ကိုမင်းဒင်ဟာ စစ်သားတစ်ယောက်ဖြစ်ဖို့ ရည်ရွယ်ချက် မရှိခဲ့ပါဘူး။ ဇနီးဖြစ်သူနဲ့ မွေးကင်းစသားငယ် အတွက် ပုံမှန်ဝင်ငွေလေး ရှိချင်တာကြောင့် လွန်ခဲ့တဲ့ ၃၃ နှစ်က စစ်တပ်ထဲဝင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာတော့ ဝါရင့်စစ်သားကြီးရဲ့ဘဝဟာ ဝမ်းနည်းစရာ အဆုံးသတ်ခဲ့ပါတယ်။ အသက် ၅၇ နှစ်အရွယ် တပ်ကြပ်ကြီးမင်းဒင်ဟာ ရှမ်းပြည်နယ်က တပ်စခန်းတစ်ခုမှာ တာဝန်ကျနေစဉ် တော်လှန်ရေးတပ်ဖွဲ့တွေက စီးနင်းတိုက်ခိုက်ချိန်မှာ ရှော့တိုက်ဒုံးထိမှန်ပြီး သေဆုံးခဲ့တာပါ။ သူ့ရဲ့ရုပ်အလောင်းကို တပ်ရင်းဂိတ်စခန်းအနီးမှာပဲ မြှုပ်နှံခဲ့ပါတယ်။
ကိုမင်းဒင်ရဲ့ဇနီး မုဆိုးမတစ်ဖြစ်လဲဒေါ်လှခင်ဟာ ခင်ပွန်းဖြစ်သူရဲ့ ပင်စင်ခံစားခွင့်ရဖို့ စောင့်မျှော်နေပါတယ်။
အရွယ်ရောက်နေပြီဖြစ်တဲ့ သားဖြစ်သူကိုရန်နိုင်ထွန်းဟာ စစ်မှုထမ်းဥပဒေကြောင့် မြန်မာနိုင်ငံကနေ ထွက်ပြေးခဲ့သူပါ။ သူ့ဖခင်ကို ရှေ့တန်းစစ်မျက်နှာ ပို့ခဲ့တဲ့ စစ်ခေါင်းဆောင်တွေကို နာကြည်းနေပါတယ်။
ကျွန်တော့်အဖေလိုစစ်သားအိုကြီးတွေက အသက်တွေ၊ ဘဝတွေ ပေးဆပ်ပြီးတော့ တိုက်ရတာ။ ပြည်သူ့ကောင်းကျိုးအတွက်လုပ်ရင်း အသက်ဆုံးရတာ မဟုတ်ဘူး”
“စစ်အာဏာရှင်တစ်စုရဲ့စည်းစိမ်ကို ကာကွယ်ရင်း ကျွန်တော့်အဖေသေရတာ မတန်ဘူး”
ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြောက်ထားတဲ့ အရပ်သားအစိုးရကို ဖယ်ရှားပြီး တိုင်းပြည်ကို ပြည်တွင်းစစ်ထဲတွန်းပို့ခဲ့တဲ့ အာဏာသိမ်းစစ်ကောင်စီလက်အောက်မှာ တစ်နိုင်ငံလုံးက အရပ်သားပြည်သူတွေ အတိဒုက္ခ ရောက်ခဲ့ကြပါတယ်။ ရွာတွေကို မီးရှို့တာ၊ လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာတွေ အပါအဝင် ကမ်းကုန်အောင် ရက်စက်ကြမ်းကြုတ်မှု တွေကို ပြည်သူတွေ နေ့စဉ် ကြုံတွေ့နေကြရပါတယ်။ စစ်ကောင်စီရဲ့ အောက်ခြေအဆင့် အကြပ်၊ တပ်သားတွေလည်း ဒုက္ခခံစားရမှုတွေက မလွတ်ကြပါဘူး။
ဒီဆောင်းပါးဟာ စစ်ကောင်စီတပ်မှာ နှစ်ပေါင်းသုံးဆယ်ကျော် တာဝန်ထမ်းခဲ့ပြီးနောက် သေဆုံးခဲ့ရတဲ ဝါရင့်စစ်သည်နှစ်ဦးရဲ့ မိသားစုဝင်တွေက RFA ကို ပြောပြခဲ့တာတွေကို အခြေခံပြီး ရေးသားထားတာပါ။ မိသားစုဝင်တွေရဲ့လုံခြုံရေးအတွက် သူတို့ရဲ့နာမည်အားလုံးကို လွှဲပြောင်းထားပါတယ်။
လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အများက ဝေဖန်ရှုတ်ချနေပေမယ့် လက်ရှိမှာ ‘တပ်မတော်’ ဟာ နိုင်ငံတွင်းမှာ အင်အားအများဆုံးအဖွဲ့အစည်း ဖြစ်နေဆဲပါ။ စစ်ခေါင်းဆောင်တွေဟာ အရာရှိအရာခံတွေကို မက်လုံးပေးစည်းရုံးတာ၊ တပ်သားသစ်တွေကို မက်လုံးပေးခေါ်ယူတာတွေ တောက်လျှောက်လုပ်ခဲ့ပါတယ်။
ဒါပေမဲ့ ဒီလိုမက်လုံးပေးစည်းရုံးတာတွေ အရင်လို အလုပ်မဖြစ်တော့ပါဘူး။ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ အဂတိလိုက်စားမှု၊ ရက်စက်ကြမ်းကြုတ်မှုကြောင့်တင်မကဘဲ စစ်မြေပြင်မှာ သေဆုံးထိခိုက်သူ များလာတာတွေကြောင့် ဖြစ်ပါတယ်။ တစ်ချိန်က တိုင်းပြည်ကို အင်အားသုံး ဖိနှိပ်အုပ်ချုပ်ခဲ့ပေမယ့် လက်ရှိမှာ စစ်တပ်ထိန်းချုပ်ထားနိုင်တဲ့နယ်မြေဟာ တစ်နိုင်ငံလုံးရဲ့ ထက်ဝက်တောင်မရှိ တော့ဘူးလို့ လေ့လာသူတချို့က ခန့်မှန်းပါတယ်။ များပြားလှတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေမှာ စစ်တပ်ဘက်က သေဆုံးထိခိုက်မှုဟာ သောင်းနဲ့ချီရှိလာပြီလို့ ခန့်မှန်းရပါတယ်။
စစ်ကောင်စီဟာ သူရဲ့တပ်ဖွဲ့ဝင်တွေကိုတောင် ကာကွယ်စောင့်ရှောက်မှု မပေးနိုင်တော့တာကို တွေ့လာရပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့သား အောင်ပြည့်စုံ တည်ထောင်တဲ့ အောင်မြင့်မိုရ်မင်းအသက်အာမခံကုမ္ပဏီဟာ စစ်သားတွေရဲ့လစာကနေ ခေါင်းပုံဖြတ် အမြတ်ထုတ်နေတယ်လို့ စွပ်စွဲခံထားရပါတယ်။ စစ်ကောင်စီတပ်သားတွေဟာ မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်လို့ခေါ်တဲ့ စစ်တပ်လက်ဝါးကြီးအုပ် စီးပွားရေးလုပ်ငန်းစုကြီးအတွက် အစုရှယ်ယာအဖြစ် လစဉ်ထည့်ဝင်နေရပါတယ်။
အောင်မြင့်မိုရ်မင်းကုမ္ပဏီဟာ နှစ်စဉ်အမြတ်ငွေပေးဖို့ သတ်မှတ်ထားပေမဲ့ စစ်တပ်အာဏာသိမ်းကတည်းက ပေးချေတာ လုံးဝမရှိတော့ဘဲ စစ်သားတစ်ယောက် သေဆုံးရင်တောင် အသက်အာမခံကြေး မပေးဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။ ကျန်ရစ်တဲ့ စစ်သားမိသားစုတွေဟာ သူတို့ရသင့်တဲ့ ပင်စင်ငွေရဖို့တောင် ခက်ခက်ခဲခဲ ကြိုးစားနေရပါတယ်။
