တိုင်းပြည်ကို ပြည်တွင်းစစ်ထဲ တွန်းပို့ခဲ့တဲ့ ၂၀၂၁ ခုနှစ်အာဏာသိမ်းမှုဟာ စစ်တပ်ကိုလည်း အကြီးအကျယ် ထိခိုက်ဆုံးရှုံးစေခဲ့ပါတယ်။ စစ်ကောင်စီဟာ နိုင်ငံတစ်ဝန်းက နယ်မြေအများအပြားကို လက်လွတ်ခဲ့ရတဲ့အပြင် တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင်သောင်းနဲ့ချီပြီး သေဆုံးဒဏ်ရာရခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ စစ်မှုထမ်းမယ့်သူတွေအတွက် အန္တရာယ်အများဆုံးနေရာတစ်ခု ဖြစ်လာနေပါပြီ။ ရှေ့တန်းထွက်မယ့် စစ်သားတစ်ယောက်အတွက် အသက်အာမခံထားတာဟာ ကျိုးကြောင်းဆီလျော်ပေမဲ့ အာမခံပေးမယ့်သူအတွက်ကတေ့ာ စွန့်စားရတဲ့လုပ်ငန်းတစ်ခုပါပဲ။
ဒါပေမဲ့ တပ်မတော်သားအားလုံး အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့သား ပိုင်တဲ့ကုမ္ပဏီမှာ မဖြစ်မနေ အသက်အာမခံ ဝယ်ယူရတဲ့ မြန်မာနိုင်ငံမှာတော့ အဲဒီလို မဟုတ်ပါဘူး။
ပုဂ္ဂလိကကုမ္ပဏီတွေကို အာမခံလုပ်ငန်းလုပ်ခွင့် ဖွင့်ပေးခဲ့တဲ့ ၂၀၁၃ ခုနှစ်မှာ အောင်မြင့်မိုရ်မင်းကုမ္ပဏီဟာ တပ်မတော်သားတွေ မထားမနေ ထားရတဲ့ အသက်အာမခံလုပ်ငန်းကို လုပ်ကိုင်ခွင့်ရခဲ့ပါတယ်။ အောင်မြင့်မိုရ်မင်းကုမ္ပဏီဟာ မြန်မာစစ်တပ်ပိုင် လုပ်ငန်းစုကြီးနှစ်ခုထဲက တစ်ခုဖြစ်တဲ့ မြန်မ့ာစီးပွားရေးကော်ပိုရေးရှင်း (MEC) ရဲ့ လက်အောက်ခံလို့ ယူဆရပါတယ်။
၂၀၁၉ ခုနှစ် ကုလသမဂ္ဂ အစီရင်ခံစာတစ်စောင် အရ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ တစ်ဦးတည်းသောသား အသက်လေးဆယ်အရွယ် အောင်ပြည့်စုံဟာ ကုမ္ပဏီရဲ့ အဓိကရှယ်ယာအများစုကို ပိုင်ဆိုင်ထားတယ်လို့ ဖော်ပြထားပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ ဆက်နွယ်ပြီး အကျိုးအမြတ်ရရှိနေတဲ့ အောင်ပြည့်စုံကို ၂၀၂၁ ခုနှစ် မတ်လမှာ အမေရိကန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့ အရေးယူ ခဲ့ပါတယ်။ အောင်ပြည့်စုံဟာ ဆက်သွယ်ရေး၊ အိမ်ခြံမြေလုပ်ငန်းနဲ့ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေကနေ စီးပွားရေးအကျိုးအမြတ် ရနေသူပါ။
ပြီးခဲ့တဲ့နှစ်အတွင်း သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ရဲ့ မိသားစုဝင်တွေက RFA ကို ပြောပြရာမှာ အသက်အာမခံကြေး ပြန်မရကြဘူးလို့ ဆိုပါတယ်။ အောင်မြင့်မိုရ်မင်းကုမ္ပဏီဟာ အစိုးရဝန်ထမ်းတွေနဲ့ အများပြည်သူတွေကိုလည်း အသက်အာမခံ ရောင်းချပေးနေတာပါ။
