ပြည်တွင်းအင်အားစုတွေ ပိုမိုညီညွတ်လာမှု ဝိုင်းဝန်းကြိုဆို

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန် ဦးဆောင်တဲ့အဖွဲ့နဲ့ ကဗျာဆရာ တော်လှန်ရေးသမား မောင်ဆောင်းခ ဦးဆောင်တဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော်အကြား စစ်ရေးနဲ့ နိုင်ငံရေးကိစ္စတွေကို ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီကြောင်း ကြေညာချက်တစ်စောင်လည်း ထွက်ပေါ်လာခဲ့ပါတယ်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA အဖွဲ့ဝင်များ စစ်ရေးလေ့ကျင့်နေသည့်မြင်ကွင်း။ Photo : MPA

အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးချက်ဟာ မြန်မာပြည်သူတွေမျှော်မှန်းတဲ့ စစ်အာဏာရှင် အမြစ်ဖြတ်ရေး ရည်မှန်းချက်ကို အဖြေရှာနိုင်မှာ မဟုတ်ဘူးလို့ မြန်မာ့အရေးလေ့လာသူ အများအပြားက ကာလရှည်ကြာကတည်းက ပြောဆိုနေခဲ့ကြပါတယ်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးက အဲဒီသဘောတူညီချက် ငါးချက်ကိုပဲ ထပ်မံကိုင်ဆွဲဖို့ အခု ဆုံးဖြတ်လိုက်တဲ့အတွက် ဒီမိုကရေစီလိုလားသူတွေအကြား စိတ်ပျက်သွားခဲ့ကြပါတယ်။ တိုက်ဆိုင်မှုအဖြစ် အဲဒီနေ့မှာပဲ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန် ဦးဆောင်တဲ့အဖွဲ့နဲ့ ကဗျာဆရာ တော်လှန်ရေးသမား မောင်ဆောင်းခ ဦးဆောင်တဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော်အကြား စစ်ရေးနဲ့ နိုင်ငံရေးကိစ္စတွေကို ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီကြောင်း ကြေညာချက်တစ်စောင်လည်း ထွက်ပေါ်လာခဲ့ပါတယ်။

မြန်မာ့အရေးလေ့လာသူ နိုင်ငံရေးသမား ရှေ့နေ ဦးကြီးမြင့် က အာဏာရှင်စနစ်လက်အောက် လွတ်မြောက်ရေးအတွက် ပြည်သူတွေအနေနဲ့ ကိုယ့်အားကိုယ်ကိုး ကြိုးစားဆောင်ရွက်ရမှာပါပဲလို့ သုံးသပ်ပြောဆိုပါတယ်။

“အာဆီယံက ဘာလုပ်ပေးမလဲ အဲဒီလိုဟာတွေကိုသိပ်မလိုက်သင့်တော့ဘူး။ သူတို့လုပ်တာကိုကြည့်ပြီး ကျွန်တော်တို့က စိတ်ပျက်တာတို့ အားလျော့တာတို့ မဖြစ်ဘဲနဲ့ ကျွန်တော်တို့ အလုပ်ကို ကျွန်တော်တို့ ပီပီပြင်ပြင်လုပ်ရင် သူတို့က ကျွန်တော်တို့နောက်ကို လိုက်လာခြင်းအားဖြင့် ကျွန်တော်တို့ဟာ အလိုလိုနေရင်း တိုက်ပွဲနှစ်ခု အောင်ပြီးသားဖြစ်မယ်။ တစ်ခုက စစ်ရေးအောင်ပွဲ၊ နောက်တစ်ခုက သံတမန်ရေး အောင်ပွဲ။ အဲတော့ စစ်ရေးအောင်ပွဲ မရှိဘဲနဲ့ သံတမန်ရေးရာ အောင်ပွဲရှိဖို့ဆိုတာ မလွယ်ဘူးဆိုတာကို ကျွန်တော်တို့က ဒီ နှစ်နှစ်တာအတွင်းမှာ ဖြစ်ရပ်တွေက ပြသွားပြီ။ အခု မောင်ဆောင်းခတို့နဲ့ NUG က ဦးရည်မွန်တို့ သဘောတူညီချက် ရတယ်။ အတူလက်တွဲလုပ်ကြမယ်ဆိုတာကို ကျွန်တော် ကြိုဆိုပါတယ်။ NUG ကိုလည်း ကျွန်တော် မေတ္တာရပ်ခံချင်တာကတော့ ဖြစ်နိုင်လို့ရှိရင် တပ်ပေါင်းစု ပုံစံ ယာယီ ပေါက်ချင်လည်း ပေါက်နေပါစေဦး။ အဲလိုစစ်အာဏာရှင်ကို စုပေါင်းမတိုက်နိုင်ဘူးဆိုရင် ကျွန်တော်တို့ တော်လှန်ရေးဟာ ကြာမယ်။ နောက်လွတ်မြောက်နယ်မြေတွေ မြန်မြန် မဖန်တီးနိုင်ဘူးဆိုရင် တရားဥပဒေလည်း မရှိတော့ဘူး။ နိုင်ငံတကာကလည်း ကျွန်တော်တို့ကို လေးစားမှာ မဟုတ်တော့ဘူးဆိုတာပြောရင်းနဲ့ မောင်ဆောင်းခတို့နဲ့ ဦးရည်မွန်တို့ရတဲ့ သဘောတူညီချက်ကို ကြိုဆိုပါတယ်ဗျာ။”

ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုမင်းဟန်ထက်ကလည်း NUG နဲ့ BPLA အကြား အခုလိုသဘောတူညီချက် တည်ဆောက်နိုင်တာဟာ ကောင်းမွန်တဲ့အရွေ့တစ်ခုဖြစ်တယ်လို့ ထောက်ခံပြောကြားပါတယ်။

“ဒီလိုပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပိုပြီးတော့ အားကောင်းလာမယ့် အရွေ့တွေအတွက် ကျွန်တော်တို့ မျှော်လင့်ပါတယ်။ BPLA က စစ်ရေး ရည်မှန်းချက်တွေအပြင် နိုင်ငံရေး အာဂျင်ဒါတွေရှိတဲ့ အဖွဲ့ဖြစ်တယ်လို့ မြင်ပါတယ်။ NUG နဲ့ စစ်ရေးကိစ္စတွေအပြင် နိုင်ငံရဲ့ အာဂျင်ဒါတွေကိုပါ ပူးပေါင်းဆောင်ရွက်နိုင်ရေးက ကျွန်တော်တို့အတွက် တော်တော်လေး ကောင်းမွန်တဲ့ ရလဒ်တွေ ရှိလာလိမ့်မယ်၊ ပိုပြီးကောင်းမွန်တဲ့ အရွေ့တွေ ရှိလာလိမ့်မယ်လို့ ကျွန်တော်တို့က မြင်ပါတယ်။ စစ်ရေးကိစ္စတွေအပြင် အစုအဖွဲ့တွေ အသီးသီးရှိကြတဲ့ နိုင်ငံရေး အာဂျင်ဒါတွေကိုပါ ပူးပေါင်းဆောင်ရွက်ရေးကို ဆက်ပြီးတော့ မျှော်လင့်ပါတယ်။ NUG ၊ PDF တွေအပြင် အခြားသော အင်အားစုတွေမှာလည်း နိုင်ငံရေး ရည်မှန်းချက်တွေ ရှိကြပါတယ်။ အဲဒါတွေကိုလည်း NUG အနေနဲ့ စစ်ရေးမှာကော နိုင်ငံရေး ရည်မှန်းချက်တွေမှာ အတူတကွ အကောင်အထည်ဖော်တဲ့ နေရာမှာ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ညှိနှိုင်းဆောင်ရွက်ခြင်း အားဖြင့် ကောင်းမွန်တဲ့ ကိစ္စတွေလို့ပဲ မြင်ပါတယ်။”

တော်လှန်ရေးသမား မောင်ဆောင်းခ ဦးဆောင်တဲ့ BPLA ဟာ ကရင်ပြည်နယ်မှာအခြေစိုက်ပြီး KNU ခေါင်းဆောင်တချို့နဲ့ တခြားတော်လှန်ရေးအဖွဲ့တချို့က ထောက်ခံကူညီနေတဲ့အဖွဲ့ ဖြစ်ပါတယ်။

လက်ရှိတော်လှန်ရေးမှာ ကရင်ပြည်နယ်ဟာ အလွန်အရေးပါတဲ့ဒေသတစ်ခုဖြစ်နေပြီး ပြည်တွင်းပြည်ပ မြန်မာတွေ နည်းမျိုးစုံနဲ့ အလှူငွေနဲ့ တခြားပစ္စည်းတွေ ကောက်ခံပေးပို့နေတာကိုလည်း မြင်ရကြားရလေ့ ရှိပါတယ်။