မကြာသေးခင်က သေဆုံးခဲ့တဲ့ တပ်ကြပ်ကြီးကိုလေးဟာ ၁၉၉၀ ပြည့်လွန်နှစ် အစောပိုင်းမှာ စစ်တပ်ထဲဝင်ခဲ့ပါတယ်။ အဲဒီကာလဟာ တိုင်းရင်းသားလက်နက်ကိုင်တွေကို စစ်တပ်က တိုက်ခိုက်လွှမ်းမိုးထားပြီး သူ့ရဲ့စီးပွားရေးအကျိုးအမြတ်ကို ချဲ့ထွင်နေချိန် ဖြစ်ပါတယ်။
စစ်တပ်ထဲဝင်ဖို့ သူစာရင်းပေးခဲ့ချိန်ဟာ ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအပြီးမှာပါ။ စစ်တပ်ထောက်ခံတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက အကြီးအကျယ် ရှုံးနိမ့်ခဲ့ပေမဲ့ စစ်အစိုးရက အာဏာလွှဲပေးဖို့ ငြင်းဆန်ပြီး အနိုင်ရပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချထားခဲ့ပါတယ်။ (ဒါဟာ လက်ရှိအခြေအနေနဲ့ တစ်ပုံစံတည်းပါ။ အရပ်သားအစိုးရကို ငါးနှစ်ကြာခေါင်းဆောင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းတဲ့နေ့ ကတည်းက ဖမ်းဆီးအကျဉ်းချခံထားရပါတယ်။)
ဒီလို နိုင်ငံရေးအခင်းအကျင်းကာလမှာ စစ်တပ်ထဲဝင်ဖို့ စာရင်းပေးခဲ့တဲ့ အသက်နှစ်ဆယ်အရွယ် ကိုလေးဟာ ပဲခူးတိုင်းအရှေ့ခြမ်း ကျေးရွာလေးတစ်ရွာက ဖြစ်ပြီး မိဘတွေက ကျောင်းစရိတ် မတတ်နိုင်တာကြောင့် မူလတန်းနဲ့ ကျောင်းထွက်ခဲ့ရသူ ဖြစ်ပါတယ်။
တပ်ကြပ်ကြီးကိုလေးရဲ့ဇနီးဖြစ်သူ ဒေါ်မြမေကတော့ သူ့ခင်ပွန်းဟာ နိုင်ငံရေးကြောင့် စစ်တပ်ထဲ ဝင်ခဲ့တာမဟုတ်ဘဲ၊ ပညာမတတ်သလို နိုင်ငံရေးလည်း လုံးဝ နားမလည်ဘူးလို့ ပြောပါတယ်။ စစ်တပ်ထဲဝင်ရင် အလုပ်ရနိုင်ပြီး မိသားစုကို ထောက်ပံ့နိုင်မယ်ဆိုပြီး ဝင်ခဲ့တာလို့ RFA ကို ပြောပါတယ်။
“ကျွန်မယောက်ျားက ပညာမတတ်ပါဘူး။ လေးတန်းတောင် မအောင်ပါဘူး။ သူ့ကို ဘယ်တုန်းကမွေးခဲ့သလဲ ဆိုတာတောင် မမှတ်မိပါဘူး။ သူစစ်တပ်ထဲဝင်တော့ အရာရှိတစ်ယောက်က သူ့ကိုကြည့်ပြီး မွေးသက္ကရာဇ်ကိုခန့်မှန်းပြီး စာရင်းသွင်းပေးလိုက်တာ။ အဲဒီမွေးသက္ကရာဇ်နဲ့ပဲ သေတဲ့အထိ သူနေသွားတာ”
