ရွှေကြောင့် အန္တရာယ်ကျရောက်နေတဲ့ အင်းတော်ကြီးဒေသ
2023.03.23

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်က UNSECO ရဲ့ ဇီဝအဝန်းနယ်မြေအဖြစ် သတ်မှတ် ခံထားရတဲ့ အင်းတော်ကြီးဒေသမှာ အာဏာသိမ်းပြီးနောက် ရွှေတူးဖော်မှု အဆမတန် များလာတာကြောင့် ရွာတွေပျက်စီးမယ့်အရေးနဲ့ အင်းတော်ကြီးကန် တိမ်ကောမယ့်အရေး ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်းတော်ကြီးဒေသ မိုင်းနောင်၊ မမုံကိုင်နဲ့ လုံးတုံ စတဲ့ ရွာသုံးရွာမှာ ရွာထဲအထိ စက်ယန္တရားတွေနဲ့ ရွှေတူးဖော်နေကြသလို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ထိန်းချုပ်မှုအောက်မှာရှိတဲ့ တောတွင်းဘက်တွေမှာလည်း ရွှေတူးဖော်တာတွေ အမြောက်အမြားရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွာထဲအထိ တူးဖော်လာတာကြောင့် ရွာနယ်နိမိတ်တွေ ပျက်စီးလာသလို ရွှေတူးဖော်ရာ ကနေ စွန့်ထုတ်လိုက်တဲ့ ရေဆိုး၊ ရေညစ်တွေဟာ မိုင်းနောင်ရွာကနေတစ်ဆင့် ဖြတ်ပြီး စီးဆင်းလာတဲ့ ခေါင်းတုန်းချောင်းနဲ့ လုံးတုံရွာကနေ စီးဆင်းလာတဲ့ နန့်ရင်းချောင်းကနေ အင်းတော်ကြီးကန်ထဲကို နေ့စဉ်နဲ့အမျှ စီးဝင်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
အင်းတော်ကြီးဒေသမှာ ရွှေတူးဖော်တဲ့လုပ်ငန်းတွေကြောင့် ရှားပါး တိရိစ္ဆာန်မျိုးစိတ် အပါအဝင် အင်းတော်ကြီးကန်နဲ့ လူတွေကို ရေရှည်မှာ ကြီးကြီးမားမား အန္တရာယ် ပေးလာနိုင်တယ်လို့ အင်းတော်ကြီးဒေသက ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"အန်တီတို့ဆီက သားငှက်မျိုးစိတ်တွေဟာ ဘယ်ဟာနဲ့မှ မတူဘူး၊ အင်းတော်ကြီးဒေသ မှာပေါ့နော်။ ဒါပေမဲ့ အခုတော့ သစ်တောတွေပြုန်းတီး၊ သဘာဝပတ်ဝန်းကျင်ကလည်း မကောင်းတော့ဘူးဆိုတော့ သားငှက်တွေအတွက် ဝမ်းနည်းစရာကောင်းတယ်။ ရေဆိုး၊ ရေညစ်တွေ ဝင်သွားတယ်။ ရွှေလုပ်တယ်ဆိုကတည်းက ပြဒါးရည် ဝင်ပြီးသားပဲလေ။ ပြဒါးရည် ဝင်တဲ့အခါကျတော့ လူကိုလည်း ဥပဒ်ပေးနိုင်သလို သားငါးတွေလည်း သေကြေပျက်စီးနိုင်တယ်။ ရွှေလုပ်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက အများကြီးပဲ"
အင်းတော်ကြီးဒေသမှာ ရွှေလုပ်ကွက်တွေကို စစ်ကောင်စီအပါအဝင် ကချင်တိုင်းရင်းသား လက်နက်ကိုင် (KIA) အဖွဲ့တွေကို လုပ်ငန်းရှင်တွေက အခွန်အခပေးပြီး ပြောင်ပြောင် တင်းတင်း တူးဖော်နေတာလို့ ဒေသခံတွေက ဆိုပါတယ်။
