ပဲခူးမြို့က ရေပြန်ကျသွားတဲ့ မြင်ကွင်းများ

ရေကြီးရေလျှံဖြစ်နေတဲ့ ပဲခူးတိုင်း ပဲခူးမြို့က ရေပြန်ကျသွားတဲ့ လက်ရှိအခြေအနေတွေကို အောက်တိုဘာလ ၁၃ ရက်နေ့မှာ တွေ့ရတဲ့မြင်ကွင်းတွေဖြစ်ပါတယ်။
ရေပြန်ကျသွားပေမယ့် ရေဘေးသင့်ပြည်သူတွေ ဝမ်းပျက်တာ၊ ဆီးချုပ်၊ ဝမ်းချုပ်ဖြစ်တာ၊ နှာစေးချောင်းဆိုးနဲ့ ရေဝဲ၊ သဲဝဲစားတာစတဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ရင်ဆိုင်နေရတယ်လို့ ပဲခူးမြို့ခံတွေက ပြောပါတယ်။
ပဲခူးတိုင်းမှာ မိုးရွာသွန်းမှုများပြီး ပဲခူးမြစ်ရေကြီးတာကြောင့် အောက်တိုဘာလ ၈ ရက်နေ့ကစလို့ ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့တာပါ။
ရန်ကုန်တိုင်း လှည်းကူးမြို့နယ် အင်းတိုင်ရွာအနီးက အမှတ် (၂) ရန်ကုန်-ပဲခူးသွားလမ်းမပေါ်မှာ ရေကျော်နေလို့ မော်တော်ယာဉ်တွေ သွားရေး၊ လာရေး ခက်ခဲနေတာကို အောက်တိုဘာလ ၁၃ ရက် မနက်ပိုင်းက မြင်တွေ့ရတာပါ။
စစ်ကောင်စီ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှထွန်းကလည်း မုတ်သုံရာသီ ထွက်ခွာခါနီးဖြစ်တာကြောင့် အခုလို မိုးသည်းသည်းထန်ထန် ရွာသွန်းတာဖြစ်ပြီး မြစ်ဝကျွန်းပေါ်ဒေသက မြေနိမ့်ပိုင်းနေထိုင်သူတွေ သတိထားကြဖို့ အောက်တိုဘာ ၈ ရက်နေ့က RFA ကို ပြောဆိုထားပါတယ်။