ဦးဝီရသူနဲ့ တရားဥပဒေစိုးမိုးရေး


2019.05.29
wirathu-622.jpg မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူကို တွေ့ရစဉ်
Photo: RFA

မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူကို ရန်ကုန်တိုင်းအနောက်ပိုင်းခရိုင် ဒုတိယခရိုင် အုပ်ချုပ်ရေးမှူးက ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၄(က) နိုင်ငံတော်အကြည်ညိုပျက်စေမှု နဲ့ ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင်တရားရုံးမှာ တရားစွဲဆိုပြီး တရားရုံးက ဖမ်းဝရမ်း ထုတ်ပြန်ထားပါတယ်။

ဦးဝီရသူဟာ တပ်မတော်ခေါင်းဆောင်တွေနဲ့ နီးစပ်တဲ့ဆက်ဆံရေးတွေရှိတဲ့အပြင် နောက်ကွယ်မှာ မဘသ လို့ခေါ်တဲ့ အမျိုးဘာသာ သာသနာထိန်းသိမ်းရေးအဖွဲ့တွေ ရှိနေတာကြောင့် ဦးဝီရသူကို ပြည်ထဲရေးဝန်ကြီးဌာနက ဖမ်းဆီးနိုင်ပါ့မလားစတဲ့ ဝေဖန်မှုတွေနဲ့ တရားဥပဒေစိုးမိုးရေးအပေါ် မေးခွန်းထုတ်စရာတွေ ရှိနေပါတယ်။

RFA သတင်းထောက် ကိုကျော်လွင်ဦး က စုစည်းတင်ပြထားပါတယ်။

■ ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းမင်းက တရားလိုလုပ်ပြီး ဦးဝီရသူကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၄(က)နဲ့ မနေ့ညနေပိုင်းက တရားရုံးကို ဦးတိုက်လျှောက်ထားလိုက်တာပါ။

တရားလိုရဲ့ လျှောက်ထားချက်ကို ခရိုင်တွဲဖက်တရားသူကြီးက လက်ခံလိုက်ပြီး ဖမ်းဝရမ်းထုတ်လိုက်တာလို့ သိရပါတယ်။

ခရိုင်တရားရုံးက မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်ရဲစခန်းကို ဖမ်းဝရမ်းပေးထားပြီး လုပ်ထုံးလုပ် နည်းတွေနဲ့အညီ ဆက်လက်ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး မျိုးသူစိုးက RFA ကို ပြောပါတယ်။

ဖမ်းဝရမ်းကတော့ ကျနော်တို့ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးကနေ မန္တလေးတိုင်း မဟာအောင်မြေ ရဲစခန်းကို ထုတ်ပေးထားတာပေါ့နော်၊ စခန်းမှာ ဝရမ်းရပြီပေါ့၊ ဝရမ်းကို အတည်ပြုဖို့အတွက် ဆက်လက်ဆောင် ရွက်နေပါတယ်

တပ်မတော်ကို ဝေဖန်ထောက်ပြသူ ကျောင်းသားလူငယ်တွေ အပါအဝင် နိုင်ငံရေးသမားတွေကို ညအချိန်မတော် ဝင်ရောက်ဖမ်းဆီးတာတွေရှိပေမယ့် အမျိုးသားရေးသမားတွေကို ဖမ်းဆီးနိုင်ရေးနဲ့ ပတ်သက်ပြီး ပြည်ထဲရေး ဝန်ကြီးဌာနက ကိုင်တွယ်ရာမှာ နှောင့်နှေးမှုတွေရှိတယ်လို့ ဝေဖန်မှုတွေ ရှိနေချိန်မှာ ဦးဝီရသူကို ဖမ်းဝရမ်းထုတ် လိုက်တာ ဖြစ်ပါတယ်။

ဒီလိုဖမ်းဝရမ်းထုတ်လိုက်ပေမယ့် ပြည်ထဲရေးက တကယ်ပဲ ဖမ်းဆီးနိုင်ပါ့မလားဆိုတာ မေးခွန်းထုတ်နေကြပါတယ်။

ဘာကြောင့်လဲဆိုတော့ အရင်က ဖမ်းဝရမ်းထုတ်ခံထားရတဲ့ အမျိုးသားရေးလှုပ်ရှားသူတွေကို ဖမ်းဆီးနိုင်ခြင်းမရှိတဲ့ အတွက် အခုဆိုရင် ဟောပြောပွဲတွေမှာ လိုက်လံဟောပြောနေဆဲဖြစ်ပါတယ်။

