ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဦးဝီရသူ ရန်ကုန်မြို့မှာ ရှိနေ
ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဆရာတော် ဦးဝီရသူဟာ ထွက်ပြေးနေတာမဟုတ်ဘဲ ရန်ကုန်မှာပဲ ရှိနေတယ်လို့ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ဝင်ဆရာတော်တွေက မိန့်ပါတယ်။
-
2019-05-30 -
-
-
Your browser doesn’t support HTML5 audio
ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဆရာတော် ဦးဝီရသူဟာ ထွက်ပြေးနေတာမဟုတ်ဘဲ ရန်ကုန်မှာဘဲရှိနေတယ်လို့ အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ဝင် ဆရာတော်တွေက မိန့်ပါတယ်။ ဆရာတော်ဦးဝီရသူကို ဖမ်းဝရမ်းထုတ်ထားတဲ့အခြေအနေ၊ နိုင်ငံတော်သံဃာ့မဟာ နာယကအဖွဲ့က ဆုံးမသြဝါဒပေးဖို့ ညွှန်ကြားထားတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး RFA ဝိုင်းတော်သူ မခင်ခင်အိ တင်ပြထားပါတယ်။
~~~~~~~~~~~~~~~~~~~
ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဦးဝီရသူ ရန်ကုန်မှာပဲ ရှိနေ
(ခင်ခင်အိ)
■ မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ်က အမျိုးသားရေးလှုပ်ရှားသူ ဆရာတော် ဦးဝီရသူကို ဆုံးမသြဝါဒပေးဖို့ နိုင်ငံတော်သံဃာ့မဟာနာယက (မဟန)က ညွှန်ကြားတာကြောင့် ရန်ကုန်တိုင်းသံဃာ့နာယကရုံးက ဦးဝီရသူကို မေလ ၃ဝ ရက်နေ့မှာ ရွှေတိဂုံအရှေ့ဘက်မုခ်က တိုင်းသံဃမဟာနယက ရုံးကိုလာရောက်ဖို့ အကြောင်းကြားခဲ့ပါတယ်။
ဒါပေမဲ့ မနေ့ညကတော့ ဦးဝီရသူကို ဆုံးမသြဝါဒပေးဖို့ ခေါ်ထားတဲ့ကိစ္စကို အခြေအနေအရ ဆိုင်းငံ့ထားကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဦးဝီရသူကတော့ တိုင်းသံဃာ့နာယကရုံးရဲ့ မူလဖိတ်ကြားချက်အတိုင်း လာရောက်သြဝါဒ ခံယူဖို့ ရှိတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာတဲ့အတွက် ဝန်းရံသူသံဃာတွေနဲ့ အမျိုးသားရေးလှုပ်ရှားသူတွေ ရာနဲ့ချီပြီး သံဃာ့နာယက ရုံးရှေ့မှာ စောင့်ဆိုင်းခဲ့ကြပါတယ်။
ဒါပေမယ့် ဦးဝီရသူ ကြွရောက်လာတာမရှိခဲ့ပါဘူး၊ ဒါပေမဲ့ ဦးဝီရသူဟာ ရန်ကုန်ရောက်ရှိနေတယ်လို့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ဝင်ဆရာတော်တွေက RFA ကိုပြောပါတယ်။
“ ဆရာတော်နဲ့ နောက်ဆုံးပဲ ဟိုနေ့ကလျှောက်လိုက်တာ သူသံဃာ့နာယကရုံးကို လာတွေ့မယ်ဆိုပြီး လာတာ။ သံဃာ့နာယကရုံးက ရပ်ဆိုင်းလိုက်တာနဲ့ အဲဒီမှာအဆက်အသွယ်ပြတ်သွားတာ ဆရာတော်က ခါတိုင်းတွေလဲ ကျောင်းတွေမှာတည်းတာထုံးစံမရှိဘူး အဆင်သင့်တဲ့ ဒါယိကာတွေဆီမှာပဲ တည်းတာ။ တခုပြောနိုင်တာက ဆရာတော်က ကျိန်းသေရင်ဆိုင်မှာပါ။ မပြေးပါဘူး”
ဦးဝီရသူကို တိုင်းသံဃာ့နာယကအဖွဲ့က သြဝါဒပေးဖို့ ညွှန်ကြားချက် ဆိုင်းငံံ့လိုက်တာနဲ့ ပတ်သက်ပြီး သာသနာရေးဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ဆန်းဝင်းကို ဆက်သွယ်မေးမြန်းကြည့်တော့..
