ဝင်္ဂဘော်ဆင်စခန်းက ဆင်လေးတွေ အစာခက်ခဲနေ
2022.05.18
ဝင်္ဂဘော်ဆင်စခန်းက ဆင်အကောင်ရေ စုစုပေါင်း ၂၀ တို့ဟာ စခန်းဆီကို လာရောက်အပန်းဖြေတဲ့ ခရီးသွားတွေ နည်းပါးလာလို့ အစာရှားပါးလာနေကြတယ်လို့ ဆင်စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။
ဆင်တွေအတွက် ပြီးခဲ့တဲ့ ကိုဗစ် ကပ်ဘေးကာလတွေမှာ အစာတွေ လုံလောက်ခဲ့ပေမယ့် အခု လာရောက် လည်ပတ်တဲ့ ဧည့်သည်တွေ နည်းပါးလာလို့ အစာ ရှားပါးနေတဲ့အကြောင်း စခန်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
''ကိုဗစ်ကာလမတိုင်ခင်က ကဆုန်လပြည့်တို့၊ နှစ်ဆန်းတစ်ရက်နေ့တို့၊ တန်ဆောင်တိုင်တို့လို ပိတ်ရက်တွေဆို ဧည့်သည်တွေ များခဲ့ပါတယ်။ အခုနောက်ပိုင်း အစာခုတ်ရတာ ပတ်ဝန်းကျင်မှာ ရှားပါးပြီး အစာလည်း အခက်အခဲ ဖြစ်လာတော့ ဆင်လေးတွေလည်း ထပ်လျှော့ရဦးမှာပေါ့''
ရန်ကုန်မြို့ကနေ မိုင် ၅၀ လောက် အကွာမှာရှိတဲ့ ဝင်္ဂဘော်ဆင်စခန်းဟာ ၂၀၁၆ နိုဝင်ဘာလ ၃ ရက်က ဒေသတွင်းဆင်ခြောက်ကောင်နဲ့ အစပြုခဲ့ပါတယ်။
နောက်ပိုင်းမှာ မိခင်တွေ သေဆုံးသွားတဲ့ အမိမဲ့ ဆင်လေး ရှစ်ကောင် ထပ်တိုးလာခဲ့ပြီး ဆင်ဦးရေ စုစုပေါင်း အကောင် ၂၀ ရှိနေပြီဖြစ်ပါတယ်။
ဆင်လေးတွေကို ဒု-ဦးစီးအဆင့်ရှိသူ ဆရာဝန်က ကျန်းမာရေးစောင့်ရှောက်မှုပေးနေပြီး အရွယ်ရောက်ပြီး စိတ်ချရတဲ့အချိန်မှာတော့ တချို့ကို တောထဲပြန်လွှတ်ပေးတာ၊ တခြား ဆင်စခန်းနေရာတွေကို ပို့ပေးရတယ်လို့ ပြောပါတယ်။
ဆင်အစာကို နီးစပ်ရာအမြန်လမ်းဘေးတစ်လျှောက် ရော်ဘာခင်းတွေမှာ ရှာဖွေခုတ်ယူကျွေးမွေးနေရတာ လို့လည်း ဆိုပါတယ်။
လက်ရှိမှာတော့ ဆင်အကြီး နှစ်ကောင်၊ ဝန်တင်ဆင် ၁၀ ကောင်၊ အမိနောက်လိုက် ဆင်လေး နှစ်ကောင်ရှိနေပါတယ်။