မြောက်ပိုင်းလေးဖွဲ့နဲ့ အစိုးရဆွေးနွေးပွဲ ဆုံးဖြတ်ချက်ကျနိုင်ဖို့ ရှိ မရှိ

ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့မှာ တိုက်ပွဲတွေ လျှော့ချရေးအတွက် ဒီလလယ်ပိုင်း မြောက်ပိုင်းမဟာမိတ်၊ အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ တပ်မတော်တို့ တွေဆုံရာမှာ ဆုံးဖြတ်ချက်ချနိုင်တဲ့သူတွေပါဝင်ဖို့ လိုတယ်လို့ နိုင်ငံရေးလေ့လာသူတွေက ပြောကြပါတယ်။

မြောက်ပိုင်းလေးဖွဲ့နဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့ ၂ဝ၁၉ သြဂုတ် ၃၁ ရက်နေ့က ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့မှာ တွေ့ဆုံစဉ် Photo: Aung Thain Kha/RFA

တပ်မတော်က စစ်တိုင်းကြီး ငါးခုမှာ အပစ်ခတ်ရပ်စဲတဲ့ကာလကို စက်တင်ဘာလ ၂၁ ရက်နေ့အထိ သုံးပတ် သက်တမ်းတိုးခဲ့ပြီး ဒီတစ်ကြိမ်ဟာ အပစ်ရပ်သက်တမ်းတိုးပေးတာ အချိန်ကာလ အနည်းဆုံးဖြစ်ပါတယ်။

အဲဒီလို သက်တမ်းမတိုးခင် ပြီးခဲ့တဲ့ ရက်ပိုင်းက အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းမဟာမိတ်တွေ တွေ့ဆုံပွဲမှာ ရခိုင်ပြည်နယ်မှာပါ အပစ်ခတ်ရပ်စဲပေးဖို့ ရက္ခိုင့်တပ်တော် AA က တောင်းဆိုခဲ့တယ်လို့ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) က ဦးလမိုင်ခွန်ဂျာက ပြောပါတယ်။

"စစ်တိုင်းကြီး ငါးခုထဲမဟုတ်ဘဲ မြောက်ပိုင်းတိုင်းကိုလည်းပဲ တိုက်ပွဲတွေ အပစ်ရပ်ပေးဖို့ သူတို့တောင်းဆိုတာတော့ ရှိတာပေါ့၊ ဒါပေမဲ့လည်း မနေ့ကထွက်လာတဲ့ ၂၁ ရက်အပစ်ရပ်တဲ့နေရာမှာ အပစ်ခတ်ရပ်စဲတဲ့နေရာမှာ သူတို့နေရာ ပါမလာဘူး။ အဲဒါ ဘာကြောင့်လည်းတော့ မပြောတတ်ဘူး"

လာမယ့် စက်တင်ဘာလ ၁၆၊ ၁၇ ရက်နေ့တွေမှာ မြောက်ပိုင်းမဟာမိတ် လေးဖွဲ့နဲ့ အစိုးရ ငြိမ်းချမ်းရေးကော်မရှင်၊ တပ်မတော်တို့ တွေ့ဆုံဖို့လည်း သဘောတူထားပါတယ်။

ဆွေးနွေးပွဲနေရာအတွက် အစိုးရဘက်က ကျိုင်းတုံမှာ အဆိုပြုထားပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဘက်က ဝဒေသ ပန်ဆန်းကို အဆိုပြုထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ကျိုင်းတုံဆွေးနွေးပွဲမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့က တင်ပြခဲ့တဲ့အချက် ရှစ်ချက်ထဲ အချက်အတော်များများကို ဆွေးနွေးသဘောတူခဲ့ပြီး အချက် တစ်ချက်လောက်သာ ကျန်ရှိတာကြောင့် ဒီတခါ ဆွေးနွေးပွဲမှာ ရလဒ်ကောင်းနိုင်တယ်လို့ ဦးလမိုင်ခွန်ဂျာက ပြောပါတယ်။

ဒီဆွေးနွေးပွဲမှာ ညှိနှိုင်းတာတွေ အဆင်ပြေရင် တိုက်ပွဲအရေအတွက် လျှော့ချနိုင်မယ်လိ့ု မျှော်လင့်ကြောင်း ဦးလမိုင်ခွန်ဂျာက ပြောပါတယ်။

"အဲဒီအဖြေကတော့ ကောင်းမယ်လို့ ကျနော်တို့မျှော်လင့်တယ်၊ တစ်ဘက်နဲ့တစ်ဘက် ပေးပို့ကြတဲ့ အပေါ်မှာ ဆွေးနွေးကြတာဖြစ်တယ်၊ ဆွေးနွေးတာ အချက် ရှစ်ချက်ရှိတယ်၊ အချက်က တစ်ချက်လောက်ဘဲ နည်းနည်းလောက် ဆွေးနွေးစရာရှိတာကြောင့် ဒီတစ်ခေါက် ဆွေးနွေးမှုဟာ တော်တော်လေး အဆင်ပြေတယ်၊ ဒါကြောင့်မို့ လာမယ့် ၁၆၊ ၁၇ ရက်နေ့တွေမှာ ပြန်လည်တွေ့ဆုံညှိနှိုင်းမယ်ဆိုရင် အဆင်ပြေမယ်လို့ ကျနော်တို့က မျှော်လင့်တယ်"

