နေစရာသွားစရာ မရှိတဲ့ လှိုင်သာယာကျူးကျော်များ
■ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ဘုရင့်နောင်တံတား အဆင်းကနေ ရန်ကုန်- ပုသိမ်လမ်းမကြီးဘေး တစ်လျှောက်က ကျူးကျော်နေအိမ်တွေကို အောက်တိုဘာလ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ရှား ပြောင်းရွှေ့ကြဖို့ စစ်ကောင်စီက အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
အခုရက်ပိုင်းမှာလည်း ကျန်နေသေးတဲ့ အဆောက်အအုံတွေကို ယန္တရားယာဉ်တွေနဲ့ ဖျက်ဆီးပစ်ခဲ့ကြတယ်လို့ ကျူးကျော်နေထိုင်သူတွေက ပြောပါတယ်။ကျူးကျော်အိမ်တစ်လုံး ဆောက်ဖို့ သစ်၊ ဝါး အမိုးအကာဖိုး သုံးသိန်းနဲ့ငါးသိန်းဝန်းကျင် ကုန်ကျတယ်လို့ သိရပါတယ်။ နေအိမ်တွေ ဖျက်ဆီးခံလိုက်ရပေမယ့် သွားစရာနေရာ မရှိတဲ့အတွက် အများစုက လမ်းမ အနီးအနားမှာပဲ ဖြစ်သလို နေထိုင်ကြရပါတယ်။
အနီးအနားမှာ အခန်းငှားရမ်းသူတွေ ရှိပေမယ့် အခန်းငှားခ မတတ်နိုင်တဲ့အပြင် ကျူးကျော်နေထိုင်သူတွေ ဆိုရင် ပိုင်ရှင်တွေက လက်မခံဘဲ အရေအတွက် ကန့်သတ်ထားတဲ့အတွက် ဒုက္ခရောက်နေကြတယ်လို့ ဆိုပါတယ်။
ကျူးကျော်နေထိုင်သူတွေဟာ နာဂစ်မုန်တိုင်းဒဏ်နဲ့ စားဝတ်နေရေး အဆင်မပြေမှုတွေကြောင့် မူလနေထိုင်ရာ ဒေသတွေကနေ ရေကြည်ရာမြက်နုရာ ကြုံရာကျပန်း လုပ်ကိုင်ဖို့ လာရောက်နေထိုင်ကြတာ ၁၀ နှစ်ဝန်းကျင် ရှိနေပါပြီ။
အများစုဟာ ပြီးခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မှာ ယာယီနေထိုင်ခွင့် စမတ်ကတ် ရရှိထားသူတွေ ဖြစ်ပြီး၊ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဆန္ဒမဲပေးခွင့် ရခဲ့ကြတယ်လို့လည်း သိရပါတယ်။
COVID-19 ရောဂါနဲ့ စစ်အာဏာသိမ်းမှုဒဏ်ကြောင့် အလုပ်အကိုင် ခက်ခဲပြီး၊ စားဖို့သောက်ဖို့တောင် အနိုင်နိုင် ဖြစ်နေချိန်မှာ အခုလို ဖယ်ရှားခံရတဲ့အတွက် ပိုပြီး ဒုက္ခရောက်နေကြတယ်လို့ ပြောပါတယ်။
အိမ်တွေအဖျက်ခံရပေမယ့် ဒီနေ့အထိ မပြောင်းနိုင်သေးသူတွေ နေရာက ဖယ်ရှားပေးဖို့ အသံချဲ့စက်တွေနဲ့ လိုက်လံအော်ဟစ် နေကြတာလည်း တွေ့ရပါတယ်။
NLD အစိုးရလက်ထက် ၂၀၁၆ ခုနှစ်ကတည်းက ရန်ကုန်တိုင်းထဲမှာရှိတဲ့ သိန်းနဲ့ချီတဲ့ ကျူးကျော်နေထိုင်သူ ပြဿနာကို ဖြေရှင်းဖို့အတွက် မြေဧကနှစ်ထောင်မှာ စီမံကိန်း အကောင်အထည်ဖော်မယ် ဆိုပြီး ကျူးကျော် နေထိုင်သူစာရင်း ကောက်ယူတာ၊ အသိအမှတ်ပြုကတ် ထုတ်ပေးတာတွေ လုပ်ခဲ့ပေမယ့် ပြဿနာကို ဖြေရှင်းနိုင်ခြင်း မရှိခဲ့ပါဘူး။