လူမှုသဟဇာတ ဖော်ဆောင်ရေးအဖွဲ့က ကိုသက်ဆွေဝင်း က သူ့အမြင်ကို အခုလို ပြောပါတယ်။

သီတဂူဆရာတော်ကနေပြီးတော့လည်း ဝီရသူက ငါရဲဘော်လို့ဆိုပြီး ပြောတဲ့စကားဟာ ပျံ့လာတဲ့အခါကျတော့ ဒါကိုလည်း ချိန်ရမယ့်အနေထားလည်းရှိမယ်ထင်တယ်၊ တစ်ခုခု ဦးဝီရသူကို ဖမ်းလိုက်တာဖြစ်ဖြစ် တစ်ခုခုဖြစ် လာလို့ရှိရင် ဒီဘက်ကသီတဂူဆရာတော်နဲ့ ကျန်သော ဦးဝီရသူ ထောက်ခံသူတွေက ဘယ်လို့မျိုးတုံ့ပြန်မလဲ ဆိုတာကိုလည်း ကြည့်ရမယ်ထင်တယ်၊ အစုံတော့ သုံးသပ်ရမှာပေါ့၊ ပြည်ထဲရေးဘက်ကတော့ အမြဲတမ်း အမျိုးသားရေးသမားတွေဘက်တွေကို အရေးယူဆောင်ရွက်တဲ့အပိုင်းမှာ အမြဲတမ်းနှောင့်နှေးတယ်၊ ဒါကိုလည်း ကျနော်တို့ တွေ့တယ်၊ ကျနော်တို့ ပြစ်တင်ပြောဆိုတာတွေလည်း ရှိပါတယ်၊ ဘာတွေဖြစ်လာမလဲဆိုတာကတော့ ကျနော်တို့ အစိုးရပိုင်းက ဘယ်လောက်ထိ ကြိုတင်ပြင်ဆင်ပြီးတော့ ဒီလိုမျိုးဖမ်းဖို့လုပ်တယ်ဆိုတဲ့အပေါ် မူတည်ပါလိမ့်မယ်

ဆရာတော် ဦးဝီရသူဟာ ဘာသာရေးကိစ္စတွေမှာ ပဋိပက္ခတွေဖြစ်အောင် အမုန်းစကားတွေကို ဟောပြောလှုံ့ဆော်တာတွေရှိတာကြောင့် ဖမ်းဆီးထိန်းသိမ်းတာတွေ လုပ်ဆောင်သင့်တယ်လို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

ဦးဝီရသူကို ဖမ်းဝရမ်းထုတ်လိုက်ပြီဆိုတဲ့ သတင်းတွေထွက်ပေါ်ပြီးနောက်မှာ မဘသအပါအဝင် အမျိုးသားရေး တက်ကြွလှုပ်ရှားသူတွေက ဆရာတော်ကိုထိရင် အသက်သေခံမယ်ဆိုတဲ့အထိ ဝန်းရံဖို့ ပြင်ဆင်နေသူတွေ ရှိနေပါတယ်။

တဖက်မှာလည်း ဆရာတော် ဦးဝီရသူဟာ တပ်မတော်နဲ့ နီးစပ်တာကြောင့် ပြည်ထဲရေးဝန်ကြီးဌာနက ဖမ်းဆီးရဲပါ့မလားဆိုပြီး ဝေဖန်မှုတွေလည်းရှိနေပါတယ်။

ဒီလိုဝေဖန်ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး မျိုးသူစိုးကို RFA က မေးမြန်းရာမှာတော့ -----

ခုကိစ္စမှာလည်း ကျနော်တို့က သံဃာတော်ဖြစ်တဲ့အတွက်ကြောင့်မလို့ နိုင်ငံတော်သံဃာ့နာယက ဗဟိုအဖွဲ့ကနေပြီးတော့မှာ ကျနော်တို့ ၁၉၉၃ ခုနှစ်က ထုတ်ပြန်ထားတဲ့ သံဃာတော်နဲ့ မသင့်တော်တဲ့အမှုကိစ္စများ ဆောင်ရွက်နေတဲ့ ရဟန်းသာမဏေများကို အရေးယူဆောင်ရွက်ရန် ညွှန်ကြားချက်ဆိုတဲ့ ညွှန်ကြားချက်နဲ့အညီ ဆောင်ရွက်မှာပါ၊ အမိန့်လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်သွားမှာပါ