တပ်ကြပ်ကြီးကိုလေးဟာ အသက်လေးဆယ်အရွယ်ကျမှ ဒေါ်မြမေနဲ့ အိမ်ထောင်ကျခဲ့ပါတယ်။ စစ်တပ်ထုံးစံအတိုင်း တပ်ရင်းတစ်ခုပြီးတစ်ခု ပြောင်းတိုင်း မိသားစုက အတူလိုက်ပါလေ့ရှိပါတယ်။ ဒါပေမဲ့ ၂၀၂၁ ခုနှစ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးက ပြည်သူတွေက စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်ချိန်မှာတော့ ဆယ်နှစ်အရွယ် တစ်ဦးတည်းသောသားဖြစ်သူကို ရန်ကုန်တိုင်းက ဆွေမျိုးတွေရှိရာဇာတိမြို့လေးဆီ ပို့ထားခဲ့ရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေမှာ တိုင်းရင်းသားလက်နက်ကိုင်တွေ အောင်ပွဲခံနေချိန် ၂၀၂၄ ခုနှစ်အစောပိုင်းမှာ တပ်ကြပ်ကြီးကိုလေးဟာ ကျောက်မဲမြို့အခြေစိုက် ခမရ ၅၀၁ ခြေမြန်တပ်ရင်းမှာ တာဝန်ကျနေပါတယ်။ ဒေါ်မြမေနဲ့ သူ့ရဲ့အသက် ၈၉ နှစ်အရွယ် ဖခင်ဦးဘမောင်လည်း အဲဒီတပ်ရင်းမှာပဲ အတူလိုက်ပါ နေထိုင်ကြပါတယ်။
၂၀၂၄ ဖေဖော်ဝါရီလ တိုက်ပွဲတွေ အရှိန်မြင့်လာချိန်မှာ တပ်ရင်းအနီးတစ်ဝိုက်က ရွာသားတစ်ထောင်ကျော် ဘေးလွတ်ရာကို တိမ်းရှောင်သွားကြပါတယ်။ စစ်ရေးအခြေအနေအရ တပ်အင်အားဖြည့်ပေးရမှာ ဖြစ်ပေမဲ့ တပ်မိသားစုဝင်တွေ အပါအဝင် တပ်ရင်းတစ်ရင်းလုံးပေါင်းမှ လူအင်အားနှစ်ရာတောင် မပြည့်ပါဘူး။ တပ်ရင်းတစ်ရင်းမှာ အမှန်တကယ်ရှိရမယ့် စစ်အင်အားရဲ့ သုံးပုံတစ်ပုံသာ ရှိခဲ့တာပါ။ ဇွန်လကုန်ပိုင်းမှာတော့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF- MDY) ပူးပေါင်းတပ်တွေဟာ တပ်ကြပ်ကြီးကိုလေးတို့ရဲ့ ခမရ-၅၀၁ တပ်ရင်းနဲ့ တဖြည်းဖြည်း နီးကပ်လာပါတယ်။
တပ်ကြပ်ကြီးကိုလေးဟာ တပ်ရင်းရဲ့အပြင်စည်းမှာ နေရာယူပြီး ခုခံရတယ်လို့ ဒေါ်မြမေက ပြောပါတယ်။ ဒေါ်မြမေကိုယ်တိုင်လည်း တပ်ရင်းအတွင်းစည်းထဲမှာ တခြားစစ်သားဇနီးသည်တွေနဲ့အတူ ကျည်ဖြည့်၊ ကျည်သယ် ကူလုပ်ပေးခဲ့ရပါတယ်။
“ယောက်ျားတာဝန်ကျတဲ့နေရာက အပြင်စည်းနေရာမှာ၊ အဲဒီမှာ ဘုန်းကြီးကျောင်းရှိတယ်။ ဘုန်းကြီးကျောင်း အုတ်နံရံတွေထဲမှာ အပေါက်ဖောက်ပြီး သေနတ်ပြောင်း ထည့်တယ်။ ပြီးရင် လှမ်းပစ်တယ်။ ကောင်းကင်ကနေလည်း ဒုံးတွေချတယ်။ စနိုက်ပါကလည်း ထောက်ထားတယ်” လို့ ဒေါ်မြမေက ပြောပါတယ်။
