ဖတ်စာအုပ်၊ ဗလာစာအုပ်နဲ့ စာရေးကိရိယာတွေ လိုအပ်နေသလို၊ ကျောင်းအိပ်ကျောင်းစားနေထိုင်သူ ကျောင်းသားကျောင်းသူတွေနဲ့ ဆရာဆရာမတွေအတွက် ရေချိုးကန်နဲ့သန့်စင်ခန်း ပြန်လည်တည်ဆောက်ဖို့ လိုအပ်နေတယ်လို့ ကျောင်းတာဝန်ရှိသူတွေက ပြောပါတယ်။