ကုမ္ပဏီကို RFA က ဆက်သွယ်မေးမြန်းရာမှာ အသက်အာမခံထားရှိသူ သေဆုံးပြီး ရက်ပိုင်းအတွင်းမှာပဲ လျော်ကြေးပေးနိုင်အောင် စီစဉ်ပေးတယ်လို့ ပြောပါတယ်။
"မြန်မာစစ်တပ်ရဲ့ အသက်အာမခံပေါ်လစီတွေကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့သား က ထိန်းချုပ်ထားတယ်ဆိုတာ အံ့သြစရာ မရှိပါဘူး။ စစ်တပ်ထဲမှာ လာဘ်စားမှုတွေက ထိပ်ဆုံးကနေ အောက်ခြေအထိ ရှိနေတာပါ” လို့ အမေရိကန်အခြေစိုက် Rand Corporation မူဝါဒရေးရာ သုတေသနအဖွဲ့က နိုင်ငံရေးသုံးသပ်သူ Jonah Blank က RFA ကို ပြောပါတယ်။
"အကျင့်ပျက်ခြစားမှုက အဆင့်တိုင်းမှာ ဖြစ်နေတာ၊ ရသမျှအကျိုးအမြတ်တွေက ထိပ်ဆုံးကိုပဲ တိုက်ရိုက်သွားတယ်"
အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကထွက်ပြီး CDM အကြမ်းမဖက်လူထုလှုပ်ရှားမှုမှာ ပါဝင်လာတဲ့ ဗိုလ်မှူးတင်လင်းအောင်ရဲ့ ပြောပြချက်အရ စစ်သည်တစ်ဦးအတွက် အသက်အာမခံခံစားခွင့်ဟာ ပထမဆုံး ပရီမီယံကြေး ပေးသွင်းချိန်မှာ စတင် အသက်ဝင်ပြီး၊ အကျိုးခံစားခွင့်ကို ဇနီး ဒါမှမဟုတ် နာမည်စာရင်းသွင်းထားတဲ့ အခြားမိသားစုဝင်တစ်ဦးဦးက ရရှိခံစားနိုင်တယ်လို့ ဆိုပါတယ်။
လွတ်လပ်တဲ့ အာမခံလုပ်ငန်း အကျိုးဆောင်တစ်ဦးဖြစ်တဲ့ ဒေါ်အိအိအောင်ကလည်း စစ်သားတွေအတွက် အသက်အာမခံကို နိုင်ငံပိုင် မြန်မာ့အာမခံလုပ်ငန်းက လုပ်ကိုင်ခဲ့စဉ်က ပထမဆုံး ပရီမီယံကြေး ပေးသွင်းချိန်မှာ အာမခံသက်တမ်း စတင်အသက်ဝင်ပြီး သူတို့သေဆုံးတဲ့အခါမှာ လျော်ကြေးငွေ အပြည့်အဝ ပြန်ရခဲ့ကြတယ်လို့ ပြောပါတယ်။
ဒီကိစ္စတွေဟာ “မိသားစုတွေရဲ့ ဘဝရပ်တည်မှုကို ဖြည့်ဆည်းပေးမယ်” လို့ ကြွေးကြော်ထားတဲ့ အောင်မြင့်မိုရ်မင်း အာမခံ ကုမ္ပဏီက ထိန်းချုပ်လိုက်တဲ့အခါ ပိုပြီး မယုံကြည်စရာ ဖြစ်လာခဲ့ပါတယ်။
၂၀၁၇ ခုနှစ် ဇွန်လက စစ်တပ်ပိုင် Y8 သယ်ယူပို့ဆောင်ရေးလေယာဉ် တစ်စင်း ထားဝယ်မြို့အနီးက ပင်လယ်ပြင်ထဲကို ပျက်ကျပြီး လူ ၁၂၂ ဦး သေဆုံးခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ အောင်မြင့်မိုရ်မင်း အာမခံကုမ္ပဏီက အသက်အာမခံလျော်ကြေးပေးဖို့ ဆန္ဒမရှိတာကို ပထမဆုံး အထင်အရှား တွေ့ခဲ့ရပါတယ်။
ဒါဟာ မြန်မာနိုင်ငံသမိုင်းမှာ အဆိုးဆုံး လေယာဥ်ပျက်ကျမှုတွေထဲက တစ်ခုဖြစ်ပြီး၊ သေဆုံးသူတွေထဲမှာ မီးဖွားမယ့်ဇနီးသည်ကို သွားတွေ့မယ့် ဗိုလ်ကြီးတစ်ဦး ပါဝင်ပါတယ်။
