မျက်မမြင်မိခင်ကို ထီးပြင်ရောင်းရင်း စောင့်ရှောက်နေရတဲ့ ၁၁ နှစ်ကလေး
2023.06.27

အသက် ၁၁ အရွယ်သာရှိသေးတဲ့ မောင်ဖြိုးဝေအောင်ဟာ ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်း စံပြစျေးထဲ စက်ဘီးတစ်စီးနဲ့ နေပူ၊ မိုးရွာမရှောင် ထီးပြင်ရောင်းရင်း မျက်မမြင် မိခင်ဖြစ်သူကို ကျွေးမွေးစောင့်ရှောက်နေသူပါ။
မောင်ဖြိုးဝေအောင်ဟာ မျက်မမြင်မိခင်နဲ့အတူ တောင်ဥက္ကလာမြို့နယ်၊ ၁၄ ရပ်ကွက်၊ စီမံကိန်း(၁)၊ သခင်ဖိုးလကြီးလမ်းနားမှာ နေထိုင်ကြပါတယ်။ အဖေဖြစ်သူကတော့ သူ့ကိုမိခင်ဖြစ်သူ ကိုယ်ဝန်လွယ်ထားချိန်ကတည်းက ဆုံးပါးသွားခဲ့တာလို့ ပြောပါတယ်။
ဒါကြောင့် မောင်ဖြိုးဝေအောင်တစ်ယောက် အသက်အရွယ်နဲ့မမျှ မိသားစုတာဝန်ကို ဦးဆောင်ထမ်းပိုးရင်း မျက်လုံးနှစ်ဖက်စလုံး အလင်းကွယ်နေတဲ့ မိခင်ကို ကျွေးမွေးစောင့်ရှောက် နေရတာဖြစ်ပါတယ်။
နွေကာလဆိုရင် ကောက်ညှင်းထုပ်ရောင်းသလို ဒီလိုမိုးကာလအချိန်ဆိုရင်တော့ သင်္ဃန်းကျွန်းမြို့နယ်ထဲက အဟောင်းဒိုင်တွေမှာ ထီးအပျက်တွေ လိုက်ဝယ်စု၊ ပြန်ပြင်ပြီး စံပြစျေးထဲပြန်ရောင်းတယ်လို့ မောင်ဖြိုးဝေအောင်က RFA ကိုပြောပါတယ်။
“သား ထီးတစ်လက်ကို ၁၅၀၀ နဲ့ ရောင်းရတယ်။ ငါးလက်လောက်ရောင်းရရင် ပြန်လာတယ်။ အိမ်ပြန်ရင် မေမေ စားချင်တဲ့ဟင်းကို ဝယ်လာတယ်။ ဝယ်လာပြီး အိမ်မှာချက်တယ်။ ချက်ပြုတ်ပြီးသွားမှ ပစ္စည်း (ထီးအပျက်များ) သွားဝယ်တယ်။ ပစ္စည်းမရရင်တော့ နောက်နေ့မနက်ဖြန် စျေးရောင်းမထွက်ရဘူး ”
ထီးအပျက်တွေ လိုက်ဝယ်စုပြီး ကိုယ်တိုင်ပြင်ရသလို ကိုယ်တိုင်စျေးထဲ ထွက်ရောင်းရတာလို့ ဆိုပါတယ်။
စျေးရောင်းမထွက်ခင် အိမ်မှာကျန်ခဲ့တဲ့ မိခင်အတွက် သူကိုယ်တိုင်ချက်ပြုတ်ပြီး မိခင်ဖြစ်သူ စားသောက်ပြီးစီးမှ သူစျေးရောင်းထွက်တာပါ။