တော်လှန်ရေးတပ်တွေဘက်က အင်အားများလွန်းတဲ့အတွက် ဇွန်လ ၂၆ ရက်နေ့မှာ သူ့ခင်ပွန်းနဲ့ စစ်သားတချို့ ခုခံပစ်ခတ်ရင်း တပ်ထဲကို ပြန်ဆုတ်ခဲ့ကြပါတယ်။ နောက်တစ်ရက် ဇွန်လ ၂၇ ရက် မနက် ၇ နာရီခွဲမှာ တပ်ကြပ်ကြီးကိုလေး စနိုက်ပါထိမှန်ပြီး သေဆုံးခဲ့ပါတယ်။
ခင်ပွန်းသည်ရဲ့ရုပ်အလောင်းကို ဒေါ်မြမေ မြင်ခွင့် မရခဲ့ပါဘူး။ တပ်ရင်းအပြင်ဘက်က စက်ပစ်ကွင်းမှာ သူ့ခင်ပွန်းကို မြှုပ်နှံခဲ့တယ်လို့သာ ဒေါ်မြမေ သိခဲ့ရပါတယ်။
ဒေါ်မြမေနဲ့ သူ့ရဲ့ဖခင်ကိုယ်တိုင်လည်း ဒဏ်ရာတွေ ရခဲ့ကြပါတယ်။ တပ်ရင်းအဆောက်အအုံတစ်ခုမှာ ပုန်းခိုနေချိန် ရှော့တိုက်ဒုံးကျတဲ့အတွက် ပြတင်းပေါက်မှန်ကွဲစတွေ လွင့်စင်ပြီး ဒေါ်မြမေရဲ့မျက်နှာမှာ ဒဏ်ရာရခဲ့ပါတယ်။ အဲဒီနောက်မှာတော့ တပ်ရင်းက စီစဉ်ပေးတဲ့ ကားတွေနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့အခြေစိုက် ခမရ-၅၀၉ ခြေမြန်တပ်ရင်းကို ဒေါ်မြမေနဲ့ တပ်မိသားစုဝင်တွေ အရေးပေါ် ပြောင်းရွှေ့ခဲ့ရပါတယ်။
တစ်လကြာတိုက်ပွဲအတွင်း ခမရ ၅၀၁ တပ်ရင်းမှူးအပါအဝင် တပ်ရင်းမှာကျန်ခဲ့တဲ့ စစ်သည်၊ အရာရှိအားလုံး သေဆုံးခဲ့တယ်လို့ ဒေါ်မြမေက ပြောပါတယ်။
ဒေါ်မြမေ၊ ဆယ်နှစ်အရွယ် သားဖြစ်သူနဲ့ ဖခင်ဦးဘမောင်တို့ သုံးဦးဟာ အခုတော့ ရန်ကုန်အနီးအနားက ဆွေမျိုးသားချင်းတွေရဲ့ နေအိမ်မှာ ခေတ္တခိုလှုံနေကြပါတယ်။ ခင်ပွန်းဖြစ်သူရဲ့ နောက်ဆုံးအချိန်မှာ အတူရှိမနေခဲ့တာ၊ ကိုယ်တိုင်သင်္ဂြိုဟ်ခွင့် မရခဲ့တာအတွက် အခုချိန်အထိ ဒေါ်မြမေ ဝမ်းနည်းစိတ်ထိခိုက်နေပါတယ်။
မိသားစုဘဝ ဆက်လက်ရှင်သန်နိုင်ဖို့လည်း ဒေါ်မြမေ ကြိုးစားရုန်းကန်နေရပါတယ်။
သေဆုံးသွားတဲ့ ခင်ပွန်းဖြစ်သူရဲ့ ပင်စင်ရဖို့ ဒေါ်မြမေ သုံးလကြာ ကြိုးစားခဲ့ရပါတယ်။ တစ်လကို ပင်စင်ငွေ ကျပ် တစ်သိန်းခွန်နစ်သောင်းကျော် (၁၇၄,၈၄၀) နဲ့ သားအတွက် ကလေးစားရိတ် နှစ်သောင်းနီးပါး (၁၉,၂၀၀) ရပါတယ်။ အစစအရာရာ ကုန်ဈေးနှုန်း မြင့်တက်နေချိန်မှာ ဒီထောက်ပံ့ငွေဟာ အသက်ရှင်ဖို့ လုံလောက်ရုံသာ ရှိပါတယ်။ ဒါပေမဲ့ ခင်ပွန်းက