“အသက်အာမခံအတွက် ပရီမီယံကြေးက ၃၀ ရာခိုင်နှုန်းပဲ ပေးသွင်းရသေးတယ်လို့ အောင်မြင့်မိုရ်မင်းကုမ္ပဏက ပြောတယ်။ ဒါကြောင့် အသက်အာမခံလျော်ကြေးကို အပြည့်မပေးနိုင်ဘူးလို့ ငြင်းတယ်။ ကုမ္ပဏီက သေဆုံးဗိုလ်ကြီး ပေးသွင်းခဲ့တဲ့ ပရီမီယံကြေး ပမာဏအတိုင်းပဲ ပြန်လျော်ပေးဖို့ ကမ်းလှမ်းခဲ့တယ်” လို့ ဗိုလ်မှူး တင်လင်းအောင်က RFA ကို ပြောပြပါတယ်။
ကုမ္ပဏီက လျော်ကြေးအပြည့် မပေးဘဲ သွင်းထားသလောက်ပဲ ပြန်ပေးတဲ့စာ ကို သေဆုံးသူဗိုလ်ကြီးရဲ့ သူငယ်ချင်းတစ်ယောက်က ဓာတ်ပုံရိုက်ပြီး အင်တာနက်ပေါ် တင်လိုက်ရာမှာ ဒီကိစ္စဟာ အွန်လိုင်းလူမှုကွန်ရက်မှာ အကြီးအကျယ် ပျံ့နှံ့သွားပြီး အောင်မြင့်မိုရ်မင်းကုမ္ပဏီအပေါ် ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။ အဲဒီစာကိုဖြန့်ခဲ့တဲ့ သေဆုံးသူရဲ့ သူငယ်ချင်းစစ်ဗိုလ်လည်း ရှေ့တန်းစစ်မြေပြင်ကို အပို့ခံလိုက်ရတယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။
အောင်မြင့်မိုရ်မင်းကုမ္ပဏီနဲ့ ပတ်သက်လို့ အများပြည်သူသိသာနိုင်တဲ့ သတင်းအချက်အလက်က သိပ်မရှိပါဘူး။ ဒါပေမဲ့ ၂၀၁၉ ခုနှစ်မှာ ရန်ကုန်စီးပွားရေးတက္ကသိုလ် ဝါဏိဇ္ဇဗေဒဌာန၊ ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးပညာမဟာဘွဲ့အတွက် တင်သွင်းတဲ့ စာတမ်းတစ်စောင်မှာ အောင်မြင့်မိုရ်မင်းကုမ္ပဏီရဲ့ တရားဝင်အချက်အလက်တွေကို အခြေခံပြီး ပြုစုထားတာ တွေ့ရပါတယ်။ အဲဒီစာတမ်းမှာ ကုမ္ပဏီ စတင်လည်ပတ်တဲ့ ပထမငါးနှစ်အတွင်း ရရှိငွေနဲ့ အလျော်ပြန်ပေးငွေ ပမာဏတွေကို ဖော်ပြထားပါတယ်။
“အောင်မြင့်မိုရ်မင်းအာမခံကုမ္ပဏီ၏ အသက်အာမခံလုပ်ငန်းအပေါ် အာမခံထားရှိသူများ၏အမြင်” လို့ အမည်ပေးထားတဲ့ အဲဒီစာတမ်းအရ ကုမ္ပဏီဝင်ငွေဟာ တပ်မတော်သားတွေ အသက်အာမခံပေးသွင်းငွေကနေ အများဆုံးဖြစ်နေတာကို တွေ့ရပါတယ်။ ဒါပေမဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ ကုမ္ပဏီက ပြန်လျော်တဲ့ငွေဟာ စုစုပေါင်း ပရီမီယံကြေးပေးသွင်းငွေရဲ့ ခုနစ်ရာခိုင်နှုန်းတောင် မပြည့်တာကို တွေ့ရပါတယ်။ (မှတ်ချက်။ ၂၀၁၈-၁၉ ခုနှစ်အတွင်း တပ်မတော်သားများထံမှ အသက်အာမခံကြေးပေးသွင်းငွေ ကျပ် ၂၃ ဘီလျံကျော်တွင် ပြန်အမ်းငွေ ကျပ် ၁ ဘီလျံကျော်သာရှိကြောင်း စာတမ်းတွင် ဖော်ပြထားသည်။)
