အလုပ်သမားသမဂ္ဂတွေ လွတ်လပ်စွာရပ်တည်လုပ်ကိုင်ခွင့်ရဖို့ မျှော်လင့်

စန်းမော်အောင် (ဝါရှင်တန်ဒီစီ)
2023.10.20
အလုပ်သမားသမဂ္ဂတွေ လွတ်လပ်စွာရပ်တည်လုပ်ကိုင်ခွင့်ရဖို့ မျှော်လင့် ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ရှိ အထည်ချုပ်စက်ရုံတစ်ခုမှ အလုပ်သမားများအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့ က တွေ့ရစဉ်။
RFA

အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေကို ပစ်မှတ်ထားပြီး အလုပ်သမားအသင်းအဖွဲ့တွေ၊ သမဂ္ဂလှုပ်ရှားမှုတွေကို ဖျက်ဆီးဖို့ စစ်ကောင်စီက ကြိုးပမ်းလုပ်ဆောင်နေတဲ့အကြောင်း အောက်တိုဘာလ ၄ ရက်နေ့ကထုတ်ပြန်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) ရဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲဒီအစီရင်ခံစာမှာ မြန်မာစစ်ကောင်စီက အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေကို ပုံစံမျိုးစုံနဲ့ အကြမ်းဖက်၊ ညှဉ်းပန်းနှိပ်စက်တာတွေနဲ့ လူမဆန်ဘဲ ပြုမူနေတာတွေကို ချက်ချင်းရပ်တန့်ပြီး ပုံစံမျိုးစုံနဲ့ အဓမ္မလုပ်အား ဒါမှမဟုတ် မလုပ်မနေ အလုပ်ခိုင်းစေနေတာတွေကို အဆုံးသတ်ဖို့ စုံစမ်းစစ်ဆေးရေးကော်မရှင်က တိုက်တွန်းထားပါတယ်။ ဒါ့အပြင် အစီရင်ခံစာပါ ဖော်ပြချက်တွေကို မြန်မာစစ်ကောင်စီဘက်က ပြန်လည်ချေပဖို့ အချိန်သုံးလပေးထားပြီး တိုက်တွန်းချက်တွေကို မလိုက်နာရင် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICJ) မှာ တက်ရောက် ဖြေရှင်းရမယ်လို့ ဆိုပါတယ်။

လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခြင်းနဲ့ စုဝေးခွင့်ဆိုင်ရာပြဌာန်းချက်အရ မြန်မာနိုင်ငံက လိုက်နာရမယ့် တာဝန်တွေကို ချိုးဖောက်တာလို့လည်း ဆိုထားပါတယ်။

အာဏာသိမ်းပြီးနောက်နှစ်နှစ်ကျော်အတွင်းမှာ အလုပ်သမားအခွင့်အရေးကာကွယ်လုပ်ကိုင်မယ့် အဖွဲ့အစည်းတွေမရှိတော့သလို အခွင့်အရေး ချိုးဖောက်ခံရတာတွေ ပိုများလာတယ်လို့ မြန်မာနိုင်ငံ အထွေထွေအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် FGWM ဥက္ကဋ္ဌ မမိုးစန္ဒာမြင့်က ပြောပါတယ်။

“ဖိနှိပ်မှုတွေကို ပုံစံမျိုးစုံနဲ့ လုပ်နေကြတာပေ့ါနော်။ အလုပ်သမားတွေကဆိုလို့ရှိရင် အလုပ်အကိုင်ရှားပါးလာတာ မတရားဖိနှိပ်ခံနေရတယ်။ ဒါ ဂုတ်သွေးစုပ်ခံနေရတာတွေက လုပ်သလောက်အခွင့်အရေးနဲ့ အကျိုးစီးပွားတွေမရတာ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေကို လွတ်လပ်စွာ တောင်းဆိုခွင့် တိုင်ကြားခွင့် မရှိကြဘူးပေါ့နော်။ ဒီနစ်နာမှုတွေကို အလုပ်သမားတွေရဲ့ အခွင့်အရေးချိုးဖောက်မှုတွေကို ကူညီဖြေရှင်းပေးမယ့် အရင်လိုလုပ်ငန်းခွင်တွေထဲမှာ စစ်မှန်တဲ့သမဂ္ဂတွေက မရှိသလို ကျွန်မတို့လို အဖွဲ့ချုပ်တွေကလည်း စစ်ကောင်စီရဲ့ တရားမဝင်အသင်းကြေညာတယ်။ မတရားပုဒ်မတွေ တပ်ပြီးတော့မှ ဝရမ်းတွေထုတ်တဲ့အတွက် ကျွန်မတို့လည်းထွက်ပြေးတိမ်းရှောင်နေရတဲ့အပေါ်မှာ ဒီအလုပ်သမားတွေကို ကူညီပေးနိုင်မယ့် အဖွဲ့ချုပ်တွေကလည်း မြေပြင်မှာ ရှိမနေကြတော့ဘူးပေါ့နော်

