AA ရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့် မူဝါဒအပေါ် သဘောထား မှတ်ချက်များ

အစိုးရတပ်မတော်ဘက်က တပ်မတော်တစ်ခုတည်း ထားရှိရေးမူနဲ့ ရက္ခိုင့်တပ်မတော် AA ဘက်က ကိုယ်ပိုင်အုပ်ချုပ်ခွင့် Confederation ရရှိရေးဆိုတဲ့ မူဝါဒကွဲပြားမှုတွေကြောင့် ဒီ ၂၀၁၉ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်လာလိမ့်မယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။

ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ် ဓာတ်ပုံ - ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန

အစိုးရတပ်မတော်ဘက်က တပ်မတော်တစ်ခုတည်း ထားရှိရေးမူနဲ့ ရက္ခိုင့်တပ်မတော် AA ဘက်က ကိုယ်ပိုင်အုပ်ချုပ်ခွင့် Confederation ရရှိရေးဆိုတဲ့ မူဝါဒကွဲပြားမှုတွေကြောင့် ဒီ ၂၀၁၉ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်လာလိမ့်မယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။

ရက္ခိုင့်တပ်မတော် AA က လိုလားတဲ့ Confederation စနစ်အပေါ် နိုင်ငံရေးလေ့လာသူတွေရဲ့ သဘောထား မှတ်ချက်တွေကို RFA သတင်းထောက် မဝေမာထွန်း က စုစည်းတင်ပြထားပါတယ်။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

AA ရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့် မူဝါဒအပေါ် သဘောထား မှတ်ချက်များ
(ဝေမာထွန်း)

လွတ်လပ်ရေးနေ့ဖြစ်တဲ့ ဇန်နဝါရီလ ၄ ရက်နေ့က ရက္ခိုင့်တပ်မတော် AA က ဘူးသီးတောင်မြို့နယ် အတွင်းက ကျောင်းတောင်၊ ခထီးလှ၊ ဂုပ္ပိနဲ့ ငမြင်းဘော် ရဲကင်းစခန်းတွေကို ဝင်ရောက်တိုက်ခိုက် ပြီးချိန်ကစလို့ AA နဲ့ အစိုးရတပ်မတော်တို့ဟာ ရခိုင်ပြည်နယ်အတွင်းက ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ ရသေ့တောင်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။

၁၇ ရက်ကြာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီးနောက်မှာတော့ ဇန်နဝါရီလ ၁၆ ရက်နေ့ကနေ ဒီနေ့အထိ တိုက်ပွဲတွေ ရပ်နေ့ပါတယ်။

AA အနေနဲ့ Confederation ဆိုတဲ့မူကို လက်ကိုင်ထားမယ်ဆိုရင် ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်း ရေးဆိုတာ ဝေးနေဦးမှာ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် ကပြောပါတယ်။

"ငြိမ်းချမ်းရေးက ဝေးလာဝေး ၂၀၁၉ ဆိုရင်တော့ တိုက်ပွဲတွေနဲ့ ပြည့်နှက်နေလိမ့်မယ်လို့ ထွန်းမြတ်နိုင် နမိတ်ဖက်တဲ့ အတိုင်းပဲ တိုက်ပွဲတွေပြင်းထန်လာမယ့် သဘောရှိပါတယ်။ ကွန်ဖက်ဒရေးရှင်းဆိုတာ ဖက်ဒရယ်ထက် လွန်နေပြီ။ အချုပ်အခြာအာဏာပိုင် နိုင်ငံအချင်းချင်းက ရည်ရွယ်ချက်တူတဲ့ လုပ်ငန်းတစ်ခုခု စီးပွားရေး ဖြစ်ချင်ဖြစ်မယ်၊ ကာကွယ်ရေးဖြစ်ချင်ဖြစ်မယ် အဲလိုအလုပ်အတွက် ပူးပေါင်းဆောင်ရွက်ကြတဲ့ဟာမျိုး၊ အခုလောလောဆယ် ထင်ထင်ရှားရှားရှိနေတာ အီးယူလိုမျိုးပေါ့"

