ရန်ကုန်က အခြေခံလူတန်းစားတွေရဲ့ အိမ်ပြန်ချိန်
အာဏာမသိမ်းခင်က YBS ယာဉ်စီးခ ၂၀၀ ကျပ်ပဲ ရှိခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်မှာယာဉ်စီးခ အနည်းဆုံး ၃၀၀ ကျပ်ပေးစီးနေရပြီး၊ အောက်ဆိုက်ကားတွေကိုတော့ ကျပ် ၇၀၀ ထိ ပေးနေရတယ်လို့ ဆိုပါတယ်။
-
RFA Burmese
2023-08-29 -
-
-
ရန်ကုန်မြို့မှာ နေ့စဉ်သွားလာလှုပ်ရှားနေရတဲ့ အခြေခံလူတန်းစားတွေဟာ အချိန်မီဖို့နဲ့ လုံခြုံရေးအတွက် YBS ဘတ်စ်ကားတွေကိုသာမက အောက်ဆိုက်ကားလို့ခေါ်တဲ့ ကြားဖြတ်ပြေးဆွဲတဲ့ယာဉ်တွေကိုပါ စျေးကြီးပေး စီးနင်းနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အာဏာမသိမ်းခင်က YBS ယာဉ်စီးခဟာ ၂၀၀ ကျပ်သာရှိခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်မှာတော့ စက်သုံးဆီစျေး မြင့်တာလာတာနဲ့မျှ ယာဉ်စီးခ အနည်းဆုံး ၃၀၀ ကျပ်ပေးစီးနေရပြီး၊ ညအချိန်ပြေးဆွဲတဲ့ အောက်ဆိုက်ကားတွေမှာတော့ ယာဉ်စီးခ ကျပ် ၇၀၀ ထိ ပေးစီးနေရတယ်လို့ ဆိုပါတယ်။
ဘတ်စ်ကားစီးချိန်မှာတော့ အဖွဲ့လိုက် ခါးပိုက်နှိုက်သူတွေ၊ အလစ်သုတ်သူတွေရှိတဲ့အပြင် တချို့ဘတ်စ်ကားတွေမှာ တစ်စီးလုံးကို ဓားပြတိုက်တာတွေလည်းရှိနေတာကြောင့် သတိကြီးကြီးနဲ့ စီးနေရတယ်လို့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။
ညပိုင်း ၇ နာရီကျော်ရင် YBS ယာဉ်လိုင်း ပြေးဆွဲမှုတွေ နည်းပါးသွားတာကြောင့် အလုပ်ချိန် နောက်ကျသူတွေဟာ အောက်ဆိုက်ကားကို အဓိကအားကိုးပြီး အိမ်ပြန်နေကြရတာလို့ သူက ဆိုပါတယ်။
အောက်ဆိုက်ကားတွေကို စျေးကြီးပေး စီးနေရပေမယ့် စီးနင်းသူ များလွန်းတာကြောင့်လည်း ကားခေါင်မိုးပေါ်တွေအထိ တက်စီးရတာတွေ ရှိပါတယ်။ ဒါပေမဲ့ အန္တရာယ်ကိုမမှုဘဲ အိမ်ပြန်ချိန်ကို စောနိုင်သမျှ စောရောက်အောင် ဒုက္ခကြီးစွာ စီးနေကြရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောကြပါတယ်။