မိုင်းနောင်ရွာ အနောက်ဘက်နဲ့ အနောက်မြောက်ဘက်တွေမှာ ရွာထဲအထိ စက်ယန္တရား တွေနဲ့ ရွှေတူးဖော်နေကြတာဖြစ်ပြီး မမုံကိုင်ရွာမှာလည်း ရွာထဲလမ်းမဘေးမှာတင် သွပ်မိုးတွေနဲ့ ကာရံပြီး တူးဖော်နေကြသလို သစ်တောကြိုးဝိုင်းနေရာတွေမှာလည်း တူးဖော်နေကြတာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်း ကတော့ အင်းတော်ကြီးဒေသမှာ အရင်က ချထားပေးတဲ့ လုပ်ကွက်အနည်းငယ်ရှိပေမယ့် ၂၀၂၁ နောက်ပိုင်း လုပ်ကွက်အသစ် ထပ်ချပေးထားတာမရှိဘူးလို့ ပြောပါတယ်။ သတ်မှတ် ထားတဲ့ စည်းမျဉ်းစည်းကမ်းထက် ကျော်လွန်ပြီး တူးဖော်နေတဲ့ ရွှေလုပ်ကွက်တွေကိုလည်း တောက်လျှောက်ဖမ်းဆီးအရေးယူတာတွေ လုပ်နေတယ်လို့လည်း သူက ဆိုပါတယ်။
အင်းတော်ကြီးဒေသက ရွှေလုပ်ကွက် တော်တော်များများဟာ KIA ရဲ့ ထိန်းချုပ်မှုအောက် မှာ ရှိနေတာဖြစ်ပြီး မိုင်းနောင်ရွာကနေ တစ်နာရီနီးပါး သွားရတဲ့ ရွှေဖြူချောင်းဆိုတဲ့ ရွှေမှော်ကနေ စွန့်ထုတ်လိုက်တဲ့ ရေဆိုးရေညစ်တွေဟာ နန့်ရင်းချောင်းကတဆင့် အင်းတော်ကြီးကန်ထဲကို နေ့စဉ်စီးဝင်နေတာပါ။
KIA ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကို မေးမြန်းကြည့်ရာ အင်းတော်ကြီးဒေသမှာ KIA ကနေ ရွှေတူးဖော်ခွင့် ခွင့်ပြုပေးထားတာ ရှိ၊ မရှိကို သူ့အနေနဲ့ အတိအကျ မသိသလို အဲဒီဒေသဟာ KIA တပ်မဟာ (၉) လက်အောက်ခံ တပ်ရင်း (၂၆) က စိုးမိုးထားတဲ့ နယ်မြေဖြစ်တာကြောင့် တပ်ရင်း (၂၆)ကို မေးကြည့်ဖို့ အကြောင်းပြန်ပါတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) အနေနဲ့ သမိုင်းဝင်အမွေအနှစ် နေရာတွေကို ထိခိုက် ပျက်စီးစေမယ့် ဘယ်လုပ်ကွက်မျိုးမှ ခွင့်ပြုတာမရှိသလို သမိုင်းဝင်နေရာတွေမှာ သယံဇာတတူးဖော်တာကို ထိန်းသိမ်းကြပ်မတ်ဖို့ ချမှတ်ထားတဲ့ မူဝါဒရှိတယ်လို့လည်း ဗိုလ်မှူးကြီး နော်ဘူက RFA ကို ပြောပါတယ်။
အာဏာသိမ်းပြီးနောက် အင်းတော်ကြီးဒေသမှာ ရွှေတူးဖော်ရာကနေ စွန့်ထုတ်လိုက်တဲ့ ပြဒါးရည်၊ ရေဆိုးရေညစ်တွေကြောင့် အင်းတော်ကြီးကန် သုံးဧကဝန်းကျင်လောက် တိမ်ကောနေပြီလို့ အင်းတော်ကြီးကန် ထိန်းသိမ်းစောင့်ရှောက်ရေး ဆောင်ရွက်နေသူတွေ က ဆိုပါတယ်။
အင်းတော်ကြီးဒေသမှာ စစ်ကောင်စီအပါအဝင် KIA က ရွှေတူးဖော်တဲ့လုပ်ငန်းတွေကို တရားဝင် ခွင့်ပြုထားတာမရှိဘူးလို့ ပြောပေမယ့် မြေပြင်မှာ ရွှေတူးဖော်မှုတွေဟာ တစ်စထက်တစ်စ ကြီးထွားလာနေတာပါ။