တိုက်ပွဲမှာ သေဆုံးခဲ့တာကြောင့် နစ်နာကြေးနဲ့ ဆုကြေးအဖြစ် စစ်တပ်ရဲ့ အပိုထောက်ပံ့ငွေ သိန်းတစ်ရာ့သုံးဆယ်ကျော် ရရှိခဲ့ပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းခင်ကဆိုရင် ရှေ့တန်းမှာသေဆုံးတဲ့ စစ်သားတွေအတွက် ငွေအမြောက်အမြား ချီးမြှင့်ပြီး ဆင်းရဲတဲ့မိသားစုက လူငယ်တွေ စစ်တပ်ထဲဝင်လာအောင် အကြီးအကျယ် ဖျားယောင်းသွေးဆောင်ခဲ့ပါတယ်။
ဒေါ်မြမေရဲ့ဖခင် ဦးဘမောင်ကတော့ တပ်ကြပ်ကြီးကိုလေး သေဆုံးပြီးနောက် သမီးဖြစ်သူ ရင်ဆိုင်နေရတဲ့ ဆင်းရဲဒုက္ခတွေအတွက် ဝမ်းနည်းစိတ်ထိခိုက်နေပါတယ်။
“ဖအေကြီးလုပ်တဲ့သူ ကိုယ်တိုင်မှ နေစရာထိုင်စရာ မရှိတော့တာ။ အခုသမီးလေးက ဒုက္ခရောက်လာတဲ့ အခါကျတော့ လင်သေ၊ ဘာသေနဲ့ ရှိတဲ့ပစ္စည်းတွေ အကုန်လုံးဆုံးရှုံးသွားတဲ့အခါကျတော့ တော်တော်လေးကို စိတ်ပျက်စရာကောင်းတာပေါ့”
“သမီးက သူ့ယောက်ျားကို ယူကတည်းက ငါ့အဖေကိုလည်း လုပ်ကျွေးမယ်ဆိုပြီး ပုံအပ်ပြီး ယူခဲ့တာ၊ အဲဒီလိုသိတတ်တဲ့သမီး။ အခုတော့ အဖေလည်း ဘာမှမကူညီနိုင်ဘူး... အဲဒါအတွက် စိတ်မကောင်းဘူး”
တပ်ကြပ်ကြီးကိုလေး ထားခဲ့တဲ့ အသက်အာမခံကြေးကလည်း လုံလုံလောက်လောက် ပြန်မရခဲ့ပါဘူး။ သူသေတဲ့အခါ မိသားစုကိုထောက်ပံ့နိုင်ဖို့ ရည်ရွယ်ချက်နဲ့ အသက်ရှင်စဉ်ကတည်းက စစ်ခေါင်းဆောင်ရဲ့သား အောင်ပြည့်စုံ ပိုင်ဆိုင်တဲ့ အောင်မြင့်မိုရ်မင်း အသက်အာမခံကုမ္ပဏီမှာ အာမခံကြေး တစ်လကို ၈,၃၃၂ ကျပ်နှုန်းနဲ့ ငါးနှစ်ကြာ ပေးသွင်းခဲ့ပါတယ်။ တပ်ကြပ်ကြီးကိုလေး သေဆုံးပြီး လေးလအကြာမှာ အသက်အာမခံကြေး ကျပ်ငါးသိန်းဆိုပြီး ဒေါ်မြမေ ရခဲ့ပါတယ်။ ဒါဟာ ခင်ပွန်းဖြစ်သူ ပေးသွင်းခဲ့တဲ့ ငွေပမာဏအတိုင်း အတိအကျဖြစ်ပြီး တစ်ပြားတစ်ချပ်မှ အပိုမရခဲ့ပါဘူး။
တပ်ကြပ်ကြီးကိုလေးနဲ့ တပ်ရင်းတစ်ရင်းတည်းမှာ တာဝန်ထမ်းခဲ့ပြီး တစ်ရက်တည်းမှာပဲ သေဆုံးခဲ့တဲ့ တပ်ကြပ်ကြီးမင်းဒင်ရဲ့ ကျန်ရစ်သူဇနီးသည် ဒေါ်လှခင်ရဲ့ အခြေအနေက ပိုလို့တောင် ဆိုးပါသေးတယ်။
