စစ်တွေအနီး လုံခြုံရေးကောင်းလို့ ရွေးကောက်ပွဲလုပ်ဖို့ တိုက်တွန်း
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာ ရွေးကောက်ပွဲမကျင်းပနိုင်ဘူးလို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်တဲ့အထဲမှာ စစ်တွေတပ်နယ်အနီးက ကျေးရွာအုပ်စုတွေမှာလည်း ပါဝင်တယ်။
-
နီမင်းထွန်း
2020-10-23 -
-
-
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာ ရွေးကောက်ပွဲမကျင်းပနိုင်ဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်တဲ့အထဲမှာ စစ်တွေတပ်နယ်အနီးက ကျေးရွာအုပ်စုတွေမှာလည်း ပါဝင်တယ်။
တပ်မတော်နယ်မြေအနီးက လုံခြုံရေးစိတ်ချရတဲ့ ဒီကျေးရွာတွေမှာ ရွေးကောက်ပွဲမကျင်းပတဲ့အပေါ် ဒေသခံတွေက မေးခွန်းထုတ်နေကြပါတယ်။
အခု ကျနော်ရောက်ရှိနေတာဟာဆိုရင် ရခိုင်ပြည်နယ် စစ်တွေနယ်တွေမြို့ထဲက ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးလို့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၆ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ခဲ့တဲ့အထဲ ပါဝင်တဲ့ ကန့်ကော်ကျွန်း ကျေးရွာဖြစ်ပါတယ်။
ကျနော်နဲ့ မလှမ်းမကမ်းမှာ မြင်နေရတာကတော့ စစ်တွေ တပ်နေမြေဖြစ်ပါတယ်။ ဒီလို တပ်နယ်မြေနဲ့လည်း နီးနီးကပ်ကပ်ရှိပြီး အေးချမ်းနေတဲ့ ဒီကျေးရွာမှာ ရွေးကောက်ပွဲမကျင်းတာဟာ ဘာကြောင့်လဲလို့ ကျေးရွာ အုပ်ချုပ်ရေးမှူး အပါအဝင် ကျေးရွာသားတွေက မေးခွန်းထုတ်နေကြပါတယ်။
အခုလိုလုံခြုံအေးချမ်းနေတဲ့ကျေးမှာ ရွေးကောက်ပွဲမကျင်းပလို့ မဲထည့်ခွင့်မရတဲ့အတွက် စိတ်မကောင်း ဖြစ်ရတယ်လို့ ကံ့ကော်ကျွန်းကျေးရွာက မဲဆန္ဒရှင် အမျိုးသမီးတစ်ဦးဖြစ်တဲ့ ဒေါ်အောင်ကျောက်စိန်က RFA ကို ပြောပါတယ်။
“ကျွန်မတို့ရွာက အေးအေးချမ်းချမ်းပါ။ ဒါပေမဲ့ ဘာလို့မဲမထည့်ရတာလဲ။ ကျွန်မတို့ကတော့ မဲထည့် ချင်ပါတယ်။ ကိုယ့်ရွာ၊ ကိုယ့်နယ်မှာ ရွေးကောက်ပွဲ မကျင်းပတော့ စိတ်မကောင်းလည်းဖြစ်ပါတယ်။ ရွေးကောက်ပွဲတစ်ပွဲကျလာလို့ ကျွန်မတို့က မဲထည့်ပိုင်ခွင့်မရှိတော့ ခံစားရတာပါပဲ။ ကျွန်မတို့ရွာက ဘာလို့ မဲထည့်ပိုင်ခွင့်မရှိတာလဲဆိုပြီး ခံစားနေကြတာ။ အခုလိုကျွန်မတို့ရွာမှာ ရွေးကောက်ပွဲ မကျင်းပတဲ့ အတွက် ကျေနပ်မှုမရှိဘူး”
အဲဒီလိုပဲ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်တဲ့ ဦးဦးရွှေလှကလည်း လုံခြုံအေးချမ်းနေတဲ့ ဒီကျေးရွာမှာ ရွေးကောက်ပွဲ မကျင်းပတာဟာ ဘယ်လိုမှ လက်ခံနိုင်စရာမရှိဘူးလို့ ပြောပါတယ်။
“ကျွန်တော်တို့ရွာကတော့ ဆိုးဆိုးဝါးဝါးလည်း မဖြစ်ဘူး။ စစ်ဖြစ်တာလည်း မရှိဘူး။ လုံခြုံရေးကလည်း ကောင်းပါတယ်။ ရွာကလည်း အေးအေးချမ်းချမ်းပါ။ ကျွန်တော်တို့ကတော့ ရွာအေးအေးချမ်းနဲ့ ဘာလို့ မဖြစ်တာလဲဆိုတာကို ကျွန်တော်တို့ကတော့ သိချင်တာပေါ့။ ဒီနေရာက နေရာလည်း အေးချမ်းတယ်။ တပ်နဲ့လည်း နီးနီးလေး။ လုံခြုံရေးအရ ဘာမှပြောစရာမရှိဘူး။ လုံခြုံရေးက ကောင်းတယ်။ အဲဒါကြောင့် ရွာသားတွေကလည်း စိတ်မကောင်းဖြစ်နေကြတယ်။ သူတို့ကမဲပေးချင်ကြတာပေါ့။”