ဒီလိုဆွေးနွေးပွဲတွေ ပြုလုပ်နေပေမယ့် တိုက်ပွဲတွေက လျော့သွားတာမရှိဘဲ ဆက်လက်ဖြစ်နေတာကြောင့် ဆွေးနွေးပွဲတွေဟာ အလုပ်မဖြစ်ဘူးလို့ ဝေဖန်တာတွေလည်း ရှိပါတယ်။

အလုပ်ဖြစ်ဖို့ဆိုရင် ဆွေးနွေးပွဲကြတဲ့အခါ ဆုံးဖြတ်ချက်ချနိုင်တဲ့ ခေါင်းဆောင်တွေ ပါဝင်ဖို့ လိုတယ်လိ့ု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောပါတယ်။

"လာရောက်ဆွေးနွေးတဲ့ ပုဂ္ဂိုလ်တွေကိုယ်တိုင်က ဆုံးဖြတ်ချက်ချနိုင်တဲ့ အနေထားမျိုးဖြစ်ဖို့လိုတယ် ၊ ဆုံးဖြတ်ချက်ချနိုင်တဲ့သူမဟုတ်ဘဲ အပေါ်ကပေးတဲ့အမိန့်တိုင်း လာနေတဲ့သူဆိုရင်တော့ အလုပ်မဖြစ်ဘူး၊ နှစ်ဘက်စလုံးက အဲလိုအရည်အချင်းတွေနဲ့ ပြည်စုံဖို့လိုအပ်တာပေါ့၊ တိုက်ပွဲတွေရပ်မယ် ရပ်ပြီးရင် ပြန်ဆွေးနွေးမယ်။ ဆွေးနွေးတဲ့အခါကျရင် ဘယ်အချက်တွေပါမယ် အဲအချက်နဲ့ပတ်သက်ပြီး ဆုံးဖြတ်နိုင်ရမယ်ဆိုတဲ့ အနေအထားမျိုးမရှိဘူးဆိုရင်တော့ ဆွေးနွေးပွဲက ခရီးရောက်မှာမဟုတ်ဘူး"

ဆွေးနွေးပွဲကို ကျိုင်းတုံမြို့မှာ ပြုလုပ်မယ်ဆိုရင်  တပ်မတော်ဘက်က ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ဖို့ရှိတယ်လို့ အစိုးရငြိမ်းချမ်းရေးကော်မရှင်က ပြောဆိုထားပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့

ဆွေးနွေးပွဲကို တပ်မတော်က တက်ရောက်ဖို့ အစီအစဉ် ရှိမရှိနဲ့ ပတ်သက်ပြီး မှတ်ချက် အတိအကျ မပေးနိုင်သေးဘဲ ကြားကာလ အခြေအနေကိုကြည်ပြီး ဆုံးဖြတ်သွားမယ်လို့ ပြောပါတယ်။

"ပါလာနိုင်တဲ့အခြေအနေ ရှိလားဆို ကျနော်တို့ဘက်က လမ်းဖွင့်ပေးပြီးသားဖြစ်တယ်၊ ဒီဟာနဲ့ပတ်သက်ပြီး ဆွေးနွေးဖြစ်၊ မဆွေးနွေးဖြစ် ဆိုတာကတော့ ခုချိန်မှာ ပြောဖို့စောသေးတယ်၊ နောက်ပိုင်းမှာဖြစ်လာနိုင်တဲ့ အဖြစ်အပျက်တွေ ရှိလာနိုင်တယ်၊ NRPCနဲ့ သူတို့မြေပြင်မှာ ဆွေးနွေးကြတာရှိတယ်။ ဒီကြားထဲမှာ သူတို့ ထိတွေ့ဆက်ဆံတာတွေ အများကြီးရှိပါတယ်၊ အဲဒီဆက်သွယ် ဆက်ဆံတာပေါ်မှာပဲ မူတည်ပါလိမ့်မယ်"

ဒီကိစ္စနဲ့ပတ်သက်ပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ၊ TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်တို့ကို RFA က ဒီကနေ့ မေးမြန်းဖို့ ကြိုးပမ်းခဲ့ပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။

တပ်မတော်ဘက်က အပစ်ရပ်သက်တမ်းတိုးထားတဲ့ ကာလဟာလည်း ကုန်ဆုံးတော့မှာဖြစ်တာကြောင့် ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲတွေ အရှိန် လျှော့ချနိုင်ရေး အစီအစဉ်ဟာ ဒီဆွေးနွေးပွဲကနေ ထွက်လာမယ့် ရလဒ်အပေါ် မူတည်နေတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

(RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့သည်)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org