စစ်ကောင်စီတပ်က ဝက်လက်မြို့နယ်မှာ ရွာတွေဝင်စီးလို့ လူတစ်သောင်းခန့် ထွက်ပြေးရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့ညက အင်အား ခုနစ်ဆယ်ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းက ရွာတွေကို စီးနင်း မီးရှို့တာကြောင့် ဒေသခံတစ်သောင်းခန့် နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ရထားသံလမ်းအနီးအနားရှိ ကျေးရွာများမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့က တွေ့ရစဉ်။ Citizen Photo

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အုန်းနှဲဘုတ်ရွာကို အင်အား ခုနစ်ဆယ်ကျော်ပါတဲ့ စစ်ကောင်စီတပ်က ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့ညမှာ ဝင်ရောက်စီးနင်းပြီး အိမ်တွေမီးရှို့သွားသလို ရွာသားတချို့ကိုလည်း ဖမ်းခေါ်သွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဒါကြောင့် ရွှေဘိုနဲ့ ဝက်လက်မြို့ကြားက အုန်းနှဲဘုတ်ရွာအပါအဝင် အဲဒီနားတစ်ဝိုက် ရွာပေါင်းဆယ်ရွာလောက်က ဒေသခံ တစ်သောင်းခန့်ဟာ ညတွင်းချင်း နေရပ်စွန့်ခွာထွက်ပြေးကြရပါတယ်။

ဒီနေ့အထိလည်း အုန်းနှဲဘုတ်ရွာနားမှာ စစ်ကြောင်းရှိနေသေးတယ်လို့ ဝက်လက်မြို့နယ်သတင်းတွေ ဖော်ပြနေတဲ့ Wetlet Informational Network ဆိုတဲ့ ဆိုရှယ်မီဒီယာက တာဝန်ခံ ကိုနဂါးလေးက RFA ကို ပြောပါတယ်။

"စစ်ကြောင်းဝင်လာတော့ အဲဒီ ရွာနီးချုပ်စပ်ဘေးက ရွာတွေ ဘာတွေရော ရှောင်ရတာပေါ့။ ညတွင်းချင်း ရှောင်ရတာပဲ။ မနေ့ကည မိုးချုပ်ခါနီးမှ ဝင်လာတာဆိုတော့လေ။ ဆယ်ရွာထက် မနည်းဆိုတော့ သောင်းချီမှာပေါ့ဗျာ၊ အင်အားကတော့။ စစ်ကြောင်းက အဲဒီရွာထဲက မထွက်သေးဘူးဆိုတဲ့အခါကျတော့ မီးရှို့တာက အိမ်ခြေဘယ်လောက်ပါတယ်၊ ဘယ်ရွေ့ပါတယ်ဆိုတာကတော့ မသိနိုင်သေးဘူးလေ"

စစ်ကြောင်းဝင်ရောက် စီးနင်းတဲ့အချိန် ရွာနန်းရွာက အမျိုးသား သုံးဦးနဲ့ အုန်းနှဲဘုတ်ရွာက အရပ်သား တချို့ အဖမ်းခံလိုက်ရတယ်လို့ သူက ပြောပါတယ်။


ဆက်နွှယ်သောသတင်းများ

လက်နက်ကိုင် ပဋိပက္ခတွေကြောင့် လူ သုံးသန်းခွဲ နေရပ်က ရွှေ့ပြောင်းရ

ဝက်လက်မြို့နယ် ရှိမ်းမကားတိုက်ပွဲမှာ စစ်ကောင်စီတပ် လေကြောင်းသုံးတိုက်ခိုက်

ဝက်လက်မြို့နယ် ရွှေပန်းကုန်းရဲစခန်း သိမ်းပိုက်ခံရပြီး စခန်းမှူးအပါအဝင် ၁၆ ဦး ဖမ်းဆီးခံရ


စစ်ကိုင်းမြို့အခြေစိုက် စစ်ကောင်စီတပ်ရဲ့ တပ်မ (၃၃) စစ်ကြောင်းဟာ ဇန်နဝါရီလ ၃ ရက်နေ့ကစပြီး ဝက်လက်မြို့နယ် အရှေ့တောင်ခြမ်းကို စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။

ဒါကြောင့် လတ်တလောမှာ ဝက်လက်မြို့နယ်ထဲ စစ်ဘေးဒုက္ခသည်တွေများလာသလို ဆောင်းရာသီဖြစ်တာကြောင့် နေထိုင်ဖို့ အမိုးအကာ၊ အနွေးထည်နဲ့ စောင်တွေ အရေးပေါ်လိုအပ်နေတယ်လို့ ဝက်လက်မြို့နယ် သပိတ်ကော်မတီအဖွဲ့ဝင် ကိုငြိမ်းချမ်းနိုင်က RFA ကို ပြောပါတယ်။

