အာဏာသိမ်းပြီးနောက် ရန်ကုန်မှာ ဟိုတယ်ရောင်းချမှု များလာ
ပြီးခဲ့တဲ့ မေလဆန်းပိုင်းမှာ အိမ်ခြံမြေရောင်းဝယ်ရေးကုမ္ပဏီတစ်ခုက ရန်ကုန်မြို့မှာ ဟိုတယ် ၂၇ လုံး ရောင်းဖို့ရှိတယ်လို့ လူမှုကွန်ရက်မှာ ကြေညာထားပါတယ်။
-
တင်အောင်ခိုင်
2023-06-14 -
-
-
ပြီးခဲ့တဲ့ မေလဆန်းပိုင်းက လူမှုကွန်ရက်မှာပါလာတဲ့ ထူးထူးဆန်းဆန်းကြော်ငြာတစ်ခုမှာ အိမ်ခြံမြေရောင်းဝယ်ရေးကုမ္ပဏီတစ်ခုက ရန်ကုန်မြို့မှာ ဟိုတယ် ၂၇ လုံး ရောင်းဖို့ရှိတယ်လို့ ကြေညာထားပါတယ်။ အဲ့ဒီရောင်းမယ်ဆိုတဲ့ ဟိုတယ်တွေဟာ ငါးထပ်တိုက် ခြောက်တိုက်တွေ ဖြစ်ပြီး တချို့က ကိုးထပ်တိုက်၊ အခန်းပေါင်းက ၅ဝ နဲ့ အထက်ရှိနေပါတယ်။
ဈေးတွေကတော့ နေရာနဲ့ အဆောက်အဦတွေပေါ် မူတည်ပြီး ကျပ်သိန်းပေါင်း နှစ်သောင်းကျော်ကနေ သိန်း ငါးသောင်း၊ ခြောက်သောင်းကျော်အထိ ဈေးခေါ်ထားပါတယ်။ အခုလို ဟိုတယ်တွေ အစုလိုက်အပြုံလိုက် ရောင်းမယ်လို့ ကြော်ငြာလာတာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ အိမ်ခြံမြေရောင်းဝယ်သူတွေက ပြောပါတယ်။
ဒီထူးခြားတဲ့ ကြော်ငြာနဲ့ပတ်သက်ပြီး ကြော်ငြာတဲ့ Luxury House အိမ်ခြံမြေရောင်းဝယ်ရေးကို မေးမြန်းတဲ့အခါ ဟုတ်မှန်ကြောင်း တကယ်တမ်းက ရောင်းချမယ့် ဟိုတယ်စုစုပေါင်းက ၂၇ လုံးမကဘဲ ၅၀ ကျော်တယ်လို့ ပြောပြပါတယ်။
မြန်မာ့ခရီးသွားလုပ်ငန်းအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ဟိုတယ်စုစုပေါင်း ၁၉၈၄ လုံးရှိပြီး အခန်းပေါင်း ရှစ်သောင်းနီးပါး ရှိတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံကို ပြည်ပက ခရီးသွားလာရောက်တာနည်းလာတာဟာ ခရီးသွားလုပ်ငန်းကို ထိခိုက်မှုရှိနေတယ်လို့ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူ လုံခြုံရေးအရ အမည်မဖော်လိုသူ ဧည့်လမ်းညွှန်တစ်ဦးက ပြောပါတယ်။
“အခုဟာက မြန်မာပြည်ကိုလာတဲ့ ဧည့်သည်မှ မရှိတာ၊ မြန်မာနိုင်ငံကို နိုင်ငံခြားဧည့်သည်မဝင်တာ အဓိကဖြစ်သလို မြန်မာနိုင်ငံသားတွေအနေနဲ့လည်း ဟိုတယ်တွေမှာ မတည်းနိုင်ဘူး။ နောက် မီးမလာတော့ စားရိတ်တွေတက်ပေမဲ့ ဟိုတယ်ခ တိုးလို့လည်း မဖြစ်တဲ့ အခြေအနေ”
