မဂ္ဂါစီးတီးစာရင်းဝင် မြို့ကြီး ဖြစ်လာမယ့် ရန်ကုန်မြို့
2016.10.18
ကမ္ဘာ့သမိုင်းဦးဘုံမြေခေတ်ကစလို့ လူသားတွေဟာ အသက်ရှင်သန် ရပ်တည်ရေးအတွက် “ရေကြည်ရာ မြက်နုရာ” ဆိုသလို အခွင့်အလမ်းရှိတဲ့ နေရာဒေသတွေဆီ ပြောင်းရွှေ့နေကြပါတယ်။ အဲဒီလို ပြောင်းရွှေ့မှုတွေ များလွန်းလာတာကနေ နောက်ဆက်တွဲ ဆိုးကျိုးတွေက ပြဿနာကြီးတွေအဖြစ် ဖန်တီးလာတာကြောင့် ကုလသမဂ္ဂလို အဖွဲ့အစည်းတွေအပါအဝင် ကမ္ဘာ့နိုင်ငံအစိုးရအသီးသီးက မူဝါဒအစီအစဉ်တွေ ချမှတ်ပြီး ကြိုးပမ်းဆောင်ရွက်နေကြပါတယ်။
လူသားတွေ ရွေ့လျားပြောင်းလဲမှုတွေကို ယေဘုယျ အကြမ်းဖျင်း လေ့လာကြည့်မယ်ဆိုရင် ဆင်းရဲတဲ့ ကျေး လက်တောရွာ ဒေသတွေကနေ ဖွံ့ဖြိုးတိုးတက်တဲ့ မြို့ပြဒေသတွေကို ပြောင်းရွှေ့နေကြတာ တွေ့မြင်နိုင်သလိုပဲ ဆင်းရဲတဲ့နိုင်ငံတွေကနေ ချမ်းသာတဲ့ နိုင်ငံတွေကို ပြောင်းရွှေ့နေကြတာကိုလည်း သတိပြုမိကြမှာပါ။ ဒါ့ပြင် ဖိနှိပ်မှုအမျိုးမျိုး၊ သဘာဝဘေးဒဏ်နဲ့ ပြည်တွင်းစစ်လို ပဋိပက္ခတွေကြောင့်လည်း ပြောင်းရွှေ့မှုတွေ အများအပြား ရှိနေပါတယ်။
ဒီပြောင်းရွှေ့မှုတွေကြောင့် အခုဆိုရင် ကမ္ဘာ့လူဦးရေ သန်း ၇၀၀၀ ကျော်ရှိတဲ့အထဲက တဝက်ကျော်ဖြစ်တဲ့ ၅၃ ရာခိုင်နှုန်းဟာ မြို့ပြတွေမှာ နေထိုင်ကြပြီဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်း ကျေးလက်တွေကို စွန့်ခွာပြီး မြို့ပြတွေမှာ ပြောင်းရွှေ့နေထိုင်မှုတွေ အရှိန်အဟုန်နဲ့ ရှိနေဦးမှာမို့ လာမယ့် ၂၀၅၀ ခုနှစ် အရောက်မှာဆိုရင် ကမ္ဘာ့လူဦးရေ ၃ ပုံ ၂ ပုံကျော်ဟာ မြို့ပြတွေမှာ နေထိုင်ကြတော့မှာ ဖြစ်ပါတယ်။
ကမ္ဘာ့အစိတ်အပိုင်းတွေမှာ လူတွေ ပြောင်းရွှေ့နေတာတွေကို လေ့လာကြည့်ရင် အာရှတိုက်နိုင်ငံတွေ က ပြောင်းရွှေ့မှု ပိုမြန်ဆန်တာကို တွေ့ရပါတယ်။ ဥရောပတိုက်က ဗြိတိန်နိုင်ငံလန်ဒန်မြို့ဆိုရင် လူတစ်သန်း ကနေ ရှစ်သန်းပြည့်ဖို့ နှစ်ပေါင်း ၁၃၀ လောက်အထိ ကြာမြင့်ခဲ့ပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံဘန်ကောက်မြို့က ၄၅ နှစ်ပဲကြာခဲ့ပါတယ်။ အလားတူပဲ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ဟာလည်း၂၅ နှစ်ပဲ ကြာခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ ကမ္ဘာ့မြို့ကြီးတွေကို ပြန်ကြည့်ရင် လူဦးရေ ၁၀ သန်းကျော်နေထိုင်တဲ့ မဂ္ဂါစီးတီးလို့ ခေါ်တဲ့ မြို့ကြီးတွေဟာ အာရှတိုက်မှာ အများဆုံးတွေ့ရမှာပါ။
