၂ဝ၂၂ ခုနှစ် မြန်မာ့စီးပွားရေးအပြောင်းအလဲနဲ့ စိန်ခေါ်မှုများ

အခုနှစ် မြန်မာနိုင်ငံမှာ ပြည်သူ ၁၅ သန်းနီးပါး စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ ကြုံနေရပြီး၊ တစ်နိုင်ငံလုံး လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းဟာ ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်ကို ရောက်နေတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်အတွင်းရှိ စျေးတန်းတစ်ခုအား တွေ့ရစဉ်။ RFA

အခုနှစ်မှာ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသက နိုင်ငံအများစုဟာ ကိုဗစ်ကပ်ရောဂါနဲ့ နောက်ဆက်တွဲ ကြုံလာတဲ့ စီးပွားရေး ကျဆင်းမှုတွေကနေ ပြန်လည်နာလန်ထူလာကြပေမယ့်၊ စစ်တပ်ကအာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာတော့၊ စစ်ရေး ပဋိပက္ခတွေ၊ ငွေကြေးဖောင်းပွမှုနဲ့ ဝယ်လိုအားကျဆင်းမှုတွေကြောင့် စီးပွားရေး နာလန်ထူနိုင်မှု အားနည်းဦးမယ်လို့ ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုတွေ ကြုံရတဲ့ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်မှာ ၁၈ ရာခိုင်နှုန်းလောက်အထိ ကျုံ့သွားခဲ့ပြီး၊ အခု ၂၀၂၁-၂၂ ဘဏ္ဍာနှစ်မှာတော့ ၃ရာခိုင်နှုန်းလောက် ပြန်တိုးလာပေမယ့်၊ အားလျော့နေဆဲ ဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။

အခုနှစ် မြန်မာနိုင်ငံမှာ ပြည်သူ ၁၅ သန်း နီးပါး စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ ကြုံနေရပြီး၊ တစ်နိုင်ငံလုံး လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းဟာ ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်ကို ရောက်နေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ငွေကြေးဖောင်းပွမှု

အခုနှစ်မှာ မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းဟာ ၁၄ ဒသမ ၁ ရာခိုင်နှုန်းအထိ ရှိနေတယ်လို့ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ IMF ရဲ့ စာရင်းတွေက ဖော်ပြပါတယ်။ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့က အမေရိကန် တစ်ဒေါ်လာ ၁၃၃၀ ကျပ်၊ ရွှေတစ်ကျပ်သား ၁၃ သိန်းကျပ် ရှိခဲ့ရာကနေ အခုနှစ်လယ် ဩဂုတ်လကုန်လောက်မှာတော့ အမေရိကန် တစ်ဒေါ်လာကို ၃၁၀၀ ကျပ်ဝန်းကျင်နဲ့ ရွှေတစ်ကျပ်သားကို ကျပ် ၂၈ သိန်းနဲ့အထက်လောက်အထိ ရောက်ရှိခဲ့ပါတယ်။

အမေရိကန်ဒေါ်လာနှင့် မြန်မာငွေကျပ်။ (Photo: RFA)

ပိတ်ဆို့အရေးယူမှုများ

အခုနှစ်မှာ အမေရိကန်၊ အီးယူ၊ ကနေဒါ နဲ့ ယူကေနိုင်ငံတွေဟာ စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နဲ့ အဖွဲ့ဝင်တွေ၊ စစ်တပ်ပိုင်လုပ်ငန်းတွေအပြင် မြန်မာစစ်တပ်အတွက် လက်နက်နဲ့ စက်ပစ္စည်း တင်သွင်းပေးနေတဲ့ လုပ်ငန်းရှင်တွေ၊ ကုမ္ပဏီတွေကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှု အမျိုးမျိုး ချမှတ်ခဲ့ပါတယ်။ အရပ်သားပြည်သူတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့ စစ်ကောင်စီရဲ့ လေတပ်အတွက် အဓိကကျတဲ့ လေယာဉ်ဆီ တင်သွင်းမှု ပိတ်ပင်ဖို့ တိုက်တွန်းမှုတွေလည်း တိုးမြင့်လာပါတယ်။

နိုင်ငံတကာက ချမှတ်တဲ့ ပိတ်ဆို့အရေးယူမှု အမျိုးမျိုးထဲမှာ သက်ရောက်မှု အကြီးမားဆုံးကတော့ အခုနှစ် အောက်တိုဘာမှာ နိုင်ငံတကာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့ (FATF) က မြန်မာနိုင်ငံကို ‌အီရန်နဲ့ မြောက်ကိုရီးယားတို့နဲ့အတူ ဘဏ္ဍာရေးဆိုင်ရာ အမြင့်ဆုံးအန္တရာယ်ရှိတဲ့နိုင်ငံအဖြစ် အမည်ပျက်စာရင်း ထည့်သွင်းလိုက်တာ ဖြစ်ပါတယ်။

