ဦးဇော်ဌေးပြောကြားချက် နိုင်ငံရေးလေ့လာသူတွေလက်မခံ

ရက္ခိုင့်တပ်မတော် AA နဲ့ ARSA အကြမ်းဖက်အဖွဲ့အကြား ဆက်ဆံမှုရှိကြောင်းနဲ့၊ AA အဖွဲ့ကို ထောက်ခံတာ တွေ ရပ်တန်းကရပ်ဖို့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးရဲ့ ပြောကြားချက်ကို ရခိုင် နိုင်ငံရေးလေ့လာသူတွေကလည်း ကန့်ကွက်ကြပါတယ်။

သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေး ၂၀၁၉၊ ဇန်နဝါရီ ၇ ရက်နေ့က သတင်းစာရှင်းလင်းစဉ် Photo: Win Ko Ko Latt/ RFA

ရက္ခိုင့်တပ်မတော် AA နဲ့ ARSA အကြမ်းဖက်အဖွဲ့တွေ ဆက်ဆံမှုရှိကြောင်းနဲ့ ရက္ခိုင့်တပ်မတော် AA ကို ထောက်ခံတာတွေ ရပ်တန်းကရပ်ဖို့ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ပြောကြားချက်ကို ရခိုင်နိုင်ငံရေး လေ့လာသူတွေကလည်း ကန့်ကွက်ကြပါတယ်။

RFA သတင်းထောက် ကိုကျော်သူ က စုစည်းတင်ပြထားပါတယ်။

~~~~~~~~~~
AA နဲ့ ARSA ဆက်ဆံမှုရှိကြောင်း ဦးဇော်ဌေး ပြောကြားချက်ကို ကန့်ကွက်မှုတွေရှိ

(ကျော်သူ)

နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ရဲ့ ပြောကြားချက်တွေဟာ သက်သေအထောက်အထား မရှိဘဲ စွပ်စွဲပြောဆိုတာတွေသာ ဖြစ်ကြောင်း ရခိုင်အဖွဲ့အစည်းတွေ၊ ရခိုင်ပါတီတွေ၊ ရခိုင်ကိုယ်စားလှယ်တွေက ပြောဆိုသလို ရခိုင်နိုင်ငံရေး လေ့လာသူတွေကလည်း ကန့်ကွက်ကြပါတယ်။

အစိုးရရဲ့စွပ်စွဲချက်တွေကို လက်ခံနိုင်စရာမရှိကြောင်း သမိုင်းပညာရှင် ဒေါက်တာ အေးချမ်း က သူ့သဘောထားကို ပြောပါတယ်။

"သူကစွပ်စွဲလိုက်တာပဲဗျ၊ AA ဟာ ARSA နဲ့အတူ အကြမ်းဖက်လုပ်ရပ်တွေကို လက်တွဲထားတယ် သူ က မဟာမိတ်လိုလို သူ့စကားအသွားအလာမှာပေါ့၊ သူသက်သေပြဖို့ လိုလိမ့်မယ် ၊ ရခိုင်ပြည်သူတွေကို AA အဖွဲ့ကို ထောက်ခံအားပေးနေတာ ရပ်တန်းကရပ်ပါလို့ ပြောတဲ့စကားက ထောက်ခံသည်ဖြစ်စေ မထောက်ခံသည်ဖြစ်စေ သူ့အနေနဲ့ အဲဒီလို အမိန့်ပေးတာမျိုး၊ ခြိမ်းခြောက်တာမျိုး အဓိပ္ပါယ်ထွက်တဲ့ စကားတွေမပြောသင့်ဘူး၊ အစိုးရက လုပ်တဲ့ရှင်းလင်းပွဲမှာ နိုင်ငံတော သမ္မတရုံး ညွှန်ကြားရေးမှုးချုပ် တစ်ယောက်က ပြောတယ်ဆိုတဲ့အခါကျတော့ နိုင်ငံတော် သမ္မတ ရုံးမှာပါ တာဝန်ရှိသွားပြီ၊ သမ္မတရုံးက ပါ ဒါကိုဖြေရှင်းဖို့ လိုတယ်လို့ ထင်တယ်၊ တစ်ခုရှိတာပေါ့လေ ဦးဝင်းမြင့်တို့ ဒေါ်အောင်ဆန်းစုကြည်တို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က သူ့ကိုပြောခိုင်းတယ်ဆိုရင်တော့ ဒီလူတွေကဆက်ပြီး တာဝန်ယူရလိမ့်မယ်"

ပြီးခဲ့တဲ့ဇန်နဝါရီလ ၇ ရက်နေ့က နေပြည်တော် သမ္မတအိမ်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေးက လက်ရှိ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေနဲ့ပတ်သက်လို့ သတင်းထောက်တွေက မေးမြန်းရာမှာ အခုလိုပြောကြားခဲ့တာပါ။