ဒီရက်ပိုင်း ကော့ကရိတ်ဒေသတိုက်ပွဲတွေမှာ နာမည်ကျော် တော်လှန်ရေးခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကော်သူးလေအာမီ အထူးကွန်မန်ဒို တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး စလုံးက သူတို့အနေနဲ့ ပြည်သူတွေရဲ့ အကူအညီကို အပူတပြင်းလိုအပ်နေတယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့လိုအပ်တာတော့ အများကြီးပေါ့ လက်နက်၊ ရိက္ခာတွေပဲဖြစ်ဖြစ် တစ်ခုခုပေါ့။ တစ်နိုင်ငံလုံး အာဏာရှင်ကို မြန်မြန်ဖြုတ်ဖို့အတွက် ကျွန်တော်တို့ အမြန်တိုက်ထုတ်ရမယ်။ ကျွန်တော်တို့ရဲ့ ညီအကိုတွေ၊ ကျွန်တော်တို့ရဲ့ ပြည်သူလူထုတွေ၊ မိဘတွေပေါ့။ တချို့လူက ပါးစပ်နဲ့ လှူတယ်၊ တချို့လူက တကယ်လှူတယ်။ လှူတဲ့ငွေတွေဟာ အမှန်အကန်တိုက်တဲ့သူတွေ မတွေ့လို့ သူတို့လည်း ဒုက္ခရောက်တယ်ပေါ့။ ပါးစပ်နဲ့တော့ မပြောနဲ့ပေ့ါ။ လက်တွေ့နဲ့ လှူပေးပါ။ ကျွန်တော်တို့လည်း လက်တွေ့ကိုယ်တိုင် အသက်နဲ့ ရင်ဆိုင်ပြီးတော့ တိုက်ထုတ်မှာပေါ့။ အဲဒီအာဏာရှင် အာဏာရူးကို။”

တစ်ဆက်တည်းမှာပဲ နိုင်ငံတကာအနေနဲ့ ကြေညာချက်တွေ ထုတ်ပြန်တောင်းဆိုနေရုံမျှနဲ့ မလုံလောက်ပါဘူး၊ လက်တွေ့ကူညီပါလို့ တိုက်တွန်းပြောဆိုပါတယ်။

“နိုင်ငံခြား ကုလသမဂ္ဂတို့ အမေရိကန်တို့ ကျွန်တော်တို့ မျှော်လင့်စောင့်နေတာ ကြာပြီပေါ့။ ဒါပေမဲ့ အခုထိတော့ အကောင်အထည် မတွေ့သေးဘူး အကူအညီ မရောက်လာသေးဘူး။ သူတို့ ဝိုင်းပြီး တကယ်ပြော တကယ်လုပ်မယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံထဲမှာ ဒီလောက်ကို မပျက်စီးနိုင်ဘူး။”

ဒါ့အပြင် ဒုဗိုလ်မှူးကြီးစလုံးက ကချင်ပြည်နယ် ဖားကန့်ဒေသမှာ အောက်တိုဘာ ၂၃ ရက်နေ့က စစ်ကောင်စီ လေတပ်ရဲ့ အင်အားအလွန်အကျွံသုံး ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကေအိုင်အို အဖွဲ့ဝင်တွေအပြင် အရပ်သား ပြည်သူတွေ အများအပြားသေဆုံးခဲ့မှုကို ထောက်ပြပြီး အာဏာသိမ်းစစ်ကောင်စီကို မိမိတို့အားလုံး တညီတညွတ်ဆန့်ကျင်ဖို့ လိုတယ်လို့ ပြောပါတယ်။

“အဲဒီလေယာဉ်နဲ့ လက်နက်ကြီးနဲ့ အကြီးအကျယ်ကို ဒီလောက်ချစရာမလိုဘူး။ ဒီလိုပဲ အနိုင်ကျင့်တယ်။ အားလုံး အတူတူပဲ။ ကျွန်တော့်စိတ်ဓါတ်ကတော့ အားလုံးညီအကိုမောင်နှမလိုပဲ။ တိုင်းရင်းသားလက်နက်ကိုင် အားလုံး အတူတူပဲဟာ။ ကချင်လည်း အားလုံး ညီအကိုတွေပဲ တစ်ယောက်နဲ့ တစ်ယောက် အားနည်းချက် ရှိတယ်။ ဒါပေမဲ့ လူကြီးတွေကတော့ အစီအစဉ်ရှိတယ်။ တစ်ပြိုင်နက်တည်း တစ်နိုင်ငံလုံး ချဖို့ရှိတယ်။ မလုပ်ရင် နိုင်ငံပျက်စီးကုန်ပြီလေ။ ရွာတွေ၊ မြို့တွေပျက်စီး လူတွေသတ် မုဒိန်းကျင့် ထောင်ထဲမှာလည်း တစ်ပုံကြီး၊ ရိုက်သတ်တာလည်း တစ်ပုံကြီး၊ ပစ်သတ်တာလည်း တစ်ပုံကြီး၊ ခုတ်သတ်လည်း တစ်ပုံကြီး။ မလုပ်ရင်မရဘူး အဲဒီ အာဏာရှင် အာဏာရူးတွေကို။”

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လူမဆန်ရက်စက်မှုတွေ ပေါ်ပေါက်နေဆဲမှာပဲ ပြည်တွင်းတော်လှန်ရေးအင်အားစုတွေအကြား ပေါင်းစည်းညီညွတ်မှုတွေ တစ်နေ့တခြား ပိုမိုတိုးတက်လာတာကို မြင်တွေ့နေရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org