အာဏာမသိမ်းခင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှာ နိုင်ငံခြားခရီးသွား ၄.၈ သန်းထိ ရှိခဲ့ပေမဲ့ အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာမှာ လေးလအတွင်း နိုင်ငံခြားခရီးသွား နှစ်သောင်းကျော်ဝင်လာတယ်လို့ စစ်ကောင်စီကပြောပေမဲ့ နိုင်ငံခြားဧည့်သည်ကို အားထားပြီး လည်ပတ်ရတဲ့ နေရာတွေ၊ ဟိုတယ်တွေဟာ ဒုက္ခကြုံကြရပါတယ်။ လက်ရှိမှာတော့ မီးမလာလို့ မီးစက်သုံးရတာကြောင့် အသုံးစရိတ်တွေ တက်ရပါတယ်။ ဒါပေမဲ့ ဟိုတယ်လေးတွေမှာ အိမ်မှာ မီးမလာတဲ့အတွက် လာတည်းသူတွေ များတယ်လို့ ဟိုတယ်လုပ်ငန်းလုပ်ကိုင်သူ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးကပြောပါတယ်။
“ပြောရတာခက်ပါတယ်။ မီးမလာလို့ ကျွန်မတို့ဟိုတယ်ကြီးတွေသာ ပြဿနာတက်တာ ကျွန်မတို့ အိမ်နားက ဟိုတယ်တွေကျတော့ လူအပြည့်ပဲ။ မီးမလာလို့ ဟိုတယ်မှာလာတည်းကြတာ၊ မီးနဲ့ အင်တာနက်နဲ့ ဆိုတော့ပေါ့။ ”
တကယ်က ဟိုတယ်လုပ်ငန်းရဲ့သဘောသဘာဝက အချိန်တို ရင်းနှီးမြှုပ်နှံမှုမဟုတ်ဘူးလို့လည်း ပြောပါတယ်။
“ဟိုတယ်လုပ်ငန်းက အချိန်တိုရင်းနှီးတာမျိုးမဟုတ်ဘူး။ ဒီလုပ်ငန်းကောင်းဖို့ လိုတာက နိုင်ငံစီးပွားရေးကောင်းနေဖို့ လိုတယ်။ ကျွန်မတို့ စလုပ်တဲ့ ၁၉၉၁- ၉၂ အချိန်က စီးပွားရေး ကောင်းတယ်။ ဟိုတယ်တွေကမြန်မာပြည်မှာမရှိဘူး။ နောက်လုပ်ငန်းကို စလုပ်ရင် အနည်းဆုံး ခုနစ်နှစ်လောက်မှ အမြတ်အစွန်းကို မျှော်လင့်လို့ရတယ်။ တချို့က မြေရှိတယ်။ ဒါကြောင့် ဟိုတယ်ဆောက်တယ်။ ပြန်ရောင်းတယ်။ အဲ့ဒီကနေ အကျိုးအမြတ်ရတယ်”
လက်ရှိမြန်မာနိုင်ငံရဲ့ ဟိုတယ်လုပ်ငန်းဟာ တိုင်းပြည်ရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးအခြေခံတွေအပေါ် မူတည်နေတယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။ အခုလိုဟိုတယ်တွေ ရောင်းချနေခြင်းဟာ ရင်းနှီးမြှုပ်နှံမှုတွေကို မြန်မာပြည်ကနေရွှေ့ပြောင်း နေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုသူ စီးပွားရေးပညာရှင်တစ်ဦးကပြောပါတယ်။
“ဒီမှာက စီးပွားရေးက အခြေအနေက မမှန်တဲ့အခါကျတော့ ဟိုတယ်ရောင်းမယ်။ ရတဲ့ငွေနဲ့ သူတို့နိုင်ငံခြားမှာ ကွန်ဒိုတိုက်ခန်းတွေ သွားဝယ်တယ်။ investment (ရင်းနှီးမြှုပ်နှံမှု) သွားလုပ်တာပေါ့။ ဘန်ကောက်မှာ ဒါမှမဟုတ် တချို့နေရာမှာ ကွန်ဒိုတွေ သွားဝယ်တယ်။ တိုက်ခန်းတွေ သွားဝယ်တယ်။ အဲ့ဒီမှာပဲ သွားနေတယ်။ အဲ့ဒီမှာပဲ စီးပွားရေးသွားလုပ်ကြတာပေါ့”
ဟိုတယ်လုပ်ငန်းတစ်ခုလုံးဟာ လက်ရှိစီးပွားရေးရဲ့ လားရာအတိုင်းသွားနေတာဖြစ်လို့ ဟိုတယ်အကြီးစားတွေက မူလက တွက်ချက်ထားပြီးဖြစ်လို့ တောင့်ခံနိုင်ပေမဲ့ အသေးစားဟိုတယ်တွေဟာ အလျင်စလို ရောင်းချနေကြပြီး ရင်းနှီးမြှုပ်နှံမှုတွေကို ရွှေ့ပြောင်းနေကြတာလို့ စီးပွားရေးပညာရှင်တွေက သုံးသပ်ပါတယ်။