"AA နဲ့ ARSA ပူးပေါင်းပြီးတော့ မေယုခရိုင်ကို ARSA ကို ပေးလိုက် ၊ ကျန်တဲ့ ရခိုင်ပြည်ပေါ့နော် ရခိုင် နိုင်ငံတော်ဆိုတဲ့ ပုံစံမျိုးနဲ့ AA က လုပ်မယ်ဆိုတဲ့ sourse တစ်ခုက ရတယ်၊ တစ်ခုကတော့ ဟိုဘက် ဒီဘက် မဟာမိတ်ပြုပြီးတော့ ပေါင်းပြီးတော့ ဟန်ချက်ညီ တိုက်ဖို့တစ်ခု၊ နောက်တစ်ခုကတော့ ပေါင်းပြီး တော့ တစ်ခါတည်း တိုက်တဲ့ပုံစံပေါ့နော်၊ ဒီလိုမျိုး ပူးပေါင်းပြီးတော့တိုက်တယ်၊ တချို့လည်း အခု လူမှုကွန်ရက်မှာလည်း ဝေဖန်နေတယ် AA တစ်ဖွဲ့တည်းမဟုတ်ဘူး ARSA ပါ ပါတယ်ဆိုတဲ့ဟာမျိုးရှိ တယ်၊ မြေပြင် အောက်ခြေသတင်းတွေမှာလည်း ကျနော်တို့ရထားတာ sourse က နှစ်ခုဖြစ်နေ တယ်ပေါ့နော်၊ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရာမူးမြို့မှာ AA နဲ့ ARSA တို့ ဆွေးနွေးညှိနှိုင်းချက်တွေကနေ ဖြစ်လာတဲ့အကျိုးဆက်တွေလို့ မြင်တယ်၊ AA ကို ကျနော်တို့ မေးချင်တယ် ဘာ့အတွက် ဒီလိုမျိုးလုပ်နေတာလဲ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လာချင်ရင် ငြိမ်းချမ်းရေး ကော်မရှင်က ခေါ်ထားပြီးသား နောက် AA ကို ထောက်ခံတဲ့ ရခိုင်တိုင်းရင်းသားတွေကိုလည်း ကျနော် ပြောချင်တယ်၊ AA ကြောင့် ရခိုင်ပြည်နယ် ကောင်းကျိုးထက် ဆိုးကျိုး ဘယ်ဟာများမလဲ သုံးသပ်ဖို့ လိုတယ်"

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလဆန်းပိုင်းကတည်းက ရခိုင်ပြည်မြောက်ပိုင်းမှာ အစိုးရတပ်မတော်နဲ့ AA တို့ နေ့စဉ်တိုက်ပွဲဖြစ်ပွားလာရာ တစ်လကျော်ကြာအထိ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
စစ်ရေးတင်းမာမှုက နှစ်ကုန်ပိုင်းလောက်မှာ ပိုမိုပြင်းထန်လာကြပြီး ဇန်နဝါရီလ ၄ ရက် နေ့ လွတ်လပ်ရေးနေ့မှာ ဘူးသီးတောင်မြို့နယ် နယ်ခြားစောင့်ရဲကင်းစခန်း ၄ ခု ကို AA က ဝင်ရောက်စီးနင်းခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံးကာ ၉ ဦး ဒဏ်ရာရခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဲဒီနောက် အစိုးရနဲ့ တပ်မတော်အတွက် အထိနာခဲ့ရတာလို့ ယူဆပြီး ရခိုင်ပြည်နယ် စစ်ရေးပဋိပက္ခတွေနဲ့ ပတ်သက်လို့ အစိုးရနဲ့ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေဟာ ဇန်နဝါရီလ ၇ရက်နေ့က သမ္မတအိမ်တော်မှာ အစည်းအဝေး ကျင်းပခဲ့ကြပါတယ်။