အောင်မြင့်မိုရ်မင်းကုမ္ပဏီမှာ စစ်တပ်ထဲက ရာထူးအဆင့်အတန်းပေါ် မူတည်ပြီး သတ်မှတ်ထားတဲ့ အသက်အာမခံမူဝါဒ အမျိုးမျိုး ရှိပါတယ်။ အသက်အာမခံ သက်တမ်းပြည့်လို့ ဒါမှမဟုတ် ထားရှိသူသေဆုံးလို့ ပြန်ပေးတဲ့လျော်ကြေးဟာ အနိမ့်ဆုံး မြန်မာကျပ်ငွေငါးသိန်းကနေ စပါတယ်။ တပ်မတော်သားတွေဟာ တစ်လကို အနည်းဆုံး ကျပ်ငွေရှစ်ထောင်ကျော်ကနေ အများဆုံး နှစ်သောင်းခွဲကျော်အထိ ပရီမီယံကြေး လစဉ်ပေးသွင်းရပါတယ်။ ပရီမီယံကြေး များများသွင်းရင် အသက်အာမခံလျော်ကြေး များများပြန်ရမယ်လို့ ကမ်းလှမ်းထားတာပါ။
အောင်မြင့်မိုရ်မင်းကုမ္ပဏီရဲ့ လက်ရှိလည်ပတ်နေတဲ့ ငွေကြေးအခြေအနေနဲ့ ပတ်သက်ပြီး အများပြည်သူသိရှိနိုင်မယ့် သတင်းအချက်အလက်တွေကို မတွေ့ရပါဘူး။ ဒါပေမဲ့ မြန်မာစစ်တပ်မှာ ခန့်မှန်းစစ်အင်အား တစ်သိန်းသုံးသောင်း ရှိတယ်ဆိုရင် စစ်သည်တစ်ဦးကို ပျမ်းမျှ လစဉ်ပရီမီယံကြေး ကျပ်ကိုးထောင်နဲ့ တွက်ရင် အောင်မြင့်မိုရ်မင်းကုမ္ပဏီရဲ့ တစ်နှစ်ရရှိငွေဟာ ကျပ်ငွေ ၁၄ ဘီလီယံနီးပါး ရှိနေပါတယ်။
စစ်တပ်အာဏာသိမ်းပြီး လေးနှစ်အကြာမှာ နိုင်ငံတစ်ဝန်း တိုက်ပွဲတွေ ပိုပြင်းထန်လာနေပြီး စစ်တပ်က သေဆုံးထိခိုက်မှုများလာတဲ့အခါ စစ်သားတွေရဲ့ အသက်အာမခံကြေးနဲ့ပတ်သက်လို့ စိုးရိမ်စရာတွေ ပိုများလာနေပါတယ်။
ကုမ္ပဏီဘက်က လျော်ကြေးပြန်မပေးချင်ရင် ရှောင်လို့ရတဲ့နည်းလမ်းတွေ အများကြီးရှိတယ်လို့ လွတ်လပ်တဲ့ အာမခံလုပ်ငန်း အကျိုးဆောင်တစ်ဦးဖြစ်တဲ့ ဒေါ်အိအိအောင်က RFA ကို ပြောပါတယ်။
စစ်တပ်ထဲမှာ သေဆုံးသွားပေမဲ့ မိသားစုက အသက်အာမခံကြေး ပြန်မတောင်းတဲ့ အဖြစ်အပျက်တွေ အများကြီးရှိတယ်လို့ ပြောပါတယ်။
“မိသားစုဝင်တွေက မသိတာလည်း ဖြစ်ကောင်းဖြစ်မယ်၊ တာဝန်ယူထားတဲ့ လူကြီးတွေက အကြောင်းမကြားတာ ဖြစ်ကောင်းဖြစ်မယ်၊ ဒါမှမဟုတ် သေဆုံးတာကို မသိတာ ဖြစ်ရင်ဖြစ်မယ်။ အဲဒီလိုတွေနဲ့ မတောင်းခံဘဲနဲ့ လျော်ကြေးတွေ အလဟဿ ဖြစ်သွားတာတွေလည်း အများကြီးရှိပါတယ်”
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇွန်လက ရှမ်းပြည်နယ်က တိုက်ပွဲတစ်ပွဲမှာ သေဆုံးခဲ့တဲ့ တပ်ကြပ်ကြီးမင်းဒင်ရဲ့ ဇနီးဖြစ်သူ ဒေါ်လှခင်ဟာ ခင်ပွန်းအတွက် စစ်တပ်ကနေ ပင်စင်နဲ့ အသက်အာမခံကြေးရဖို့ ကြိုးစားခဲ့ရပုံကို RFA ကို ပြောပြခဲ့ပါတယ်။ ခင်ပွန်းသေဆုံးပြီးနောက် အကျိုးခံစားခွင့်တွေ လျှောက်တဲ့အခါ သူ့ရဲ့ခင်ပွန်း နောက်ဆုံးတာဝန်ထမ်းခဲ့တဲ့ တပ်ရင်းကို သူကိုယ်တိုင်သွားပြီး လျှောက်ရမယ်ဆိုတာကို ဒေါ်လှခင် သိရှိခဲ့ပါတယ်။ ခင်ပွန်းတာဝန်ထမ်းခဲ့တဲ့ အဲဒီတပ်ရင်းမှာ သေဆုံးထိခိုက်တာတွေ အများအပြား ရှိခဲ့ပါတယ်။