သူ့ရဲ့မိခင်ဖြစ်သူ အသက် ၃၆ နှစ်အရွယ် ဒေါ်သန်းသန်းဝါဟာ အရင်ကမျက်လုံး နှစ်ဖက်စလုံး ကောင်းခဲ့ပေမယ့် ကမ္ဘာ့ကပ်ရောဂါကိုဗစ်ဖြစ်ချိန် ၂၀၂၁ ခုနှစ်၊ နှစ်စပိုင်းမှာ အနံ့ မရတော့ရာကနေ အာရုံကြောသေပြီး မျက်လုံးနှစ်ဖက်လုံး အလင်းကွယ်ခဲ့ရတာလို့ ပြောပါတယ်။
ဒါကြောင့် အရွယ်မရောက်သေးတဲ့ သားဖြစ်သူကိုသာ အားကိုးနေရပြီး သားဖြစ်သူ ဒီလိုပင်ပင်ပန်းပန်း လုပ်ကိုင်နေရတာကို စိတ်မကောင်းဖြစ်ရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူးလို့ ဒေါ်သန်းသန်းဝါက ပြောပါတယ်။
“ဒုက္ခလည်း ရောက်ရတဲ့ကြားထဲ အဖေကလည်း မရှိဘူး။ အမေကလည်း မျက်စိကန်းနေတယ်။ အစစအရာရာ သူပဲ လူကြီးတစ်ယောက်ရဲ့ တာဝန်ထက်တောင် ပိုနေသေးတယ်။ ထမင်းလည်းချက်ရတယ်။ ရေကအစ၊ စျေးသွားရောင်းရတော့လည်း သူပဲ။ စျေးဝယ်တော့လည်း သူပဲ။ အမရဲ့ ဝေရာဝစ္စတွေကလည်း သူပဲ လုပ်ပေးတာဆိုတော့ လူကြီးတစ်ယောက်ထက်တောင် ပိုပင်ပန်းတယ်။ ကိုယ့်သားလေးကို သနားတယ်။ ဂရုဏာ စိတ်တော့ရှိတယ်။ ကိုယ်လည်း စိတ်မကောင်းရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး ”
အရင် မျက်လုံး အလင်းမကွယ်ခင်ကတော့ သားအမိနှစ်ယောက် စာကလေးအစာ စပါးတွဲလိုက်ရောင်းကြသလို ကောက်ညှင်းထုပ်လည်း ရောင်းကြတယ်လို့ ဆိုပါတယ်။
မိုးကာလဆိုရင် ထီးတွေပြင်ပြီးရောင်းကြရင်း ထီးပြင်တဲ့ပညာကိုပဲ သူ့သားကို လက်ဆင့်ကမ်း သင်ပေးခဲ့တာလို့ ဒေါ်သန်းသန်းဝါက ပြောပါတယ်။
သူ့မိခင်မျက်လုံးမကွယ်ခင်က မောင်ဖြိုးဝေအောင် ကျောင်းတက်ရပေမယ့် သူ့အမေမျက်လုံးကွယ်တော့ ဒုတိယတန်းအောင်နဲ့ ကျောင်းထွက်ခဲ့ရတယ်လို့ ဆိုပါတယ်။
မောင်ဖြိုးဝေအောင်ကတော့ သူ့အမေမျက်လုံးတွေ ပြန်မြင်နိုင်ဖို့ ဆေးကုနိုင်ဖို့အရေး ထီးပြင်ပြီးရောင်းရတဲ့ ငွေထဲက တစ်ရက် ကျပ်တစ်ထောင်၊ နှစ်ထောင် စုဆောင်းခဲ့ပေမယ့် ဆေးကုသစရိတ်ကြီးတဲ့အတွက် မတတ်နိုင်ခဲ့ပါဘူး။