ဥပမာ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့နဲ့ ဘေဂျင်းမြို့၊ ဂျပန်နိုင်ငံ တိုကျိုမြို့၊ ပါကစ္စတန်နိုင်ငံ ကရာချိမြို့ စတဲ့မြို့တွေဟာ မဂ္ဂါစီးတီး မြို့ကြီးတွေပါ။ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တောင် ၁၉၇၀ လောက်က လူတစ်သန်းတောင် မရှိခဲ့ပေမယ့် အခုဆိုရင် ၁၀ သန်းနီးပါးရှိနေပါပြီ။ ဒီအတိုင်းဆိုရင် ဟနွိုင်းဟာ များမကြာခင်မှာပဲ မဂ္ဂါစီးတီးစာရင်းဝင် မြို့ကြီးဖြစ် လာတော့မှာပါ။ မဂ္ဂါစီးတီးတွေ အရှိန်အဟုန်နဲ့ ထပ်တိုးလာဖို့ရှိပြီး ရန်ကုန်မြို့တောင် လာမယ့် ၂၀၄၀ လောက်ကျ ရင် မဂ္ဂါစီးတီးဖြစ် လာတော့မယ်လို့ ကျွမ်းကျင်သူတွေက တွက်ချက်ထားပါတယ်။ အခုဆိုရင်ပဲ မြန်မာနိုင်ငံ မှာ ကျေးလက်နဲ့ မြို့ပြဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်ကြီးမားတဲ့အတွက်ကြောင့် အလုပ်အကိုင်အခွင့်အလမ်းရှိတဲ့ မြို့ကြီးတွေကို ပြောင်းရွှေ့အခြေချမှုတွေ တိုးများလာတဲ့အတွက် ကျေးလတ်ဒေသတွေမှာ လူငယ်တွေ သိသိသာသာလျော့နည်းလာပြီဖြစ်ပါတယ်။
ဘဝတိုးတက်ရာတိုးတက်ကြောင်း အာမခံချက်မရှိတဲ့ ကျေးလက်တောရွာတွေကို စွန့်ခွာပြီး မြို့ကြီးတွေမှာ စုပြုံရောက်ရှိလာတဲ့အခါ အလုပ်အကိုင်အခွင့်အလမ်း အလုံအလောက်မဖန်တီးပေးမှုကြောင့် နိုင်ငံခြား တိုင်းပြည်တွေအထိ ထပ်မံရွှေ့ပြောင်းအလုပ်လုပ်နေကြရ ပါတယ်။ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဆော်ဒီ၊ ကာတာ စတဲ့ နိုင်ငံခြားတိုင်းပြည်တွေမှာ သွားရောက်အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားက စာရင်းအတိအကျကောက် ယူမယ်ဆိုရင် အနည်းဆုံး ငါးသန်းမက ရှိနိုင်ပါတယ်။ တနည်းပြောရရင် ရန်ကုန်မြို့တစ်မြို့လုံးစာလောက်ရှိ တဲ့ မြန်မာနိုင်ငံသားတွေ ပြည်ပနိုင်ငံတွေမှာ အလုပ်ထွက်လုပ်နေကြတာလို့ ဆိုနိုင်ပါတယ်။ ဒီရွှေ့ပြောင်း မှုတွေကြောင့် ကျေးလက်ဒေသက လယ်ယာစိုက်ပျိုးရေးမှာပိုင်းမှာရော ကျေးလက်ဓလေ့ထုံးတမ်းတွေ လက်ဆင့်ကမ်းသယ်ယူမယ့် မျိုးဆက်တွေပါ ရှားပါးလာပြီလို့ မြန်မာမှုရသ စာပေတွေ ရေးသားနေတဲ့ မန္တလေးမြို့က စာရေးဆရာမ ခင်ခင်ထူးက ထောက်ပြပါတယ်။