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ အခုလိုရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နေရာတွေကို ကြေညာရာမှာ ပြည်ထောင်စုအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်တို့ရဲ့ တင်ပြချက်နဲ့ သဘောထားမှတ်ချက်တွေအပေါ် ကော်မရှင်က သုံးသပ်ပြီး ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ အောက်တိုဘာလ ၂၀ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောဆိုခဲ့ပါ တယ်။
ဒါပေမဲ့ ကံ့ကော်ကျွန်းကျေးရွာရပ်ကျေး ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှစောထွန်းကတော့ သူတို့ကျေးရွာ အုပ်စုဟာ လုံခြုံအေးချမ်းပြီး ရွေးကောက်ပွဲ ကျင်းပနိုင်ကြောင်းသာ တင်ပြလိုက်တယ်လို့ ပြောပါတယ်။
“သူတို့ကိုတင်ပြလိုက်တာက ကျွန်တော်တို့ကျေးရွာဟာ လုံခြုံအေးချမ်းတဲ့ ကျေးရွာတစ်ရွာဖြစ်တယ်။ ကျွန်တော်တို့ရွာဟာ လာမယ့် ၂၀၂၀ အတွက် ရွေးကောက်ပွဲကို ကျင်းပနိုင်တဲ့ ကျေးရွာတစ်ရွာ ဖြစ်တယ်လို့ပဲ တင်ပြလိုက်တယ်။ ရွေးကောက်ပွဲကော်မရှင်က ကျွန်တော်တို့ရွာကို မလုံခြုံဘူးလို့ တွေးခေါ် တယ်။ ဦးလေးတို့ကတော့ ဦးလေးတို့ဒေသဟာ စစ်တွေမြို့နဲ့လည်း မလှမ်းမကမ်းမှာရှိတဲ့ ကျေးရွာ အုပ်စုတစ် အုပ်စုဖြစ်တဲ့အတွက် ဦးလေးတို့ကတော့ လုံခြုံတယ်လို့ထင်တယ်။”
ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစံသာမောင်ကလည်း အဲဒီကျေးရွာတွေမှာ လုံခြုံရေးအခြေအနေမကောင်းဘူးလို့ တင်ပြထားတာမရှိဘူးလို့ RFA ကိုပြောပါတယ်။
“ကျွန်တော်တို့မြို့နယ် ကော်မရှင်ကလည်း ဒီအတိုင်းပဲစာရင်းတွေ တင်ပေးလိုက်ပါတယ်။ ကျွန်တော်တို့ ကတော့ လုံခြုံရေးအခြေအနေမကောင်းဘူး ဘာညာဆိုတာ တင်ပြင်ထားတာမရှိပါဘူး မြို့နယ်က။ ဆောင်ရွက်ဆိုဖို့တာက ကျွန်တော်တို့မြို့နယ်က တင်ပြနိုင်စရာအကြောင်း မရှိတော့ဘူးလေ။ UEC က တစ်ခါတည်းထုတ်ထားတာကို။ တင်ပြဖို့ခိုင်းရင်တော့ ကျွန်တော်တို့က တင်ပြရမှာပေါ့။ အခုကျွန်တော်တို့ဆီကို တင်ပြပါ ဘာညာ ခေါ်ဆိုထားတာလဲမရှိဘူးလေ။”
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်တို့ရဲ့ တင်ပြချက်နဲ့ သဘောထား မှတ်ချက်တွေအပေါ် သုံးသပ်ပြီး ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ပြောဆိုပေမယ့် အခုလို မြေပြင်အခြေအနေနဲ့ ကွဲလွဲနေတာပါ။
ဒေသခံတွေကတော့ ဒီကံ့ကော်ကျွန်းကျေးရွာဟာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲကလည်း ရခိုင်ပါတီတွေ အပြတ်အသက်အနိုင်ရခဲ့တဲ့ မဲဆန္ဒနယ်မြေဖြစ်တဲ့အတွက် မကျင်းပတာလားဆိုတာကို သံသယ ရှိနေကြပါတယ်။
အခုလာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲမကျင်းပနိုင်ဘူးလို့ ထုတ်ပြန်တဲ့ မြို့နယ်တွေ၊ ကျေးရွာတွေထဲမှာ ရခိုင်ပြည်နယ်က မြို့နယ်(၉)မြို့နယ်နဲ့ ကျေးရွာပေါင်း ၁၅၀ ကျော် ပါဝင်ပါတယ်။
အဲဒီစာရင်းထဲမှာ ကံကော်ကျွန်းကျေးရွာအပါအဝင် ဘာပြဿနာမှမရှိတဲ့ စစ်တွေတပ်နယ်အနီးက ကျေးရွာအုပ်စု ၄ ခုနဲ့ ပေါက်တောမြို့နယ်နဲ့ အခြားမြို့နယ်တွေက တည်ငြိမ်အေးချမ်းတဲ့ ကျေးရွာအုပ်စုတွေ အတော်များများ ပါဝင်နေလို့ ရွေးကောက်ပွဲကော်မရှင်ရဲ့ဆုံးဖြတ်ချက်အပေါ် ဒေသခံတွေက မေးခွန်းထုတ်နေကြပါတယ်။
------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ အချက် အလက်တွေနဲ့၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းပေးပို့ချက်တွေ၊ ဗီဒီယိုတွေ၊ တွေ့ဆုံမေးမြန်းချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)