ဒီအကြောင်းကိုသိတဲ့ အိမ်နီးချင်းအသိဟာ ပြီးခဲ့တဲ့ လလယ်ပိုင်းကပဲ ဆင်းရဲချို့တဲ့ မိသားစုတွေကို လိုက်လံကူညီပေးနေတဲ့ ကိုထွန်းမင်းနဲ့ ချိတ်ဆက်ပေးနိုင်ခဲ့တာကြောင့် ဒီရက်ပိုင်း ငွေကြေးအကူအညီတချို့နဲ့ ကူညီဖေးမမှုတချို့ ရခဲ့တယ်လို့ အိမ်နီးချင်းဖြစ်သူ မချောစုက RFA ကိုပြောပါတယ်။
“ သနားမိတာ၊ ဂရုဏာဖြစ်မိတာပေါ့။ ကျောင်းနေရတဲ့အရွယ်မှာ ကျောင်း မနေရတော့လေ။ သူ့ကိုလည်း သနားမိတယ်။ သူ့အမေကိုလည်း သနားမိတယ်။ အော် ဒီလိုမျိုးဒုက္ခရောက်နေတဲ့ လူတစ်ယောက်ကို ကူညီသင့်ပါတယ် ဆိုပြီးတော့ ကျွန်မကကူညီပေးလိုက်တာပါ ”
အခုတော့ အရင်ကျပ်ငါးသောင်းနဲ့ ငှားနေခဲ့တဲ့ အိမ်ကနေ ခိုင်ခံ့တဲ့အိမ်အသစ်ကို ကျပ်တစ်သိန်းတစ်သောင်းနဲ့ ငှားရမ်းနေခဲ့သလို မျက်လုံးကိုလည်း ဆေးကုသမှု ခံယူခဲ့ပါတယ်။
ဒါပေမဲ့ ဆေးခန်း၊ ဆေးရုံ အထူးကုတွေနဲ့ သွားပြခဲ့ပေမယ့် အာရုံကြောကြောင့် မျက်စိက လုံးဝ အလုပ်မလုပ်တော့တဲ့အတွက် ကုသမှုက အကြောင်းမထူးဘူးလို့ ဒေါ်သန်းသန်းဝါက ဆိုပါတယ်။
ဒါကြောင့် အသက် ၁၁ အရွယ် မောင်ဖြိုးဝေအောင်တစ်ယောက် မျက်မမြင်အမေကို တစ်ဖက်က ပြုစုစောင့်ရှောက်ရင်း မိသားစုရဲ့ စားဝတ်နေရေးတာဝန်ကို ဆက်ပြီး ထမ်းပိုးရဦးမယ့် အခြေအနေပါ။
ဒါပေမဲ့ သူကစိတ်ဓာတ်မကျတဲ့အပြင် ပညာတတ်တစ်ယောက် မဖြစ်နိုင်ခဲ့ရင်တောင် အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးတော့ ဖြစ်ချင်တယ်လို့ မောင်ဖြိုးဝေအောင်က RFA ကိုပြောပါတယ်။
“ ထီးရယ်၊ မျက်မှန်ရယ်တွဲရောင်းမယ်။ တွဲရောင်းပြီး လုပ်ငန်းရှင်ကြီးဖြစ်အောင် သားကလုပ်မှာ။ ထီးလည်း ရောင်းမယ်။ ပြီးတော့ မျက်မှန်လည်းရောင်းမယ်။ လုပ်ငန်းရှင်ကြီးဖြစ်ရင် အမေကြီးမျက်စိကို ပျောက်အောင်ကုပေးမှာ သားက”
မောင်ဖြိုးဝေအောင်တစ်ယောက် ဒီလိုရည်မှန်းချက်တွေရှိပေမယ့် သာမန်လူတွေ အတွက်တောင် ခက်ခဲနေတဲ့ ဒီကာလမှာ တစ်ဖက်က မျက်မမြင်မိခင်၊ တစ်ဖက်က စားဝတ်နေရေးအတွက် မနိုင်ဝန်တွေကို ထမ်းပိုးရုန်းကန်ရင်း မနက်ဖြန်တိုင်းကို ဖြတ်သန်းနေရဦးမှာပါ။