ရခိုင်စစ်ပွဲကြောင့် မသန်စွမ်းဘဝနဲ့ ရုန်းကန်နေရတဲ့ အမျိုးသမီးငယ်
■ အသက် ၁၉ နှစ်သာရှိသေးတဲ့ မမိုးမိုးနွယ်ဟာ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ စစ်ရေး ပဋိပက္ခကာလအတွင်းမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ ဘယ်ဘက်ခြေတစ်ဖက် ဆုံးရှုံးခဲ့ရသူပါ။
မိခင်ဖြစ်သူဟာ သူမ ငါးနှစ်အရွယ်ကတည်းက ကွယ်လွန်ခဲ့ပြီဖြစ်သလို ဖခင်ဟာလည်း ဆွံ့အ နားမကြားသူ တစ်ဦး ဖြစ်ပါတယ်။ မမိုးမိုးနွယ်မှာ ၁၂ နှစ်အရွယ် မောင်မိုးဇော်ဆိုတဲ့ မောင်လေးတစ်ဦးလည်း ရှိပါတယ်။
ခြေထောက် မဆုံးရှုံးခင်တုန်းက မမိုးမိုးနွယ်ဟာ ကျောက်တော်မြို့မှာ သဲကျောက်သယ်ရတဲ့ နေ့စားအလုပ် လုပ်ကိုင်ရင်း အရွယ်နဲ့မလိုက်အောင် မိသားစုကို ရှာဖွေကျွေးနေသူတစ်ဦး ဖြစ်ပါတယ်။ ဒီလို ရှာဖွေကျွေးမွေး ရင်းနဲ့ပဲ ၂၀၂၀ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာ ကျောက်တော်မြို့ပေါ်ကို လက်နက်ကျည်တွေ ကျရောက် ပေါက်ကွဲလို့ မသန်စွမ်းဘဝကို ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။
မသန်စွမ်းသူအဖြစ် ကျန်နေတဲ့ဘဝကို ဖြတ်ကျော်ဖို့ စစ်တွေမြို့ပေါ်က အလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်း စစ်ဘေးဒုက္ခသည်စခန်းမှာ ၂၀၂၀ ခုနှစ် ဇွန်လကတည်းက စက်ချုပ်ပညာကို သင်ယူဖို့ ကြိုးစားနေတာပါ။
“အခုဆိုရင် စက်ချုပ်သင်ပေးတဲ့ ဆရာမ မရှိတာလည်း ၅ လလောက်ရှိနေပါပြီ။ ပြီးရင် စက်ချုပ်ဖို့ ပိတ်စတွေ၊ ချည်တွေနဲ့ တခြားပစ္စည်းတွေလည်း သိပ်မရှိပါဘူး။ ဒါပေမဲ့ ရှိတာလေးနဲ့ပဲ နေ့တိုင်း ကိုယ့်ကိုယ်ကိုယ် လေ့လာသင်ယူနေရတာပါပဲ။ ဒီစက်ချုပ်ပညာနဲ့ပဲ ကျွန်မဘဝကို ရပ်တည်ရတော့မယ်လေ။ ခြေထောက် တစ်ဖက်က မရှိတော့ဘူးဆိုတော့ အရင်လို အလုပ်ကြမ်းတွေလည်း မလုပ်နိုင်တော့တာ” လို့ မမိုးမိုးနွယ်က ပြောပါတယ်။
ခြေထောက်တစ်ဖက် ဆုံးရှုံးသွားတဲ့ မမိုးမိုးနွယ်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က ခြေတုတစ်ဖက် တပ်ဆင်ပေးထားပေမယ့် အရင်ကလိုတော့ ပုံမှန်သွားလာလို့ မရတော့ပါဘူး။
ဒါပေမဲ့ မမိုးမိုးနွယ်ကတော့ သူမရဲ့ ကျန်ရှိနေတဲ့ ဘဝခရီးလမ်းကို ဖြောင့်ဖြောင့်တန်းတန်း လျှောက်လှမ်းနေ ပါတယ်။
“အရင်တုန်းဆိုရင် ကိုယ့်မှာ ခြေထောက်တစ်ဖက်မရှိတော့လို့ စိတ်အားငယ်တယ်။ ပြီးတော့ ငိုတယ်။ နေ့တိုင်းပါပဲ။ အခုတော့ ကျွန်မ စိတ်အားမငယ်တော့ပါဘူး။ ဒီစက်ချုပ်ပညာကို တတ်အောင်သင်မယ်။ ပြီးရင် ကျောက်တော်မြို့မှာ ဆိုင်လေးတစ်ဆိုင်ဖွင့်ပြီး မိသားစုကို လုပ်ကျွေးမယ်။ အဲဒီလိုပဲ ဘဝကို ဖြတ်သန်းဖို့ ရည်မှန်းထားပါတယ်”
အရင်တုန်းကဆိုရင် မမိုးမိုးနွယ်တို့ မိသားစုကို အလှူရှင်တွေက လာရောက် ထောက်ပံ့ကြပေမယ့် အခုတော့ ကိုဗစ်ကပ်ဘေးတွေအပါအဝင် တခြား အကျပ်အတည်းတွေကြောင့် ကူညီပေးမယ့် အလှူရှင်တွေလည်း မရောက်တော့ပါဘူး။
ဒါကြောင့် ဒုက္ခသည်စခန်းက ထောက်ပံ့တာကိုပဲ ကျပ်ကျပ်တည်းတည်းနဲ့ စားသောက်နေကြရပါတယ်။
ဒီလို ဆိုးရွားတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရင်းနဲ့ပဲ မမိုးမိုးနွယ်ကတော့ စက်ချုပ်ပညာကို တတ်မြောက်ရင် ဆိုင်လေးတစ်ဆိုင်ဖွင့်ပြီး မိသားစုကို ရှာကျွေးမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ ဒုက္ခသည်စခန်းမှာ နေ့စဉ် ကြိုးစားနေပါတယ်။■