ရန်ကုန်တိုင်း ရွှေပြည်သာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံတစ်ရုံအား ၂ဝ၁၅ ခုနှစ်က တွေ့ရစဉ်။ Photo : AFP
ရန်ကုန်တိုင်း ရွှေပြည်သာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံတစ်ရုံအား ၂ဝ၁၅ ခုနှစ်က တွေ့ရစဉ်။ Photo : AFP

လက်ရှိအခြေအနေမှာ အလုပ်သမားအရေးကူညီနေသူတွေကို ဖမ်းဆီးတာ ခြိမ်းခြောက်တာတွေရှိနေပြီး အလုပ်ရှင်တွေက အလုပ်သမားအရေးတောင်းဆိုနေတဲ့ အလုပ်သမားတွေကို အကြောင်းပြအလုပ်ထုတ်တာ ယာယီစက်ရုံပိတ်သိမ်းတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။ အာဏာသိမ်းနှစ်နှစ်ကျော်အတွင်း အလုပ်သမားခေါင်းဆောင်နဲ့ အလုပ်သမားအရေး လှုပ်ရှားသူ ၃၀၀ ကျော် ဖမ်းဆီးထောင်ချခံထားရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ရဲ့ အခုနှစ် မေလအထိ ပြုစုထားတဲ့ စာရင်းတွေအရ သိရပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး တစ်လအကြာမှာကတည်းက စစ်ကောင်စီ ရဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနကနေ အလုပ်သမား သမဂ္ဂနဲ့ အလုပ်သမားအရေး လှုပ်ရှားတဲ့ အဖွဲ့အစည်း ၁၆ ဖွဲ့ကို တရားမဝင်အဖွဲ့အစည်းတွေအဖြစ် ကြေညာခဲ့ပါတယ်။

တချို့စက်ရုံတွေမှာ အလုပ်သမားသမဂ္ဂအဖွဲ့ငယ်တွေကို ဖွဲ့စည်းခွင့်ပေးထားပေမယ့် တကယ့်လက်တွေ့အခြေအနေမှာ အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေကိုအပြည့်အဝတောင်းဆိုခွင့် မရနိုင်သေးဘူးလို့ ရန်ကုန်မြို့က စက်မှုဇုန်တစ်ခုမှာ အလုပ်လုပ်နေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အလုပ်သမားတစ်ဦးက ပြောပါတယ်။

“ကိုယ်ပြောချင်တဲ့အရာတွေကိုတောင်မှ ထိန်ချန်ပြီးပြောရတာမျိုးတွေရှိတယ်။ ကိုယ့်ဘက်က နည်းနည်းလေးစကားမှားသွားပြီဆိုတာနဲ့ သူတို့က ခြိမ်းခြောက်တဲ့စကားလုံးလေးတွေ သုံးတာမျိုးတွေရှိတယ်။ ရှိတဲ့အခါကျတော့ ဒီကာလမှာကျတော့ သမဂ္ဂခေါင်းဆောင်တွေ အဖမ်းခံရတာတွေလည်းရှိတယ်။ အခုဆိုရင် ဖိနှိပ်မှုတွေက တအားများတယ်။ အခုပေါ့နော် ငါးထောင့်ရှစ်ရာ သတ်မှတ်လိုက်တဲ့ကာလကနေစပြီးတော့တောင်မှပဲ လုပ်ငန်းရှင်တွေက ချက်ချင်းမပေးတာမျိုးတွေရှိတယ်ပေါ့နော်