“အထင်အရှားတွေ့ရတာကတော့ ကျေးလက်တွေမှာ လူငယ်တွေတော်တော်များများ မရှိတဲ့ပြဿနာပဲ၊ လူငယ်တွေက အထူးသဖြင့် အိမ်နီးနားချင်း နိုင်ငံတွေမှာသွားပြီး အလုပ်လုပ်ကြတာများတယ်၊ အလုပ်လုပ်ကြတာ များတော့ တောင်သူလယ်လုပ်တွေမှာ လူကြီးပိုင်းတွေလောက်ပဲ ကျန်တာပေါ့နော်၊ လူကြီးပိုင်းတွေလောက်ပဲ ကျန်ပြီးတော့ လူငယ်တွေက ကျွန်မတို့ ကျေးလက်ယဉ်ကျေးမှုကို ဆက်ခံယူဖို့ရာ နောက် ကျေးလက်ဓလေ့ ထုံးစံတွေကို ဆက်ခံယူဖို့ရာကတော့ တော်တော်လေးကို ရှားသွားပြီလို့ ပြောရမှာပဲ။ အဲဒီမြင်ကွင်းကတော့ ပထမဆုံးမြင်တဲ့ မြင်ကွင်းပေါ့၊”
“နောက်တစ်ခုကတော့ ဒီလယ်ယာအလုပ်ကိုလည်း လူငယ်တွေက စိတ်မဝင်စားကြတော့ဘူး ပေါ့နော၊ ဘာလို့ စိတ်မဝင်စားဘူးလဲဆိုတော့ ကျွန်မတို့က နည်းပညာလည်း မဖွံ့ဖြိုးဘူး၊ သမားရိုးကျကြီး သွားနေကြတဲ့ အခါကျတော့ သူတို့ ဒီလယ်ယာလုပ်ငန်းအပေါ်မှာ စိတ်ဝင်စားမှု မရှိဘူး၊ သူတို့က မြို့ပြတို့ ဒီနိုင်ငံရပ်ခြားတို့ကိုပဲ စိတ်ဝင်စားနေကြတာပေါ့လေ၊ လူငယ်တွေ တော်တော်များများကလည်း သွားနေကြတယ်၊ အဲဒီအပိုင်းမှာကျတော့ ကျွန်မတို့ ကျေးလက်တွေ ဖွံ့ဖြိုးမှုနည်းတာပေါ့နော်”
မြို့ကြီးတွေမှာ လူဦးရေအဆမတန် များပြားမှုပြဿနာနဲ့အတူ လေထု ရေထု ညစ်ညမ်းမှု၊ သဘာဝပတ်ဝန်းကျင် ယိုယွင်းမှု၊ ယာဉ်ကြောပိတ်ဆို့မှု၊ လျှပ်စစ်မီး၊ သောက်သုံးရေ၊ အလုပ်အကိုင်၊ ကျန်မာရေး ပညာရေး၊ လူမှုရေး ဝန်ဆောင်မှု၊ အိမ်ယာအဆောက်အဦး စတာတွေ မလုံလောက်မှုတွေနဲ့အတူ နောက်ဆက်တွဲ ပြဿနာတွေက တပုံတပင်ပါ။
ကျေးလက်မြို့ပြဖွံ့ဖြိုးတိုးတက်မှုကို ဟန်ချက်ညီအောင် ထိန်းညှိမလုပ်ဆောင်နိုင်ဘူးဆိုရင် လူရွှေ့ပြောင်းမှု တွေကြောင့် ကျေးလက်မှာရော မြို့ပြမှာပါ ပြဿနာတွေ ရင်ဆိုင်လာရနိုင်ပါတယ်။
ဂျပန်နိုင်ငံမှာဆိုရင် ကျေးလက်ဒေသတွေမှာ သက်ကြီးရွယ်အိုတွေပဲ အများဆုံး ကျန်ရစ်ပြီး၊ လူငယ် လူရွယ်တွေက တိုကျိုတို့ အိုဆာကာတို့လို မြို့ကြီးတွေမှာ သွားရောက်အလုပ်လုပ်နေကြတာကြောင့် နှစ်စဉ်ချယ်ရီပန်းပွင့်တိုင်း မြို့ကပြန်လာမယ့် သားသမီးတွေကို မျှော်ရတဲ့ သက်ကြီးရွယ်အိုတွေရဲ့ အထီးကျန်ဒုက္ခတွေက တနင့်တပိုးပါ။ ဧရာဝတီမြစ်ဝကျွမ်းပေါ်ဒေသတွေမှာလည်း အလားတူပါဘဲ။ ငါးရှာ၊ ဖားရှာလို အလုပ်မျိုးတောင် ထမင်းနပ်မှန်ဖို့ခက်ခဲလာတာကြောင့် အလုပ်လုပ်နိုင်တဲ့ လူငယ်တွေမှန်သမျှ မြို့ပေါ်တက်ပြီး ရုန်းကန်နေကြရပါတယ်။ အခုဆိုရင် လူငယ်တွေဟာ နယ်တွေမှာ မရှိသလောက်ဖြစ်သွားပြီလို့ ဖျာပုံအမာမြို့နယ် ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဌာန ဝန်ထမ်းတစ်ဦးဖြစ်သူ ဦးဝင်းမြင့်အောင် က ပြောပြပါတယ်။