နိုင်ငံတော် အတိုင်ပင်ခံ ကိုယ်တိုင် က AA ကို အကြမ်းဖက်သောင်းကျန်းသူအဖြစ် သတ်မှတ်ပြီး ချေမှုန်းဖို့ တပ်မတော်ကို ညွှန်ကြားထားတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေး ကော်မတီက မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောခဲ့ပါတယ်။

အစိုးရနဲ့ တပ်မတော်က ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို သွားနေတာမို့ AA အနေနဲ့ သူတို့ရဲ့ လုပ်ဆောင်ချက်တွေနဲ့ Confederation ဆိုတဲ့မူကို လက်ကိုင်ထားရှိမှုကို ပြောင်း လဲမှ ငြိမ်းချမ်းရေးကို ဆက်လက်ဆောင်ရွက်နိုင်မယ်လို့ ကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ် စိုးနိုင်ဦး က ပြော ပါတယ်။

အာဏာရပါတီဖြစ်တဲ့ NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်ကလည်း AA ဘက်က လိုလားတဲ့ Confederation ဆိုတာကို လက်မခံဘူးလို့ ပြောပါတယ်။

"ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကလွဲရင် ကျန်တဲ့ ကွန်ဖက်ဒရေးရှင်းပုံစံမျိုးကို လက်မခံနိုင်ပါဘူး။ ကွန်ဖက်ဒရေးရှင်းဆိုတာ လွတ်လပ်တဲ့ နိုင်ငံများအသင်းသဘောမျိုးပါ။ ဒါမျိုးဆို ကျနေ်ာတို့ ပြည်ထောင် စုကြီး ပြိုကွဲသွားလိမ့်မယ်"

ရက္ခိုင့်တပ်မတော်ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က AA အနေနဲ့ ဝပြည်သွေး စည်း ညီညွတ်ရေးတပ်မတော် UWSA က ရရှိထားတဲ့ အုပ်ချုပ်မှုပုံစံမျိုးကို လိုလားကြောင်းနဲ့ ဖက်ဒရယ်ပြည်ထောင်စု ဆိုထာထက် ပြည်နယ်တွေကို အာဏာပိုပေးထားတဲ့ Confederation မူကို ပိုသဘောကျကြောင်း ဇန်နဝါရီ လအတွင်း ဧရာဝတီသတင်းဌာနနဲ့ အင်တာဗျူး တစ်ခုမှာ ပြောထား ပါတယ်။

ရက္ခိုင့်တပ်မတော်စစ်ဦးစီးချုပ်ရဲ့ ပြောကြားချက်အပေါ် ရခိုင်အမျိုးသားပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က အခုလို ရှုမြင်ပါတယ်။

"ဝဆိုလို့ရှိရင် မိမိပြည်နယ်မှာ မိမိသဘောအတိုင်းပဲ။ ကိုယ့်ပြည်နယ်မှာ ကိုယ်လက်နက်နဲ့ ကိုယ်၊ ကိုယ်ပြည်နယ်ကို ဘယ်သူမှ ဝင်စွက်ဖက်လို့မရဘူး။ အဲ့ဒါက မြန်မာနိုင်ငံမှာ ရှိနေပြီ။ အဲဒါကြောင့် လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း ဝပြည်နယ်တောင် အဲလိုရပ်တည်နိုင်ရင် ကိုယ့်ပြည်နယ်မှာ ဘာလို့ မရပ်တည်နိုင်ရမလဲဆိုတဲ့ စိတ်ကူးစိတ်သန်းတွေလည်း ဝင်ချင်ဝင်မှာပေါ့။ ကျနော်တို့က နိုင်ငံရေး ပါတီဖြစ်တဲ့အတွက် နိုင်ငံရေးမူဘောင်အတွင်းမှာပဲ ရပ်တည်လို့ရတယ်"