"အုန်းနှဲဘုတ်အပါအဝင် ဒေသခံ တစ်သောင်းလောက်တော့ ရှိမယ်ထင်တယ်ဗျ။ အခုက တောတွေထဲမှာဆိုတော့ အမိုးအကာတို့ ဘာတို့တော့ နည်းနည်းလိုတယ်ဗျ။ ဒီဘက်မှာ ကျွန်တော်တို့ စစ်ရှောင်ပြည်သူတွေအတွက် ဆောင်းရာသီလည်းဖြစ်တော့ အမိုးအကာ အထောက်အပံ့နဲ့ အနွေးထည် အထောက်အပံ့ကတော့ အများကြီးတော့ လိုအပ်မယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ဒီတောတွေထဲမှာ ပြေးနေရတဲ့ စစ်ရှောင်တွေက ကျွန်တော်တို့က ဒီဝက်လက်မြို့နယ်ထဲမှာက ပိုပိုပြီးတော့ များလာတယ်ပေါ့နော်"

ဒီနေ့မှာလည်း ဝက်လက်မြို့နယ် အရှေ့ဘက်အခြမ်းကို လေကြောင်းကနေ လေးကြိမ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ထိခိုက်ပျက်စီးမှုပမာဏကို‌ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

"ကျွန်တော်တို့ စစ်ရှောင်ပြည်သူတွေအတွက် ဆောင်းရာသီလည်းဖြစ်တော့ အမိုးအကာ အထောက်အပံ့နဲ့ အနွေးထည် အထောက်အပံ့ကတော့ အများကြီးတော့ လိုအပ်မယ်လို့ ထင်တယ်"

အခုလိုဘာကြောင့်တိုက်ခိုက်တာလဲဆိုတာနဲ့ ပတ်သက်လို့ နှစ်ဖက်တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီ တပ်က ရွာတွေကို စီးနင်းပြီး မီးရှို့ဖျက်ဆီးနေတာလို့ပဲ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဝက်လက်မြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

"စစ်ကိုင်းတပ်မ (၃၃) ကနေပြီးတော့ ဆားတောင်ထဲကို ထိုးတာကတော့ လွန်ခဲ့တဲ့ နှစ်ရက်လောက်က အခုချိန်မှာတော့ သူတို့ အုန်းနှဲဘုတ်ကျေးရွာကို ရောက်နေတယ်ပေါ့နော်။ အုန်းနှဲဘုတ်ကျေးရွာ ရောက်ပြီးတော့ ရွာတွေ အိမ်တွေပေါ့နော်၊ မီးရှို့နေတယ်။ လက်ရှိမှာ ထိတွေ့မှုတွေကတော့ မရှိသေးဘူးနော်။ သူတို့ဘာသာသူတို့ စစ်ကြောင်းထိုးတယ်၊ မီးရှို့တယ်။ အဲဒါမျိုးတွေပဲ ရှိထားသေးတယ်"

စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်လှုပ်ရှားမှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က စောင့်ကြည့်နေပြီး တိုက်ပွဲဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေကြားတာမရှိပါဘူး။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ အရှေ့ခြမ်း၊ ကမ်းဖြူရွာအနီးနား လေကြောင်းတိုက်ခိုက်မှုမှ ဗုံးကျည်စများကို ၂၀၂၄ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့ တွေ့ရစဉ်။ (Photo: Facebook/ Wetlet Informational Network)

၂၀၂၄ ခုနှစ်၊ မတ်လ ၂ ရက်နေ့ကလည်း ဝက်လက်မြို့နယ် ဟံလင်းရွာအခြေစိုက် စစ်ကောင်စီ တပ်စခန်းတွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ နှစ်ထောင်ကျော် ဘေးလွတ်ရာထွက်ပြေးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တအာင်းလွတ်မြောက်ရေးတပ် TNLA ကိုးကန့်တပ် MNDAA တို့နဲ့ အပစ်ရပ်ထားတဲ့ စစ်ကောင်စီဟာ စစ်ကိုင်းတိုင်းဘက်ကို ထိုးစစ်တွေ ပိုလုပ်လာတယ်လို့ လေ့လာသူတွေက ထောက်ပြထားပါတယ်။

လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးရသူ အရေအတွက်တိုးလာနေပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့ ထုတ်ပြန်ချက်အရ ပြည်တွင်း နေရပ်စွန့်ခွာရသူ သုံးသန်းခွဲကျော် ရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org