ဖမ်းဝရမ်းထုတ်ထားပြီးဆိုရင် ဥပဒေကြောင်းအရ ဘယ်သူ့ကိုမဆိုဖမ်းဆီးရမှာဖြစ်ပြီး ဝရမ်းမရုပ်သိမ်းတဲ့အထိ ဖမ်းဆီးရမှာဖြစ်တယ်လို့ ဥပဒေပညာရှင်တွေက ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်း က အခုလို ပြောပါတယ်။

ဖမ်းဝရမ်းက တစ်ခါတလေကျရင် ရဲကမဖမ်းဘူး၊စ် တခါတလေကျ ပြည်သူက ဖမ်းပြီးလာပို့တာရှိတယ်၊ အဲဒါမျိုးတွေလည်း ကြုံတတ်တာပေါနော်၊ တချို့က တာဝန်သိပါလျှက်နဲ့ တာဝန်ကို ကျေပြွန်အောင်ဆောင် ရွက်တာမရှိဘူး၊ တချို့ဟာတွေမှာ ပြည်သူကသတင်းပေးပြီး ပြည်သူက ဖမ်းပြီးပို့ပေးရတာတွေရှိပါတယ်၊ ဖမ်းဝရမ်းထုတ်တာ ပြည်သူသိဖို့ပဲ လိုတာပါ

ဒီလိုတရားစွဲဆိုခံထားရတာနဲ့ပတ်သက်ပြီး ဆရာတော် ဦးဝီရသူကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒါပေမဲ့ ပြည်တွင်းသတင်းဌာနတစ်ခုကိုဖြေကြားရာမှာတော့ သူအနေနဲ့ အမှုကိုရင်ဆိုင်ဖြေရှင်းသွားမှာဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်မှာ မဟုတ်ကြောင်း၊ မနက်ဖြန်မှာ ရန်ကုန်တိုင်း သံဃာ့နာယကအဖွဲ့က သြဝါဒခံယူဖို့ ရန်ကုန်ကို ရောက်ရှိနေတယ်လို့ ဖြေကြားထားပါတယ်။

ဆရာတော် ဦးဝီရသူကို ကျောက်တံတားမြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ ဖွဲ့စည်းပုံကာကွယ်ရေး ဟောပြောပွဲနဲ့ ပတ်သက်ပြီး နောက်နောင်မှာ အခုလို လူမှုရေးကိစ္စတွေမှာ ပါဝင်ခြင်းမပြုဖို့ သြဝါဒပေးရေးအတွက် မေလ ၃ဝ ရက်နေ့မှာ ရန်ကုန်တိုင်း သံဃာ့နာယကရုံးကို လာရောက်ဖို့ ဆင့်ခေါ်ထားပါတယ်။

ဒီနေ့ညနေပိုင်းမှာပဲ ဦးဝီရသူကို ရန်ကုန်တိုင်း သံဃာ့နာယကအဖွဲ့က သြဝါဒပေးဖို့ခေါ်ယူထားတာကို အခြေအနေအရ ဆိုင်းငံ့ထားကြောင်း သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

ပုဒ်မ ၁၂၄ (က) ဟာ အစိုးရကို အကြည်ညိုပျက်အောင် အားထုတ်လှုံ့ဆော်တဲ့ ပုဒ်မဖြစ်ပြီး ပြစ်မှုထင်ရှားခဲ့ရင် ငွေဒဏ်နဲ့အတူ ထောင်ဒဏ်တသက်တကျွန်းအထိ ချမှတ်နိုင်ပါတယ်။

ဦးဝီရသူဟာ ဧပြီလ ၂၉ ရက်နေ့က မြိတ်မြို့မှာပြုလုပ်ခဲ့တဲ့ ဟောပြောပွဲနဲ့ မေလ (၅) ရက်နေ့က ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ကျင်းပခဲ့တဲ့ ဟောပြောပွဲတွေမှာ အစိုးရအဖွဲ့နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ပုဂ္ဂိုလ်ရေး ထိုးနှက်တဲ့ စကားလုံးတွေသုံးပြီး ဟောပြောခဲ့ပါတယ်။

အမုန်းစကားတွေ ၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာတွေ ဟောပြောနေတယ်ဆိုတဲ့ ဝေဖန်မှုတွေ၊စွပ်စွဲမှုတွေရှိနေတဲ့ ဆရာတော် ဦးဝီရသူကို ဖမ်းဆီးအရေးယူနိုင်ရေးဟာ တရားစီရင်ရေးမဏ္ဍိုင်အတွက် စိန်ခေါ်မှုဖြစ်နေပါတယ်ခင်ဗျာ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။