“လူတွေအများကြီး သေကုန်လို့ ကျောက်မဲမြို့ တပ်ရင်း ၅၀၁ မှာ ဘယ်သူမှ မရှိတော့ဘူး။ တပ်ရင်းရုံးထဲက အရာရှိတွေကလည်း တချို့က ပြောင်းရွှေ့၊ တချို့ကသေ၊ တချို့က အခုထိ ပျောက်ဆုံးနေတော့ စာရွက်စာတမ်းတွေလည်း အကုန်ပျောက်ကုန်တာ၊ ဘာမှ မရှိတော့ဘူး” လို့ ဒေါ်လှခင်က ပြောပါတယ်။
တပ်ကြပ်ကြီးမင်းဒင်သေဆုံးပြီး ခြောက်လအကြာ ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာတော့ ဒေါ်လှခင်ဟာ ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့ ခမရ-၅၀၁ က စစ်သားမိသားစုတွေကို အရေးပေါ်ပြောင်းရွှေ့ပေးခဲ့တဲ့ ရှမ်းပြည်နယ် တောင်ပိုင်း ရပ်စောက်မြို့ရှိ ခမရ-၅၀၉ တပ်ရင်းကို ပြန်သွားပြီး သူ့ခင်ပွန်းအတွက် ပင်စင်၊ အသက်အာမခံနဲ့ အခြားအကျိုးခံစားခွင့်တွေ ရရှိဖို့ လျှောက်လွှာတင်ခဲ့ပါတယ်။ အခု အဲဒီအကျိုးခံစားခွင့်တွေ ရရှိဖို့ ဒေါ်လှခင် စောင့်ဆိုင်းနေပါတယ်။
ပြည်တွင်းမှာ စစ်တပ်မိသားစုတွေ လက်ရှိကြုံနေရတဲ့ အခြေအနေနဲ့ အသက်အာမခံလျော်ကြေးရဖို့ ခက်ခဲတဲ့ အခြေအနေတွေကို CDM အရာရှိ ဗိုလ်မှူးတင်လင်းအောင်က ရှင်းပြပါတယ်။
“တကယ်လို့ တပ်ရင်းတစ်ရင်းလုံးက တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စီးနင်းခံလိုက်ရပြီဆိုရင် အဲဒီမှာ စိန်ခေါ်မှုတွေက လာပြီ။ အိမ်ထောင်မရှိတဲ့ စစ်သားဆိုရင် သူ့ရဲ့မိဘတွေက အာမခံကြေး လျှောက်ထားခွင့်ရှိတယ်။ ဒါပေမဲ့ ဒါက မျှော်လင့်ချက်လေးပဲ ရှိတာ။ ဘာကြောင့်လဲဆိုတော့ တပ်ရင်းတစ်ရင်းလုံး စီးနင်းခံလိုက်ရပြီဆိုတော့ တပ်ရင်းရုံးတွေရော စာရွက်စာတမ်းတွေရော ဘာမှ မရှိတော့ဘူး။ အသက်အာမခံကြေးလျှောက်ဖို့ ထောက်ခံစာပေးရမယ့် တာဝန်ရှိသူ တပ်ရင်းမှူးကိုယ်တိုင်က အဖမ်းခံထားရတာမျိုး ဖြစ်နိုင်တယ်။ အဲဒီလို ဖြစ်ရပ်မျိုးတွေမှာဆိုရင် တပ်ရင်းတစ်ရင်းလုံးစာ အသက်အာမခံကြေး သွင်းထားတဲ့ ငွေအားလုံးကို အောင်မြင့်မိုရ်မင်းကုမ္ပဏီက အပိုင်သိမ်းသွားတယ်”