AA အနေနဲ့ သူတို့ တည်ဆောက်လိုတဲ့ ပုံစံကို ချပြတာဖြစ်ပြီး အစိုးရနဲ့ တပ်မတော်ဘက်က ဘယ်လို ပြည်ထောင်စုမျိုးတည်ထောင်လိုပါတယ်ဆိုတဲ့ ရှင်းလင်းတဲ့ မူဝါဒကို ချပြတာမရှိဘူးလို့ AA ဘက်က ပြောလာပါတယ်။

AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ ပြောတာက
"ကွန်ဖက်ဒရေးရှင်းဆိုတာက တကယ်ပြောမယ်ဆိုရင် ကျနော်တို့ အကုန် အတူတူယှဉ်တွဲနေထိုင် ချင်တာမို့ အဲ့ဒီအဆင့်ကို လျော့ချပြီး ပြောတာ။ တကယ်ပြောမယ်ဆိုရင် ကျနော်တို့က လွတ်လပ်တဲ့ နိုင်ငံရှိခဲ့တဲ့လူမျိုး ကျနော်တို့ ကိုယ့်နိုင်ကို တည်ထောင်လို့ရတဲ့လူမျိုး ကျနော်တို့ဘက်က ကျနော်တို့ ဖြစ်ချင်တာကို ရှင်းရှင်းလင်းလင်းပြောတာ။ အဲ့ဒါကြောင့် ဗမာစစ်တပ်နဲ့ ဗမာအစိုးရဘက်ကလည်း သူတို့ ဖြစ်ချင်တဲ့ ဖက်ဒရယ်စနစ်ပုံစံက ဘာလဲဆိုတာ ရှင်းရှင်းလင်းလင်း ပြောဖို့လိုတယ်ဗျ"

ဖက်ဒရယ်စနစ်ကို ပီပီပြင်ပြင် သွားနေမယ်ဆိုရင် ခွဲထွက်ရေးနဲ့ Confederation ဆိုတာတွေ တိုင်းရင်း သားတွေက တောင်းဆိုနေစရာမရှိတော့ဘူးလို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် တွဲဖက် အတွင်းရေးမှူး ဦးစိုင်းလိတ် ကပြောပါတယ်။

"ဖက်ဒရယ်စနစ်ကိုသာ ကျနော်တို့ ပီပီပြင်ပြင် မှန်မှန်ချပြမယ်။ လက်တွေ့လုပ်ဆောင်မယ်။ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု အမှန်တကယ်သွားနေတယ်လို့ ကျနော်တို့ တိုင်းရင်းသားတွေက ယုံကြည်တယ် ပြည်သူလူထုက ယုံကြည်တယ်ဆိုရင် ကွန်ဖက်ဒရေးရှင်းတို့ ခွဲထွက်ရေးတို့ဆိုတာ ဘာမှပေါ်ပေါက်စရာ အကြောင်းမရှိဘူး။ ကွန်ဖက်ဒရေးရှင်းဆိုတာ သူဖြစ်ချင်တာကို သူပြောတာလေ AA အနေနဲ့။ တကယ်တမ်း အစိုးရကော တပ်မတော်ကော ဖက်ဒရယ်လို့သာ ပြောနေတာ။ ဒါမဲ့ ဖက်ဒရယ်နဲ့ ပတ်သက်ပြီး စိတ်ရင်းစေတနာနဲ့ တကယ် ပီပီပြင်ပြင်ချပြနိုင်ပြီလားဆိုတာ မေးခွန်းထုတ်စရာဖြစ်နေတယ်"

တိုင်းရင်းသား ၁၃၅ မျိုးမှာ ထက်ဝက်ကျော်က ဗမာတိုင်းရင်းသားတွေ ဖြစ်နေတဲ့အတွက် ၈ ပြည်ထောင်စု ဆိုတဲ့ မူအပါအဝင် Confederation စနစ်ဟာ မြန်မာနိုင်ငံနဲ့ ကိုက်ညီမှုမရှိနိုင်ဘူးလို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်ရှင်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org