ခေတ်အဆက်ဆက် သောက်သုံးရေ အဆင်မပြေသေးတဲ့ ဒလ
ရန်ကုန်မြစ်တစ်ဘက်ကမ်း ဒလမြို့နယ်က ပြည်သူတွေဟာ သောက်သုံးရေရှားတဲ့ ပြဿနာကို နှစ်တိုင်းကြုံတွေ့နေရတာ ဖြစ်ပါတယ်။
ရေချိုမထွက်ဘဲ ရေငံပဲ ထွက်တာကြောင့် ဒေသခံတွေဟာ မိုးရေလှောင်ကန်တွေကို အဓိက အားထားနေရတာ ဖြစ်ပါတယ်။
မိုးရေလှောင်ကန်တွေမှာ ရေခပ်ရာမှာလည်း အချိန်ကန့်သတ်ချက်ရှိပြီး၊ မနက်စောစောနဲ့ ညနေစောင်းပိုင်းမှာပဲ ခပ်ခွင့်ပြုထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါကြောင့်အများစုဟာ အလုပ်မသွားခင် မနက်စောစောမှာ ရေခပ်ဆင်းလေ့ ရှိပါတယ်။
အရင်က ဒလကို ရန်ကုန်-ပေါက်ရွာ ရေပေးဝေရေးစခန်းကနေ ရေတွန်းစက်နဲ့ ရေပို့လွှတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် စစ်အာဏာသိမ်းပြီးနောက် လျှပ်စစ်မီးမမှန်လို့ အဲဒီကနေလည်း ရေပို့ပေးတာ မမှန်တော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းမှုနဲ့အတူ အလုပ်အကိုင်တွေရှားပြီး ဝင်ငွေနည်းပါးလာတာကြောင့် သောက်သုံးရေ ဝယ်မသောက်နိုင်တော့ဘဲ ရေခပ်ဆင်းကြသူတွေ ပိုများလာတယ်လို့လည်း ဆိုကြပါတယ်။
ဒလမြို့နယ်အတွက် တစ်နေ့ကို ရေဂါလန် ၃.၃ သန်း ဖြန့်ဝေပေးနိုင်မယ့် နိုင်ငံတကာအဆင့်မီ ရေသန့်စက်ရုံစီမံကိန်းကို ဂျပန်နိုင်ငံအကူအညီနဲ့ စတင် အကောင်အထည်ဖော်နေပြီလို့ ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ်မှာ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
ဒီစီမံကိန်းအတွက် ဂျပန်ယန်းငွေ ၄.၁၇၆ ဘီလီယံ ထောက်ပံ့ဖို့ NLD အစိုးရလက်ထက် ၂ဝ၁၈ ခုနှစ်မှာ ဂျပန်နိုင်ငံက သဘောတူထားတာ ဖြစ်ပါတယ်။