အောင်မြင့်မိုရ်မင်းကုမ္ပဏီဟာ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်သွားတဲ့ ထောင်နဲ့ချီတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အသက်အာမခံကြေးတွေကိုလည်း ရရှိသွားပါတယ်။ CDM ဝင်လာသူတွေကို ကူညီပေးနေတဲ့ ပြည်သူ့ရင်ခွင်နဲ့ ပြည်သူ့ပန်းတိုင်အဖွဲ့ရဲ့ စာရင်းတွေအရ အာဏာသိမ်းလေးနှစ်အတွင်း ဘက်ပြောင်းလာတဲ့ ရဲနဲ့ စစ်သားအရေအတွက် တစ်သောင်းငါးထောင်နီးပါး ရှိပါတယ်။
ဗိုလ်ကြီးဇင်ယော်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီး တစ်လအကြာမှာ CDM လှုပ်ရှားမှုမှာ အစောဆုံး ပါဝင်ခဲ့သူပါ။ အောင်မြင့်မိုရ်မင်းကုမ္ပဏီအတွက် အသက်အာမခံ ပရီမီယံကြေး ကျပ်နှစ်သောင်းငါးထောင် အဖြတ်ခံထားရတဲ့ သူ့ရဲ့ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ လစာထုတ်ချက်လက်မှတ်မိတ္တူကို ဗိုလ်ကြီးဇင်ယော်က RFA ကို ပေးပို့ခဲ့ပါတယ်။
သူဟာ ပထမငါးနှစ်စာ သက်တမ်းပြည့်သွားတဲ့ အသက်အာမခံကြေး ငါးသိန်းကို ၂၀၁၇ ခုနှစ်မှာ အရင်းအတိုင်းပဲ ပြန်ရခဲ့ပါတယ်။ နောက်ထပ် ငါးနှစ်သက်တမ်းအတွက် လစဉ်၊ နှစ်စဉ် ပေးသွင်းခဲ့တဲ့ အသက်အာမခံ ပရီမီယံကြေးတွေကိုတော့ CDM ဝင်လိုက်တဲ့အတွက် လုံးဝ ပြန်မရတော့ပါဘူး။ ရှေ့တန်းမှာသေဆုံးသွားတဲ့ စစ်သားတွေရဲ့ မိသားစုဝင်တွေလည်း အသက်အာမခံလျော်ကြေးမရဘဲ ငြင်းဆန်ခံရတယ်လို့ ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။
“သေဆုံးကြောင်း အလောင်းမပြနိုင်ဘူး၊ ဓာတ်ပုံနဲ့ တခြားသက်သေ အထောက်အထားတွေ မပြနိုင်ဘူးဆိုရင် စစ်တပ်ရော၊ အသက်အာမခံကုမ္ပဏီရော နှစ်ခုစလုံးက အဲဒီစစ်သည်တွေကို သေစာရင်း မသွင်းတော့ဘဲ ပျောက်ဆုံးစာရင်းပဲ သွင်းလိုက်တာ”
မိသားစုဝင်တွေအနေနဲ့ စစ်သားတစ်ယောက် သေဆုံးသွားတာကို အတိအကျသိရဖို့ အချိန်အတော်ကြာနိုင်ပေမဲ့ အသက်အာမခံလျော်ကြေး တောင်းခံလွှာကိုတော့ သေဆုံးချိန်ကနေ တစ်လအတွင်း အာမခံကုမ္ပဏီကို တင်သွင်းရတာပါ။ တစ်နှစ်ကြာတဲ့အထိ သေဆုံးကြောင်း အတည်ပြုတာ၊ အကြောင်းကြားတာမရှိရင်တော့ လျော်ကြေးမတောင်းနိုင်တော့ဘဲ ဆုံးရှုံးမှာဖြစ်တယ်လို့ ဒေါ်အိအိအောင်က ပြောပါတယ်။
ဧရာဝတီတိုင်းက အသက် ၂၃ နှစ်အရွယ် ကိုမင်းခန့်ကျော် စစ်တပ်ထဲမှာ သေဆုံးသွားပြီဆိုတာကို အာဏာပိုင်တွေက သူ့ရဲ့ဆွေမျိုးတွေကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလထဲမှာ အသိပေးခဲ့ပါတယ်။ ဘယ်တုန်းက၊ ဘယ်နေရာမှာ၊ ဘယ်လိုသေဆုံးခဲ့သလဲဆိုတာကိုတော့ ဘာတစ်ခုမှ မသိရပါဘူး။ ကိုမင်းခန့်ကျော် စစ်တပ်ထဲရောက်သွားတယ် ဆိုတာကိုတောင် မိသားစုက အဲဒီအချိန်ကျမှ သိကြရတာပါ။ ဘယ်တပ်ရင်းကနေ တိုက်ခိုက်ခဲ့သလဲ ဆိုတာတောင် မသိရတဲ့အတွက် သူ့အတွက် ရသင့်ရထိုက်တဲ့ ခံစားခွင့်တွေကို ဘယ်လိုတောင်းရမှန်း မသိဘူးလို့ ဦးလေးဖြစ်သူက ပြောပါတယ်။