အစည်းအဝေး ဆုံးဖြတ်ချက်အရ AA ကို သောင်းကျန်းသူအဖြစ် သတ်မှတ်ပြီး အဲဒီနယ်မြေမှာ စစ်ဆင်ရေးတွေ ထိထိရောက်ရောက်လုပ်ဆောင်ကြဖို့ နိုင်ငံတော် သမ္မတက တပ်မတော်ကို ညွှန်ကြားလိုက်တယ်လို့လည်း ဦးဇော်ဌေးက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် AA အဖွဲ့ဟာ ၂၀၁၈ ခုနှစ် ဇူလိုင်လအတွင်းမှာ ARSA အဖွဲ့နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တေ့ွဆုံတာတွေရှိခဲ့ကြောင်း၊ သတင်းတွေအရ ARSA အဖွဲ့နဲ့ AA အဖွဲ့ကြား မေယုတောင် အရှေ့ခြမ်းနဲ့ အနောက်ခြမ်းကို နယ်မြေခွဲခြမ်းပြီး လှုပ်ရှားဖို့ သတ်မှတ်တာတွေ ရှိခဲ့ကြောင်းလည်း ဦးဇော်ဌေး က ပြောဆိုခဲ့ပါတယ်။

ARSA နဲ့ AA အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်တယ်ဆိုတဲ့ အထောက်အထား ခိုင်ခိုင်မာမာ ပြနိုင်တာ မရှိတဲ့အတွက် စွပ်စွဲချက်အဆင့်သာရှိတယ်လို့ အစ္စလာမ် နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ ဦးသာအေး က ပြောပါတယ်။

"သူပြောတဲ့ပုံစံမှာ ခိုင်လုံတဲ့ အထောက်အထားတစ်ခု သူမပြနိုင်ခဲ့ဘူး၊ ဒါက စွပ်စွဲချက်ပဲလို့ ထင်တယ် လေ၊ ရည်ရွယ်ချက်ကြီးကြီးနဲ့ ဖန်တီးမှုလုပ်နေတယ်လိ့ု ယူဆမိတယ်၊ ဘယ်လိုအဖွဲ့အစည်းပဲဖြစ်ဖြစ်ပေါ့ အင်အားသုံး ဖြိုခွဲမယ်ဆိုရင် အဖြေမရနိုင်ဘူးပေ့ါ ရေရှည်တည်တံ့တဲ့ အဖြေရှာဖို့ဆိုရင် ဆွေးနွေးညှိနှိုင်း အဖြေရှာတာက အကောင်းဆုံးပဲ၊ လက်နက်ကိုင်အဖွဲ့အစည်းရော တစ်ခြားအဖွဲ့အစည်းရော သူ့ရည် မှန်းချက်နဲ့သူ လုပ်နေတဲ့အတွက် တိုက်ဆိုင်မှုလို့မြင်တယ် ဟိုအဖွဲ့နဲ့ဒီအဖွဲ့နဲ့ ချိပ်ဆက်ပြီးလုပ်တာလည်း မတွေ့ဘူး။ သတင်းလည်း ကျနော်တို့ မကြားဘူး၊ ဘယ်သူဘယ်ဝါက ဒါကိုလုပ်တယ်ဆိုတာ တိကျခိုင် မာမှုမရှိဘူးပေါ့ ပါဝါကို အသုံးချပြီးတော့ အမိန့်ပေးမယ့်အစား ဘာတွေဖြစ်နေတာလဲဆိုတဲ့ လေ့လာသုံး သပ်ပြီးတော့မှ သက်ဆိုင်တဲ့ဇာတ်ကောင်တွေနဲ့ ဆွေးနွေးအဖြေရှာတာ အကောင်းဆုံးပဲ"

AA နဲ့ ARSA အဖွဲ့တို့ စပ်ဆက်မှု ရှိမရှိဆိုတာနဲ့ပတ်သက်ပြီး တပ်မတော်ဘက်က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နဲ့ ပြည်သူ့ဆက်ဆံရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားမှုရုံးက တာဝန်ရှိသူတွေဆီ RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့်လည်း ဆက်သွယ်လို့မရခဲ့ပါဘူး။

AA နဲ့ အစိုးရတပ်မတော်တို့ကြား အခုလို တိုက်ပွဲတွေနဲ့ စစ်ရေး ပဋိပက္ခတွေ ရှိနေမယ်ဆိုရင် ဆက်ဆံရေးကောင်းလာဖို့ ရှိမှာမဟုတ်ဘူးလို့ သုံးသပ်ကြပါတယ်။

မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ဝင်ဖြစ်တဲ့ AA ကို တပ်မတော်အနေနဲ့ရော အစိုးရအနေနဲ့ရော အပစ်ခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့ စားပွဲဝိုင်းမှာ ဆွေးနွေးကြမယ်ဆိုတာက အဖြေတစ်ခုဖြစ် လာနိုင်လိမ့်မယ်လို့ အဆိုပါ ပုဂ္ဂိုလ်တွေက သုံးသပ်ကြပါတယ်ခင်ဗျာ။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org