အခုလိုနာမည်ပျက်စာရင်းထဲ ထည့်ခံရတဲ့အတွက် မြန်မာနိုင်ငံနဲ့ဆက်စပ်နေတဲ့ ငွေကြေးလွှဲပြောင်းမှုတွေလုပ်ဖို့ အလွန်ခက်ခဲသွားမှာဖြစ်သလို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်ဖို့ ခက်ခဲသွားမယ်လို့ နိုင်ငံတကာ ငွေကြေးကျွမ်းကျင်သူတွေက သုံးသပ်ဖော်ပြကြပါတယ်။

ဒီ FATF ရဲ့ အမည်ပျက်စာရင်း ထည့်သွင်းဖို့ ဆုံးဖြတ်ချက် ထွက်လာတဲ့ အောက်တိုဘာ ၂၁ ရက်ညမှာပဲ အမေရိကန် တစ်ဒေါ်လာ ဈေးနှုန်း ကျပ် ၄၀၀၀ ကျော်အထိ တက်သွားပြီး၊ ရွှေဆိုင်တွေမှာလည်း အရောင်းအဝယ်တွေ ရပ်ထားခဲ့ပါတယ်။

စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ ဗဟိုဘဏ်ကတော့ အခုလို အမည်ပျက်စာရင်းသွင်းလိုက်တဲ့ အပေါ် စိုးရိမ်ပူပန်မှုမဖြစ်ဖို့နဲ့ ဒီကိစ္စကိုအကြောင်းပြုပြီး ငွေကြေးဈေးကစားရင် အရေးယူသွားမယ်လို့ အောက်တိုဘာ ၂၂ ရက်နေ့က ထုတ်ပြန်ပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရှေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို တွေ့ရစဉ်။ (Photo: Reuters)

နိုင်ငံခြားလုပ်ငန်းများ ထွက်ခွာမှု

အခုနှစ်မှာ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ ဖိအားပေး တောင်းဆိုမှုတွေကြောင့်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ မြန်မာနိုင်ငံက ဆက်လက်ထွက်ခွာနေကြပါတယ်။
၂၀၂၁ ခုနှစ်က မြန်မာနိုင်ငံက ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တဲ့ တယ်လီနော ဆက်သွယ်ရေးကုမ္ပဏီဟာ အခုနှစ်မှာ မြန်မာနိုင်ငံက လုပ်ငန်းတွေကို စစ်ခေါင်းဆောင်နဲ့ နီးစပ်တဲ့ ကုမ္ပဏီတစ်ခုကို ရောင်းချခဲ့ပြီး၊ အခုနှစ်မှာ ကာတာအခြေစိုက် အူရီဒူး ဆက်သွယ်ရေး ကုမ္ပဏီ၊ ဂျပန် အဖျော်ယမကာ လုပ်ငန်း ကီရင်တို့ မြန်မာနိုင်ငံက ထွက်ခွာခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ စွမ်းအင်နဲ့ ရေနံ လုပ်ငန်းတွေလုပ်ကိုင်တဲ့ အဓိက ကုမ္ပဏီ ငါးခုဖြစ်တဲ့ ပြင်သစ် Total Energies ၊ အမေရိကန် ရေနံ ကုမ္ပဏီ Chevron၊ သြစတြေးလျ Woodside ကုမ္ပဏီ၊ ဂျပန် မစ်ဆူဘစ်ရှီ ကုမ္ပဏီနဲ့ မလေးရှား ပီထရိုနာ့စ် ကုမ္ပဏီတို့ကလည်း မြန်မာနိုင်ငံကနေ ထွက်ခွာတော့မှာ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

မထွက်ခွာသေးတဲ့ နိုင်ငံခြား လုပ်ငန်းအချို့

မြန်မာနိုင်ငံက ထွက်ခွာသွားတဲ့ စွမ်းအင်လုပ်ငန်းကြီးတွေ နေရာမှာ တရုတ်၊ ထိုင်း၊ စင်္ကာပူ နဲ့ တောင်ကိုရီးယား စွမ်းအင်လုပ်ငန်းတွေက အစားထိုးဝင်ရောက်ခဲ့ကြတဲ့အတွက် တရားဝင်ထုတ်ပြန်တဲ့ကိန်းဂဏန်းတွေမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်မှု မြင့်မားနေခဲ့တာလည်း တွေ့နိုင်ပါတယ်။ ISP Myanmar အဖွဲ့ ရဲ့ သုတေသနတွေအရဆိုရင် အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စွမ်းအင်လုပ်ငန်းတွေအတွက်တင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၃.၈ ဘီလျံထိ ဝင်ရောက်ခဲ့တာတွေ့ရပါတယ်။