“အဓိကအချက်ကတော့ သေဆုံးသူနဲ့ ပတ်သက်တဲ့သူက သိပြီးတော့ အကြောင်းကြားမှကို ရပါမယ်။ (အသက်အာမခံ) ထားတဲ့ကုမ္ပဏီကတော့ ထားချိန်မှာ ထား… လို့သာပြောတာ၊ လျော်ကြေးပေးရတဲ့အခါမှာတော့ ဒီလူဟာ သေလားမသေလား ဆိုတာ သူတို့က လိုက်စုံစမ်းနေမှာမဟုတ်ဘူး၊ ပြောရမယ်ဆိုရင် မလျော်ရလေ ကောင်းလေပဲပေါ့နော်” လို့ အာမခံလုပ်ငန်းအကျိုးဆောင် ဒေါ်အိအိအောင်က ပြောပါတယ်။
“အာမခံထားတဲ့အခါမှာ လုပ်ထုံးလုပ်နည်းတွေ၊ အာမခံရဲ့ အကျိုးကျေးဇူးတွေ၊ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို သေသေချာချာ ရှင်းပြထားမယ်ဆိုရင်၊ လိုက်ပြီး ဆောင်ရွက်ပေးမယ်ဆိုရင် မရစရာ ဘာတခုမှမရှိပါဘူး၊ အဓိကတော့ အာမခံအသိပညာ (Awareness) အရမ်းကို အားနည်းတဲ့အတွက်ကြောင့် တကယ်အသက်သေဆုံးသွားတာ မှန်ပေမယ့် ရပိုင်ခွင့်တွေ မရကြတာတွေ များကုန်တာပါ’’
စစ်ခေါင်းဆောင်တွေ ဒါမှမဟုတ် သူတို့ရဲ့လုပ်ဖော်ကိုင်ဖက် အဖွဲ့အစည်းတွေ အခုလို အကျိုးအမြတ်ရရှိနေတာဟာ ဒီကိစ္စတစ်ခုတည်းတော့ မဟုတ်ပါဘူး။
စစ်တပ်ပိုင် လုပ်ငန်းစုကြီးနှစ်ခု ဖြစ်တဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နဲ့ ‘ဦးပိုင်’ လို့ လူသိများတဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက် (MEHL) မှာ အစုရှယ်ယာထည့်ဖို့အတွက်လည်း သူတို့ရဲ့လစာတွေထဲကနေ လစဉ် အဖြတ်ခံရတယ်လို့ လက်ရှိ တာဝန်ထမ်းနေတဲ့ စစ်သည်တွေနဲ့ CDM အရာရှိတွေက ပြောပါတယ်။ အဲဒီလုပ်ငန်းကြီးနှစ်ခုဟာ ဘဏ်လုပ်ငန်းကနေ သတ္တုတူးဖော်ရေး လုပ်ငန်းအထိ၊ ဆေးရွက်ကြီးနဲ့ ခရီးသွားလုပ်ငန်းတွေအထိ လုပ်ကိုင်ပြီး စစ်တပ်က တိုက်ရိုက်အခွန်ဘဏ္ဍာရရှိနေတာ ဖြစ်ပါတယ်။
နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က ၂၀၂၀ ပြည့်နှစ်မှာ ထုတ်ပြန်တဲ့ အထောက်အထားမှတ်တမ်းတွေမှာ မြန်မာစစ်တပ်ဟာ မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်ကနေ အမြတ်ငွေ အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံအထိ ရရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။