“ပြောရလို့ရှိရင် ဒီမှာက လူငယ်က ကုန်သလောက်ဖြစ်သွားပြီ၊ မရှိသလောက်ပဲ။ ရေကြည်ရာ မြက်နု ရာပေါ့ နိုင်ငံခြား စင်ကာပူသွားတဲ့သူတွေလည်းရှိတယ်၊ ရန်ကုန်လှိုင်သာယာမှာသွားပြီးတော့ ရန်ကုန်မှာ အလုပ်လုပ်နေတဲ့သူတွေလည်းရှိတယ်၊ အခွင့်အလန်းမရှိလို့ပေါ့၊ အလုပ်အကိုင်မကောင်းကြတဲ့အခါ ကျတော့ ပြောရလို့ရှိရင် အလုပ်က ပေးစရာကို မရှိတာ။ အရင်တုန်းကဆိုလို့ရှိရင် ဒီရေတောကနေပြီးတော့ လုပ်ငန်းလေးတွေရှိတယ်၊ ဂဏန်းထောင်တာတို့ ဘာတို့၊ အခုအဲဒါတွေကလည်း ဒီလောက်ကြီး အလုပ်မဖြစ်တော့ဘူး၊ မထွက်သလိုဖြစ်သွားတယ်လေ၊ ပစ္စည်းက ရှားပါးသွားတယ်၊ အဲဒီတော့ ဒီဟာကို လုပ်နေမယ်ဆိုလို့ရှိရင်လည်း သူတို့ စားဝတ်နေရေးက မပြေလည်နိုင်ဘူး၊ အဲလိုဖြစ်တဲ့အခါကျတော့ သူတို့က ရန်ကုန်မှာကျတော့ အလုပ်နည်းနည်းလေး ရှိသေးတာပေါ့၊ ပြောရရင် အလုပ်ကြမ်းပဲဖြစ်ဖြစ် အလုပ်လုပ်ရသေးတာပေါ့”
“အခုလို သီတင်းကျွတ်ရက်ဆိုရင် ပိုသိသာတယ်၊ အရင်တုံးကဆိုလို့ရှိရင် တို့ဆီမှာ သီတင်းကျွတ်ဆိုလည်း နည်းနည်းစည်စည်ကားကားလေးနဲ့၊ နောက်ဆုံးပိတ်မှာ ရန်ကုန်လောက်ရောက်တဲ့ လူငယ်တွေ ဆိုလို့ရှိရင် နယ်မှာပြန်စုတယ်၊ သူတို့ ဒီသီတင်းကျွတ်နဲ့ သြင်္ကန်ကိုတော့ ပြန်စုကြတာ ရှိတယ်၊ အခုဆိုလို့ရှိရင် မတွေ့ရသလောက် ဖြစ်သွားတယ်၊ စည်ကားမှု မရှိတော့တာပေါ့”
အရှေ့အာရှနဲ့ အရှေ့တောင်အာရှဒေသမှာ၂၀၁၀ ခုနှစ်နောက်ပိုင်းကစလို့ ကျေးလက်တောရွာတွေကနေ မြို့တွေကို ပြောင်းရွှေ့လာသူ သန်း ၂၀၀ လောက်ရှိတဲ့အတွက် အင်မတန်မြန်ဆန်တဲ့နှုန်းနဲ့ ပြောင်းရွှေ့နေကြ တယ်လို့ ဆိုနိုင်ပါတယ်။ မြန်မာနိုင်ငံမှာလည်း အဲဒီလူပြောင်းရွှေ့နှုန်းတွေ၊ မြို့ပြလူဦးရေ ကြီးထွားမှုနှုန်းတွေကို စနစ်တကျတွက်ချက်ပြီး နောင် ၅ နှစ်တာအတွက်၊ နောင် ၁၀ နှစ်တာအတွက် စသဖြင့် ကြိုတင်အကွက်ချ စီမံလုပ်ဆောင်နိုင်မှုမရှိဘူးဆိုရင် အထူးသဖြင့် မြို့ကြီးတွေမှာ လူဦးရေအဆမတန်ပြွတ်သိပ်မှု၊ ယာဉ်ကြောပိတ်ဆို့မှု၊ လေထုရေထု ညစ်ညမ်းမှု၊ ရာသီဥတု ဆိုဝါးဖောက်ပြန်ပြောင်းလဲမှုလို ပြဿနာကြီးတွေနဲ့ ဆိုးဆိုးရွားရွားရင်ဆိုင်ရဖွယ်ရှိကြောင်း တင်ပြလိုက်ရပါတယ်။