ခင်ပွန်းဖြစ်သူ တပ်ကြပ်ကြီးမင်းဒင် ကျောက်မဲမြို့က တပ်ရင်းမှာ ရှော့တိုက်ဒုံး ထိမှန်ပြီး သေဆုံးသွားပြီဆိုတာကို တပ်ရင်းမှာကျန်ခဲ့တဲ့ ဘဝတူစစ်သားဇနီးတစ်ယောက်က လှမ်းအကြောင်းကြားမှ သိခဲ့ရတာပါ။ တပ်ကြပ်ကြီးမင်းဒင်ရဲ့ ရုပ်အလောင်းကို သူတာဝန်ကျရာ တပ်ရင်းဗဟိုကင်းအနီးမှာပဲ မြှုပ်နှံခဲ့ကြပါတယ်။
“ကျွန်မတို့က ကျောက်မဲမှာ အခြေအနေမကောင်းလို့ သွားလို့မရဘူးလေ၊ သွားမကြည့်နိုင်ဘူး။ သတင်းကြားကြားချင်း အိမ်မှာ ဘုန်းကြီးသုံးပါးပင့် ဆွမ်းကျွေး၊ ဘုန်းကြီးကျောင်းမှာ သူ့အတွက်ရည်စူးပြီး ငွေတစ်သိန်းလှူလိုက်တယ်”
လောလောဆယ်မှာတော့ စစ်တပ်ကနေ ပင်စင်ရဖို့ ဒေါ်လှခင် ကြိုးစားနေပေမယ့် မအောင်မြင်သေးပါဘူး။ တပ်ကြပ်ကြီးမင်းဒင်သေဆုံးခဲ့တဲ့ တပ်ရင်းကို ကိုယ်တိုင်သွားပြီး ပင်စင်ကိစ္စတွေ ဆောင်ရွက်ရမှာမို့ စစ်ဖြစ်နေတဲ့ အဲဒီနေရာကို ချက်ချင်း ပြန်မသွားနိုင်ခဲ့ပါဘူး။
“လူတွေအများကြီး သေသွားတော့ အဲဒီတပ်ရင်း ၅၀၁ မှာ ဘယ်သူမှ မရှိတော့ဘူး။ တပ်ရင်းရုံးက ဝန်ထမ်းတွေကလည်း ပြောင်းတဲ့သူက ပြောင်း၊ သေတဲ့သူက သေ၊ တချို့လည်း အခုချိန်ထိ ပျောက်ဆုံးနေတော့ စာရွက်စာတမ်းတွေလည်း မရှိတော့ဘူး” လို့ ဒေါ်လှခင်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာတော့ ဒေါ်လှခင်တစ်ယောက် ကျောက်မဲအခြေစိုက် ခမရ-၅၀၁ ကနေ ပြောင်းရွှေ့လာတဲ့ တပ်မိသားစုတွေရှိရာ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့က ခမရ-၅၀၉ ကို ပြန်သွားပြီး ပင်စင်ကိစ္စတွေ ဆောင်ရွက်ခဲ့ပါတယ်။ ပင်စင်ငွေရဖို့ အခုထိ စောင့်ဆိုင်းနေဆဲပါ။
ဒေါ်လှခင်ဟာ ခင်ပွန်းဆုံးပါးသွားပြီးနောက် ဇာတိ ဧရာဝတီတိုင်းကို ပြန်လာပြီး သူငယ်ငယ်က နေထိုင်ခဲ့တဲ့ မိအို၊ ဖအိုတွေရဲ့ နေအိမ်မှာ ခေတ္တခိုလှုံနေပါတယ်။
ခင်ပွန်းဖြစ်သူဟာ မဆုံးခင် နှစ်အတော်ကြာကြာကတည်းက စစ်တပ်ကနေ အနားယူဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့တာကြောင့် စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့တယ်ဆိုတဲ့အသိက ဒေါ်လှခင်ရင်ထဲမှာ စွဲမြဲနေပါတယ်။ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီး လအနည်းငယ်အကြာမှာ အသက် ၅၄ နှစ်ရှိပြီဖြစ်တဲ့ တပ်ကြပ်ကြီးမင်းဒင်ဟာ သွေးတိုးနဲ့ နှလုံးရောဂါရှိနေတာကြောင့် စစ်တပ်ထဲကထွက်ဖို့ တောင်းဆိုခဲ့ဖူးပါတယ်။ ပြင်ဦးလွင်စစ်ဆေးရုံက အထူးကုဆရာဝန်ကြီးထံမှာ ထောက်ခံစာသွားတောင်းခဲ့ပေမဲ့ အသက် ၆၁ နှစ်ပြည့်တဲ့အထိ စောင့်ဖို့သာ ပြောဆိုခဲ့ပါတယ်။
