အစာရေစာ ခက်ခဲလာတဲ့ ချင်းပြည်နယ်က ဆင်စခန်း
2022.06.02
ကိုဗစ်ကပ်ရောဂါ ကာလမှာတောင် လာရောက်လာပတ်တဲ့သူ အနည်းငယ်ရှိခဲ့ပေမဲ့ စစ်တပ်က အာဏာသိမ်းပြီးနောက် ဧည့်သည်လုံးဝ မလာတော့ဘူးလို့ ဆင်ခေါင်း ဦးသန်းနိုင်က RFA ကိုပြောပါတယ်။
"အရင် ခေတ်ကောင်းတုန်းဆိုရင် ဆင်ကြည့်ဖို့ လာတဲ့ဧည့်သည်တွေ က အုန်းသီး၊ ကြံ၊ ငှက်ပျောစတဲ့ အစားတွေကို ကျွေးကြတယ်။ အရင်က ဆင်ကြည့်ဖို့ ဧည့်သည်တွေ တစ်ရက်မှာ တစ်ရာကျော်လောက်လာတယ် အခုက ဘယ်သူမှ မလာတော့ဘူး"
ဆင်စခန်းကို ဧည့်သည်မလာတာ နှစ်နှစ်နီးပါးရှိပြီမို့ ဆင်တွေအတွက် အစာရေစာ ခက်ခဲနေပြီလို့ ဆိုပါတယ်။ ဧည့်သည်မလာလို့ ဆင်တွေနဲ့ လူတွေ အထိအတွေ့နည်းလာပြီး အရင်လို ယဉ်ပါးဖို့ တော်တော်ထိန်းကျောင်းနေရတယ်လို့လည်း ဦးသန်းနိုင်က ပြောပါတယ်။
ခိုင်ကမ်းဆင်စခန်းမှာ ဆင် ၇ ကောင်ရှိပါတယ်။ ဆင်စားကျက်နယ်မြေ ဧက ၅၀ ကျော်ရှိပြီး၊ တောထဲမှာ အစာရှာဖို့ ဆင်တွေကို နေ့ခင်းဘက်မှာ လွှတ်ထားလေ့ရှိပါတယ်။
ခိုင်ကမ်းဆင်စခန်းဟာ စစ်ကိုင်းတိုင်း ကလေးမြို့ကနေ ခြောက်မိုင်အကွာမှာရှိပြီး၊ ၂၀၁၉ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာပါ။
စစ်တပ်က အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်မှာ စစ်ကောင်စီနဲ့ ဒေသခံခုခံကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပါတယ်။