မြန်မာနိုင်ငံမှာ စက်ရုံ၊ အလုပ်ရုံ ခုနစ်ထောင်ကျော် နဲ့ အလုပ်သမားခုနစ်သိန်းနီးပါး ရှိတယ်လို့ အောက်တိုဘာလ ၁၄ ရက်က စစ်ကောင်စီရဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းက ပြောထားပါတယ်။

မြန်မာနိုင်ငံက အလုပ်သမားတွေရဲ့ အခွင့်အရေးနဲ့ လုပ်ခလစာရရှိမှုတွေဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ယှဉ်ရင် နည်းနေပြီး အခွင့်အရေးတန်းတူညီမျှ ရရှိနိုင်ဖို့ လိုက်ပါဆောင်ရွက်ခွင့်လည်း မရသေးဘူးလို့ အလုပ်သမားအရေးကူညီသူတွေက ပြောပါတယ်။

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ရှိ အထည်ချုပ်စက်ရုံတစ်ခုမှ အလုပ်သမားများအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်။ Photo : RFA
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ရှိ အထည်ချုပ်စက်ရုံတစ်ခုမှ အလုပ်သမားများအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်။ Photo : RFA

တိုင်တန်းလာတဲ့ အမှုတွေကို ကူညီဖြေရှင်းပေးနေပေမယ့် တကယ့်လက်တွေ့အခြေအနေမှာ ဥပဒေနဲ့အညီလုပ်ဆောင်နိုင်ဖို့ အခက်အခဲတွေရှိနေတယ်လို့ အလုပ်သမားအရေးကူညီပေးနေတဲ့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်-မြန်မာက တာဝန်ခံတစ်ဦးက ပြောပါတယ်။

“ကျွန်မတို့အခုချိန်မှာ လုပ်နိုင်တာကတော့ အတတ်နိုင်ဆုံး အလုပ်သမားတွေ ပြောတဲ့ အသံတွေကို စုစည်းတယ်။ မှတ်တမ်းတင်တယ်။ ဒီအလုပ်ပဲ ကျွန်မလုပ်လို့ရတယ်။ ရှေ့ထွက်ပြီးတော တွန်းတွန်းတိုက်တိုက်တောင်းဆိုတာတွေ သပိတ်တိုက်ပွဲလုပ်တာတွေ လမ်းပေါ်မှာဆန္ဒပြတာတွေ အစိုးရကိုဖိအားပေးတာတွေ ဒါမျိုးတွေ လုပ်လို့မရတဲ့အနေအထားပေ့ါ။ Brand ဖိအားတွေကို public camping တွေလို လူအများပါလာအောင် လူအများသိအောင် မလုပ်နိုင်ဘူးပေ့ါ။ အဲဒီ့အခွင့်အရေး ကျွန်မတို့ ဆုံးရှုံးတယ်။ ဒါကြောင့် ကျွန်မတို့က Page မှာ မှတ်တမ်းပြုတယ်။ social media ပေါ် တင်ထားတာ ဒီလောက်ပဲ လုပ်လို့ရပါတယ် 

ရန်ကုန်တိုင်းမှာ ၂၀၂၃ ခုနှစ်၊ ကိုးလအတွင်း အလုပ်ရှင်၊ အလုပ်သမားအငြင်းပွားမှု ၁၅၀ ဖြေရှင်းပေးထားတယ်လို့ စစ်ကောင်စီဘက်က ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဦးစိုးသိန်းက ပြောထားပါတယ်။ ဒါဟာလုံလောက်တဲ့ ဖြေရှင်းမှုတွေ မဟုတ်ဘူးလို့ အလုပ်သမားအရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။

အလုပ်သမားတွေအရေးနဲ့ သမဂ္ဂအဖွဲ့အစည်းတွေ ဖွဲ့စည်းခွင့်မရတာတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

တကယ့်လက်တွေ့မှာတော့ အလုပ်သမားတွေဘက်က ကူညီဆောင်ရွက်နိုင်တဲ့ အဖွဲ့အစည်းတွေ မရှိတဲ့အတွက် အလုပ်သမားအသင်းအဖွဲ့တွေ တရားဝင်ဖွဲ့စည်းဆောင်ရွက်ခွင့်ရဖို့ မျှော်လင့်နေကြတာပဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။