စစ်တပ်ကနေ အနားယူရမဲ့အစား တရုတ်-မြန်မာနယ်စပ် ကိုးကန့်ဒေသ လောက်ကိုင်မြို့မှာ တာဝန်ကျခဲ့ပါတယ်။ MNDAA ကိုးကန့်တပ်ဖွဲ့က လောက်ကိုင်အခြေစိုက် စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့တွေကို ဝန်းရံပိတ်ဆို့ တိုက်ခိုက်ချိန်မှာ တပ်ကြပ်ကြီးမင်းဒင်အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အလံဖြူထောင်ပြီး လက်နက်ချခဲ့ကြပါတယ်။ အဲဒီလို အရှက်တကွဲအခြေအနေနဲ့ ကြုံခဲ့အပြီးမှာ စစ်တပ်ထဲကထွက်ဖို့ ထပ်ကြိုးစားခဲ့ပေမဲ့ ငြင်းပယ်ခံခဲ့ရပြန်ပါတယ်။ အဲဒီနောက်မှာတော့ ကျောက်မဲမြို့ ခမရ-၅၀၁ မှာ တာဝန်ကျပြီး သေဆုံးခဲ့တာပါ။
သားသမီးတွေအပေါ် တာဝန်ကျေတဲ့၊ ကြင်နာတတ်တဲ့ ဖခင်သေဆုံးမှုကြောင့် စိတ်ထိခိုက်ကြေကွဲရတယ်လို့ တပ်ကြပ်ကြီးမင်းဒင်ရဲ့ သားကြီးဖြစ်သူ အသက် ၃၃ နှစ်အရွယ် ကိုရန်နိုင်ထွန်းက ပြောပါတယ်။ ငယ်ငယ်က ဆင်းရဲလွန်းလို့ စားစရာမရှိတဲ့အခါ ဖခင်က သွေးလှူရာက ရတဲ့ပိုက်ဆံနဲ့ သားသမီးတွေအတွက် စားစရာတွေဝယ်လာပြီး ချက်ပြုတ်ကျွေးမွေးခဲ့တယ်လို့ ကိုရန်နိုင်ထွန်းက RFA ကို ပြန်ပြောပြပါတယ်။
တခြားလူငယ်တွေလိုပဲ ကိုရန်နိုင်ထွန်းဟာ စစ်မှုထမ်းဥပဒေကို ရှောင်ရှားဖို့ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို ထွက်ပြေးခဲ့ပါတယ်။ ကိုယ်ကျိုးစီးပွားကိုသာ ကာကွယ်နေတဲ့ စစ်အာဏာရှင်တွေကို ဆန့်ကျင်ကြောင်း ပြသခဲ့ပါတယ်။
“အခုဆိုရင် တိုင်းပြည်ကနေ ထွက်ပြေးနေရတဲ့ လူငယ်တွေ၊ အသက်တွေ စတေးနေရတဲ့ လူငယ်တွေ ပြည်သူတွေ အများကြီးပဲ။ ကျွန်တော်တို့မျှော်လင့်ချက်က ဒီတိုက်ပွဲတွေရပ်ပြီး ငြိမ်းချမ်းလာမယ့် နေ့ပဲ။ ကျွန်တော်က ဒီအနေအထားကိုပဲ မျှော်လင့်ပြီး နေနေရတဲ့ လူငယ်တစ်ယောက်ပေါ့” လို့ ကိုရန်နိုင်ထွန်းက RFA ကို ပြောပါတယ်။