စစ်တပ်ထဲက အရာရှိနဲ့ စစ်သည်တွေဟာ ရာထူးအဆင့်ပေါ်မူတည်ပြီး မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်ကနေ အနည်းဆုံး ကျပ်ငွေ ၁၅ သိန်း ကနေ သိန်းငါးဆယ် တန်ဖိုးရှိတဲ့ အစုရှယ်ယာတွေကို မဖြစ်မနေ ဝယ်ယူထည့်သွင်းရတယ်လို့ ပြီးခဲ့တဲ့နှစ်အတွင်း CDM လှုပ်ရှားမှုမှာ ပါဝင်လာတဲ့ ဗိုလ်ကြီးလင်းထက်က ပြောပါတယ်။
အောက်ခြေစစ်သားတွေဟာ သူတို့ဝယ်ယူရမယ့် ကျပ်ငွေ ၁၅ သိန်းတန်ဖိုးရှိတဲ့ အစုရှယ်ယာတွေကို ချက်ချင်း မဝယ်နိုင်ရင် ၁၅ သိန်းပြည့်တဲ့အထိ သူတို့ရဲ့လစာထဲကနေ လစဉ်အဖြတ်ခံရတယ်လို့ နောက်ထပ် CDM အရာရှိတစ်ဦးဖြစ်တဲ့ ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာမသိမ်းခင်က မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်ဟာ နှစ်စဉ် ဘတ်ဂျက်ကာလကုန်ဆုံးတဲ့ စက်တင်ဘာလရောက်တိုင်း အမြတ်ငွေတွေကို ပြန်ခွဲပေးလေ့ရှိပေမဲ့ အာဏာသိမ်းပြီးနောက်မှာ ပြန်ပေးတာတွေ နောက်ကျလာပြီး ၂၀၂၃ ခုနှစ်ကစလို့ လုံးဝရပ်ဆိုင်းသွားတယ်လို့ လက်ရှိတာဝန်ထမ်းဆောင်ဆဲ စစ်သည်တွေနဲ့ CDM အရာရှိတွေက ပြောပါတယ်။
“ကျွန်တော်က ၂၀၂၃ ခုနှစ်ကျမှ စစ်တပ်ထဲက ထွက်လာတာ။ ၂၀၂၁ ကနေ ၂၀၂၃ ခုနှစ်ကြားမှာ ဦးပိုင်ကနေ အမြတ်ပြန်ပေးတာတွေက နောက်ကျလာတယ်။ တစ်ခါတလေ သူတို့က ရူးချင်ယောင်ဆောင်ပြီး ပြန်မပေးဘူး။ ကျွန်တော်တို့က လိုင်းပေါ်တင်ပြီး အော်ဟစ်ကန့်ကွက်မှ ခြောက်လလောက် နောက်ကျပြီးမှ ပြန်ပေးတာ” လို့ CDM အရာရှိ ဗိုလ်ကြီးလင်းထက်က ပြောပါတယ်။
လက်ရှိအချိန်အထိ စစ်တပ်ထဲမှာ တာဝန်ထမ်းနေဆဲဖြစ်တဲ့ ဒုအရာခံဗိုလ်စိုးမောင်ရဲ့ အတွေ့အကြုံကလည်း အတူတူပဲ ဖြစ်ပါတယ်။
မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ကနေ ၁၅ သိန်းဖိုး အစုရှယ်ယာဝယ်ရမယ်လို့ အထက်အရာရှိက သူ့ကိုပြောပါတယ်။ အဲဒီငွေကို ချက်ချင်းမပေးနိုင်တဲ့အတွက် တစ်လကို ကျပ်တစ်သောင်းနှုန်းနဲ့ ၁၅ သိန်းပြည့်တဲ့အထိ လစာထဲကနေ အဖြတ်ခံရပါတယ်။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်မှာ ဘတ်ဂျက်နှစ် ကုန်ဆုံးတိုင်း ပြန်ရရမယ့် အမြတ်ငွေဟာ တစ်နှစ်ခွဲကြာမှ ပြန်ရခဲ့တယ်လို့လည်း ဒုအရာခံဗိုလ်စိုးမောင်က RFA ကို ပြောပါတယ်။
(မှတ်ချက်။ ဤဆောင်းပါးတွင်ပါသည့် လူပုဂ္ဂိုလ်များ၊ မိသားစုဝင်များ၏ လုံခြုံရေးအတွက် အမည်များကို လွှဲပြောင်းထားပါသည်။)