“ ကျနော်တို့က မနေ့က ကျနော်တို့ဝက်ဘ်ဆိုက်ဒ်က သတင်းထုတ်ပြန်တဲ့အတိုင်းပဲ ဆောင်ရွက်နေပါတယ်”
ဆရာတော်ဦးဝီရသူဟာ သူ့ရဲ့ဟောပြောချက်တွေနဲ့ပတ်သက်ပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဝရမ်းထုတ်ခံထားရပါတယ်။ သူ့ကိုရဲတပ်ဖွဲ့က လိုက်လံရှာဖွေဖမ်းဆီးနေကြောင်းလဲ သိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနတာဝန်ရှိသူကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
ဦးဝီရသူကို ဖမ်းဝရမ်းထုတ်ထားတဲ့အခြေအနေနဲ့ပတ်သက်ပြီး တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းက…
“ ဖေ့စ်ဘွတ် ကွန်ရက်တွေမှာရော တခြားပြောဆိုတဲ့ အကြောင်းအချင်းအရာတွေမှာရောပေါ့နော်။ ကျနော်တို့ ဒီဗုဒ္ဓဘာသာဘက်ကလဲ မဆင်မခြင်ပြောနေတာတွေ အများကြီးဗျ။ သံဃာအနေနဲ့ညီညွတ်တဲ့ အသုံးအနှုန်းမျိုး ကျနော်တို့မမြင်ရ မကြားရပေါ့ဗျာ။ ဒါတွေက မလိုဘဲဖြစ်နေတာ ဘာကြောင့်ဖြစ်နေလဲတွေးကြည့်တော့ နိုင်ငံရေးကို မတည်ငြိမ်အောင်လုပ်နေတဲ့သူတစု ရှိနေတယ်။ အုပ်စုတစုရှိနေတယ်။ အဲဒီအုပ်စုတွေကနေ ပုံစံမျိုးစုံနဲ့လှုပ်ရှားပေးနေတယ်။ အဲလိုမြင်တယ်”
အမျိုးသားရေးလှုပ်ရှားသူ ဆရာတော်ဦးဝီရသူကို ဖမ်းဝရမ်းထုတ်ရအောင်ဖြစ်လာတဲ့ အခြေအနေအပေါ် စာရေးဆရာချစ်ဦးညိုရဲ့အမြင်ကလည်း...
“ စိုးရိမ်စရာကောင်းတဲ့ အခြေအနေ ကျနော်အဲလိုမြင်တယ်။ သာသနာရေး နဲ့ ပြည်ထဲရေးကလဲ ဒါအခု နောက်ထပ်ခြေတလှမ်းတိုးလိုက်တာဘဲ ဦးဝီရသူကိုဖမ်းမယ်။ ဝရမ်းထုတ်ပေးတယ်။ အဲလိုဖြစ်အောင်လဲ ဟိုဘက်က တမင်ဖြစ်အောင်လုပ်တာလို့ အားလုံးကယူဆကြတယ်။ ဖမ်းလိုက်ပြီ။ စီရင်ချက်ချလိုက်ပြီ။ ထောင်ချလိုက်ပြီဆို ပိုပြီးဆူကြမယ်။ ဒါပေမယ့် ဒီမိုကရေစီသမားတွေကတော့ အချင်းချင်းသတိပေးတယ်။ ထောင်ချောက်ထဲမဝင်နဲ့။ ထောင်ချက်ထဲမဝင်နဲ့ဆိုပြီးတော့၊ တော်တော်များများက ဖမ်းတာထက် ထွက်ပြေးသွားတာပိုကြိုက်တယ်။ ဖမ်းပြီးထောင်ချတာမလိုလားဘူး။ ဝရမ်းပြေးဖြစ်ပြီးထွက်ပြေးသွားတာဘဲ လိုလားတယ်။ ပြီးပြီလေ သူ့ဘဝနဲ့ သူပဲလေ။ ဖမ်းတာထက် အဲဒါက ပြဿနာပိုရှင်းတယ်လို့ ယူဆတယ်”
ဆရာတော်ဦးဝီရသူကို RFA က အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လု့ိ မရခဲ့ပါဘူး။
ဒီအတောအတွင်းမှာဘဲ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အပါအဝင် အဖွဲ့ ၂၄ ဖွဲ့က နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံကို လက်ရှိနိုင်ငံရေးအခြေအနေအပေါ် ဝိုင်းဝန်းအဖြေရှာဖို့ အကြံပေးစာတစောင်လည်း ထွက်ပေါ်လာခဲ့ပါတယ်။