မြန်မာအပေါ် တရုတ်ရဲ့သြဇာလွှမ်းမိုးလာမှုက အကောင်းအဆိုးဒွန်တွဲနေ

ဦးသစ်ဆင်း (ဝါရှင်တန်ဒီစီ)
2022.08.30
မြန်မာအပေါ် တရုတ်ရဲ့သြဇာလွှမ်းမိုးလာမှုက အကောင်းအဆိုးဒွန်တွဲနေ ၂ဝ၂၁ ခုနှစ် စက်တင်ဘာ ၃ဝ ရက်နေ့က ဘေကျင်းမြို့တွင် တွေ့ရသည့် တရုတ်သမ္မတ ရှီကျင့်ဖျင်။
Photo: AFP

မြန်မာနိုင်ငံမှာ တရုတ်ပြည်ရဲ့ သြဇာသက်ရောက်မှု ကြီးထွားလာနေတဲ့အပေါ် အဆိုးအကောင်း နှစ်ရပ်ပေါင်းပြီး ရှုမြင်နေကြကြောင်း လေ့လာချက်တစ်ရပ်က ဖော်ပြပါတယ်။

မြန်မာနိုင်ငံအခြေစိုက် ISP – Myanmar ခေါ် မဟာဗျူဟာနဲ့ မူဝါဒဆိုင်ရာလေ့လာရေးဌာနက တရုတ်ပြည်အပေါ်သဘောထားအမြင်တွေနဲ့ လက်ရှိ တရုတ်-မြန်မာဆက်ဆံရေး အခြေအနေဆိုင်ရာ လေ့လာချက် အစီရင်ခံစာတစ်စောင် သြဂုတ်လ ၂၉ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ကိုယ်စားလှယ်တွေ ၂၁၅ ဦးကို အမြင်သဘောထားတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလနဲ့ မတ်လအတွင်း ကောက်ခံပြီး ထုတ်ပြန်ခဲ့တာပါ။ ထွက်ပေါ်လာခဲ့တဲ့ ရလဒ်ကတော့ အာဏာသိမ်းစစ်ကောင်စီအပေါ် တရုတ်ရဲ့ထောက်ခံမှုအပါအဝင် မြန်မာနိုင်ငံတွင်းက တရုတ်ရဲ့ သံသယဖြစ်ဖွယ်လုပ်ရပ်တွေနဲ့ ပတ်သက်ပြီးတော့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

image (11).jpg
၂ဝ၂၂ ခုနှစ် မေလ ၂၄ ရက်နေ့တွင် စတင်ပြေးဆွဲသည့် ချုံချင်း-လင်ချန်း-မြန်မာ မီးရထား။ (Photo: Chinese Embassy in Myanmar)

ISP – Myanmar ရဲ့လေ့လာချက်စာတမ်းမှာ ပါဝင်သဘောထားအမြင်ပေးခဲ့ကြသူတွေထဲက အများစုဖြစ်တဲ့ ၅၅ ရာခိုင်နှုန်းက တရုတ်ပြည်နဲ့အိမ်နီးချင်းဖြစ်နေရတဲ့အပေါ် ကံဆိုးမှုအဖြစ် ရှုမြင်ကြသလို တစ်ချိန်တည်းမှာ ပိုပြီးအံအားသင့်ဖို့ ကောင်းတာက လေ့လာချက်မှာ ပါဝင်သူ ၄၀ ရာခိုင်နှုန်းက တရုတ်ကို အိမ်နီးချင်းကောင်းအဖြစ် ဖော်ပြခဲ့ကြတာပါ။

တရုတ်ကလည်း အာဏာသိမ်း မြန်မာစစ်ကောင်စီကို အသိအမှတ်ပြုပြီး ပူးပေါင်းခဲ့တာပါ။ မြန်မာ့နိုင်ငံရေး အကျပ်အတည်းမှာ တရုတ်ရဲ့အခန်းကဏ္ဍ ၅၄ ရာခိုင်နှုန်း ရှိနေတဲ့အတွက် အပြုသဘော လုံးလုံးမဆောင်ဘူးလို့ ရှုမြင်ကြသလို အနည်းနဲ့အများ အပြုသဘောဆောင်ကြောင်း မှတ်ချက်ပြုသူ ၄၀ ရာခိုင်နှုန်း ရှိကြောင်းလည်း တွေ့ရပါတယ်။

ဒါ့ပြင် တရုတ်ရဲ့စီးပွားရေးအရ လွှမ်းမိုးလာနိုင်တဲ့အပေါ် စိုးရိမ်နေကြသူတွေ ၃၉ ရာခိုင်နှုန်း၊ ပထဝီနိုင်ငံရေးအရ လွှမ်းမိုးလာမှာ စိုးရိမ်သူ ၃၁ ရာခိုင်နှုန်း၊ မြန်မာ့ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှာ စိုးရိမ်သူ ၁၉ ရာခိုင်နှုန်း ရှိကြောင်း ISP – Myanmar ရဲ့ လေ့လာချက်စာတမ်းမှာ ဖော်ပြပါတယ်။