ပိတ်ဆို့အရေးယူမှုတွေကြောင့် နိုင်ငံခြားလုပ်ငန်းတွေ ထွက်ခွာနေကြပေမယ့် ရင်းနှီးမြှုပ်နှံမှုပမာဏ ကြီးမားတဲ့ လုပ်ငန်းအချို့ကတော့ မြန်မာနိုင်ငံမှာ ဆက်ရှိနေပါတယ်။ ၂၀၂၁ ခုနှစ် ဖော်ဖော်ဝါရီလကတည်းက ဖွင့်လှစ်ဖို့ စီစဉ်ထားတဲ့ သီလဝါစက်မှုဇုန်က တိုယိုတာ ကုမ္ပဏီရဲ့ စက်ရုံက အခုနှစ်မှာ တရားဝင်ဖွင့်လှစ်ပြီး ဟိုင်းလတ် ထရပ်ကားတွေ ထုတ်လုပ်မှု စတင်ခဲ့ပါတယ်။

သီလဝါအထူးစီးပွားရေးဇုန်စီမံကိန်း လုပ်ငန်းခွင် တစ်နေရာကို ၂ဝ၁၅ ခုနှစ်က တွေ့ရစဉ်။ (Photo: Reuters)

ဗဟိုဘဏ်ရဲ့ ကန့်သတ်ချက်များ

၂၀၂၁ခုနှစ်က မြန်မာကျပ်ငွေ တန်ဖိုး စံချိန်တင် သုံးပုံ တစ်ပုံလောက်အထိ ကျဆင်းသွားတဲ့နောက်၊ နိုင်ငံခြားငွေ လိုအပ်ချက် ကြီးမားလာတဲ့အတွက် စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်ဟာ နိုင်ငံခြားငွေလဲလှယ်နှုန်းကို ပုံသေ သတ်မှတ်လိုက်ပါတယ်။

အခုနှစ် ဧပြီလမှာ နိုင်ငံခြားငွေ ရှိသူတွေအားလုံး ကျပ်ငွေနဲ့ မဖြစ်မနေ လဲလှယ်ကိုင်ဆောင်ရမယ်လို့ စစ်ကောင်စီ ရဲ့ ဗဟိုဘဏ်က ထုတ်ပြန်လိုက်ပြီး၊ စီးပွားရေး လုပ်ငန်းတွေဆီက ဝေဖန်မှုတွေ မြင့်တက်လာတဲ့နောက်၊ အထူးစီးပွားရေးဇုန်တွေ၊ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေ၊ ကုလသမဂ္ဂနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့တွေနဲ့ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းတွေကို ကင်းလွတ်ခွင့်ပေးကြောင်း ပြန်လည် ထုတ်ပြန်ခဲ့ပါတယ်။

မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ။ (Photo: RFA)

အခုနှစ်အတွင်းမှာ စစ်ကောင်စီထိန်းချုပ်တဲ့ ဗဟိုဘဏ်ဟာ Kpay နဲ့ Wave money တို့လို မိုဘိုင်း ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေကို တင်းကျပ်တဲ့ စည်းမျဉ်းတွေနဲ့ ကန့်သတ်လာတဲ့အတွက် ငွေလွှဲပြောင်းပေးပို့မှုတွေ နှောင့်နှေးပြီး အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေ ငွေသိန်းနဲ့ချီ ဆုံးရှုံးမှုတွေ ရှိခဲ့ပါတယ်။

လယ်ယာစိုက်ပျိုးရေးကဏ္ဍ

မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ လယ်ယာစိုက်ပျိုးရေး ကဏ္ဍမှာ အသုံးပြုရတဲ့ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးတွေနဲ့ စက်သုံးဆီလို သွင်းအားစုတွေ ဈေးနှုန်း မြင့်တက်လာတာကြောင့် အခုနှစ်မှာ သီးနှံ စိုက်ပျိုး ထုတ်လုပ်မှုတွေ လျော့ကျခဲ့ပါတယ်။ အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံတစ်ဝန်းမှာ နွေနဲ့ မိုးစပါး စိုက်ဧက စုစုပေါင်းရဲ့ ၆၀ ရာခိုင်နှုန်းလောက်ပဲ စိုက်ပျိုးထုတ်လုပ်နိုင်တော့တယ်လို့ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ကျွမ်းကျင်သူတွေက RFA ကို ပြောထားပါတယ်။