အလားတူ မြန်မာ့အကြီးဆုံး ကုန်သွယ်ဘက်ဖြစ်တဲ့ တရုတ်ရဲ့အဆင့်အတန်းနဲ့ ပတ်သက်ပြီး ၅၈ ရာခိုင်နှုန်းက စိုးရိမ်မကင်းဖြစ်ကြသလို၊ ၂၆ ရာခိုင်နှုန်းကလည်း ဒါဟာ မြန်မာအတွက်လည်း စီးပွားရေးအကျိုးအမြတ်တွေ ပေါ်ထွန်းလာနိုင်တဲ့အတွက် ကြိုဆိုသင့်ကြောင်း တုံ့ပြန်ကြပါတယ်။

ဒါပေမဲ့ လေ့လာချက်ရလဒ်တွေက ပြသနေတာက တရုတ်နဲ့စီးပွားရေးဆက်ဆံမှုဟာ - အထူးသဖြင့် တရုတ်ကျောထောက်နောက်ခံပြု အကြီးစားတည်ဆောက်ရေး စီမံကိန်းတွေဟာ တရုတ်အတွက် ကြီးမားတဲ့ အကျိုးရလဒ်တွေ ရရှိစေမှာဖြစ်ကြောင်း ဒီပလိုမက်စာစောင်က ဖော်ပြပါတယ်။

ဒါ့ပြင် CEME ခေါ် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း စီမံကိန်းကလည်း တရုတ်ရဲ့ကုန်းတွင်းပိတ် ယူနန်ပြည်နယ်ကို အိန္ဒိယသမုဒ္ဒရာနဲ့ထိဆက်ဖို့ဖြစ်ပါတယ်။ အဲဒီစီမံကိန်းရဲ့ရာခိုင်နှုန်းအများစုက တရုတ်ပြည်အတွက်ဖြစ်ပြီး ၁၂ ရာခိုင်နှုန်းကိုသာ တရုတ်နဲ့မြန်မာ အကျိုးတူ ခွဲဝေခံစားရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက် သီးသန့်ခံစားရမယ့်အကျိုးနဲ့ ပတ်သက်လို့ ဖော်ပြမထားပါဘူး။

အလားတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ကိုယ်စားလှယ်တွေ၊ စစ်တပ်အာဏာသိမ်းမှုဆန့်ကျင်ရေးအဖွဲ့တွေရဲ့ ပါဝင်မှုတွေနဲ့ ပတ်သက်ပြီးတော့လည်း ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

ISP – Myanmar ခေါ် မဟာဗျူဟာနဲ့မူဝါဒဆိုင်ရာ လေ့လာရေးဌာနရဲ့လေ့လာမှု ရလဒ်တွေအရကတော့ တရုတ်ပြည်နဲ့ပတ်သက်ပြီး အပျက်မြင်တဲ့ ခံစားမှုဟာ အသေမဟုတ်ဘဲ ဗီယက်နမ်နိုင်ငံလို ပြောင်းလဲနိုင်စွမ်းရှိကြောင်း တရုတ်အနေနဲ့ ဒေသတွင်းက သဘောာထားအမြင်တွေကို သူ့ရဲ့မြန်မာဆိုင်ရာမူဝါဒမှာ ထည့်သွင်းဆောင်ရွက်နိုင်မလားဆိုတာကတော့ သံသယဖြစ် စရာရှိကြောင်း ဒီပလိုမက် စာစောင်က ဖော်ပြပါတယ်။

ဒီအတွင်း တရုတ်ပြည်က ကမကထပြုဆောင်ရွက်တဲ့ LMC ခေါ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးဟာ တရုတ်နဲ့မြန်မာကြား အထိရောက်ဆုံး ပူးပေါင်းဆောင်ရွက်မှု ဖြစ်လိမ့်မယ်လို့ မြန်မာနိုင်ငံဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်သန်းသန်းနု က ပြောပါတယ်။ တရုတ်ပြည် ပေကျင်းအခြေစိုက် Global Times သတင်းစာက မေးမြန်းရာမှာပြောကြားခဲ့တာပါ။

dfc621f7-44a4-4819-bd7e-333fabe1d529.jpeg
ရခိုင်ပြည်နယ်၊ ကျောက်ဖြူက တရုတ်ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းနေရာတစ်ခု။ (Photo: RFA)

တရုတ်ပြည်ရဲ့ အောင်မြင်မှုဟာ မြန်မာအတွက်လည်း အသုံးဝင်တန်ဖိုးရှိတဲ့ နမူနာကောင်းဖြစ်ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ ပြည်သူ့လူနေမှုဘဝတွေတိုးတက်မှု ဆင်းရဲမွဲတေမှု တိုက်ဖျက်မှုတွေကို အတုယူရမှာ ဖြစ်ကြောင်းလည်းပြောဆိုပါတယ်။ ဒေါ်သန်းသန်းနုရဲ့ ဖခင် ဝန်ကြီးချုပ်ဦးနု တရုတ်ပြည်ခေါင်းဆောင် ဥက္ကဋ္ဌ မော်စီတုန်းနဲ့ ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ရာမှာ တရုတ်အစိုးရက ရာနဲ့ချီတဲ့ တိုးတက်ဖွံ့ဖြိုး စီမံကိန်းတွေဆောင်ရွက်ခဲ့သလို မြန်မာနိုင်ငံကိုလည်း အကူအညီပေးမယ်လို့ ကတိပြုခဲ့ကြောင်းလည်းပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ပထမဆုံးဝန်ကြီးချုပ်ဖြစ်တဲ့ ဦးနုရဲ့သမီးဖြစ်သူ ဒေါ်သန်းသန်းနုဟာ တရုတ်ပြည်ကို အနည်းဆုံးငါးကြိမ် သွားရောက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။