ရုရှားနိုင်ငံအပေါ် မှီခိုမှု မြင့်တက်လာခြင်း

တစ်ချိန်တည်းမှာ စစ်ကောင်စီဟာ ရုရှားနိုင်ငံအပေါ် စီးပွားရေးအရပါ မှီခိုမှု တိုးလာနေပါတယ်။ အခုနှစ်အတွင်းမှာ ယူကရိန်းစစ်ပွဲ နောက်ဆက်တွဲ ရုရှားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေကြောင့် လောင်စာဆီ ပြတ်လတ်မှာကို စိုးရိမ် ပူပန်မှုတွေ ကြုံခဲ့ရပြီး၊ စက်သုံးဆီ တစ်လီတာချင်း ဈေးနှုန်းတွေ အာဏာမသိမ်းခင်ကထက် လေးဆလောက်အထိ မြင့်တက်ခဲ့တဲ့နောက် ရုရှားနိုင်ငံက စက်သုံးဆီတွေကို ဈေးနှုန်း သက်သက်သာသာနဲ့ ဝယ်ယူဖြန့်ဖြူးပေးဖို့ စီစဉ်နေတယ်လို့ စစ်ကောင်စီ ပြောခွင့်ရသူက ပြောသွားပါတယ်။

စစ်ကောင်စီဟာ နိုင်ငံတကာနဲ့ ကုန်သွယ်ရာမှာ အမေရိကန် ဒေါ်လာအပေါ် မှီခိုမှု လျှော့ချတဲ့အနေနဲ့ ရုရှား ရူဘယ်ငွေကို အစားထိုး အသုံးပြုမယ်လို့လည်း ပြောထားပါတယ်။ အခုနှစ်မှာ ကုန်ထုတ်လုပ်မှုလျော့ကျပြီး စီးပွားရေးလုပ်ငန်းတွေ ရပ်တန့်နေတဲ့အပြင် ပြည်တွင်းမှာ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် လူငယ်တွေ ရရာနည်းလမ်းနဲ့ ပြည်ပထွက်ခွာဖို့ ကြိုးပမ်းမှုတွေ မြင့်တက်ခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှု မရှိတော့တဲ့ အခြေအနေတွေကြောင့် နယ်စပ်ဒေသတွေမှာ အိမ်နီးချင်းနိုင်ငံတွေက ရာဇဝတ်ဂိုဏ်းဂဏတွေ လာရောက် အခြေစိုက်နေကြပြီး၊ လူကုန်ကူးမှုနဲ့ တရားမဝင် လုပ်ငန်းအမျိုးမျိုး လုပ်ကိုင်နေကြတာကိုလည်း အခုနှစ်မှာ သတင်းမီဒီယာတွေ၊ လူ့အခွင့်အရေးအဖွဲ့တွေက ဖော်ထုတ်ရေးသားခဲ့ပါတယ်။

၂ဝ၁၉ ခုနှစ် ဧပြီလ ၁၇ ရက်နေ့က ပန်ဆန်းမြို့တွင် ကျင်းပသည့် ဝ ဒေသ နှစ် ၃ဝ ပြည့်အခမ်းအနား ညစာစားပွဲ ပြုလုပ်ရာအဆောက်အဦးရှေ့တွင် စောင့်ကြပ်နေသော UWSA တပ်ဖွဲ့ဝင်များ။ (Photo: AFP)

အခုနှစ် အောက်တိုဘာလ ၇ ရက် က ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာတော့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင်က စစ်ကောင်စီ တာဝန်ယူပြီးနောက်ပိုင်း နိုင်ငံ့စီးပွားရေးကျဆင်းခဲ့တယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။

လာမယ့်နှစ်မှာလည်း စစ်ရေး ပဋိပက္ခတွေ၊ ငွေကြေးဖောင်းပွမှု၊ လောင်စာဆီနဲ့ လျှပ်စစ်မီးပြတ်တောက်မှု၊ ကုန်ပစ္စည်းရှားပါးမှုနဲ့ ပြည်ပက ဖိအားတွေကြောင့် မြန်မာ့စီးပွားရေးဟာ ဆက်ပြီးအားနည်းနေမှာဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးပညာရှင် Aaditya Mattoo က သုံးသပ်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org