အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ၂ဝ၁၈ မြန်မာနိုင်ငံလူ့အခွင့်အရေး အစီရင်ခံစာ အကျဉ်းချုပ်
2019.03.13

၂ဝ၁၈ခုနှစ်အတွက် ကမ္ဘာတဝှမ်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နိုင်ငံအလိုက် ဖော်ပြအစီရင်ခံတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အစီရင်ခံစာကို မတ်လ ၁၃ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အစီရင်ခံစာ အကျဉ်းချုပ်ကို တင်ပြထားပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
၂ဝ၁၈ ခုနှစ်အတွက် လူ့အခွင့်အရေးကျင့်သုံးမှုဆိုင်ရာ အစီရင်ခံစာ အကျဉ်းချုပ်
( ဦးတင်အောင်ခိုင်)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကမ္ဘာတဝှမ်း လူ့အခွင့်အရေးချိုးဖောက်မှုများ အစီရင်ခံစာကို မနေ့က ထုတ်ပြန်လိုက်ပါတယ်။ နိုင်ငံတကာ အခြေအနေတွေအနက် မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး သီးခြားဖော်ပြထားတဲ့ ကဏ္ဍမှာ စာမျက်နှာ ၅၁ မျက်နှာ ပါရှိပါတယ်။
မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုများနဲ့ ပတ်သက်ပြီး ရေးသားထားတာမှာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ တရားမဲ့သတ်ဖြတ်မှု ညှင်းပန်းနှိပ်စက်မှု စတာတွေကို အဓိကဖော်ပြထားပါတယ်။
အဲ့ဒီမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေကို သတ်ဖြတ်နှိပ်စက်မုဒိမ်းကျင့်မှုများအပြင် တိုင်းရင်းသားနယ်မြေတွေဖြစ်တဲ့ ရခိုင်ပြည်နယ်၊ ကချင်နဲ့ ရှမ်းပြည်နယ် ကရင်ပြည်နယ်နဲ့ ကရင်နီပြည်နယ်က သတ်ဖြတ်မှုတွေကို ဖော်ပြထားပါတယ်။ တဆက်တည်း မြောက်ဦးမြို့မှာ ဆန္ဒပြသူ အရပ်သားတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ဇန်နဝါရီလ ၁၆ရက်နေ့က ပစ်ခတ်တာကြောင့် ၇ ဦးသေဆုံးပြီး ၁၂ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
တဆက်တည်း ဧပြီလ ၅ရက်နေ့ကလည်း ကရင်ပြည်နယ်က သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက်သူ စောအိုမှုးကို စစ်တပ်ကသတ်ခဲ့ပြီး သူဟာ လုံခြုံရေးတပ်ဖွဲ့တွေကို တိုက်ခိုက်ဖို့ ကြံစည်သူလို့ စွပ်စွဲထားပါတယ်။ တဆက်တည်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားတဲ့ နေရာမှာ နေထိုင်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးများ အပါအဝင် အရပ်သားများကို မတရားသင်းဆက်သွယ်မှုပုဒ်မများ နိုင်ငံတော် အကြည်ညိုပျက်စေတဲ့ ပုဒ်မတွေနဲ့ အရေးယူခဲ့တယ်လို့ ဆိုပါတယ်။
ဆက်လက်ပြီး အစိုးရနဲ့ တပ်မတော်ကို ဝေဖန်သူတွေကို ဆက်လက်ဖမ်းဆီးမှုတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။ အကျဉ်းထောင်များနဲ့ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ကို အကျဉ်းထောင်တွေကို သွားရောက်လေ့လာခွင့်ရှိခဲ့ပေမယ့် တပ်မတော်က ဖမ်းဆီးထားသူတွေ အကျဉ်းချထားသူတွေကို တွေ့ဆုံခွင့်ကြည့်ရှုခွင့်မရှိဘူးလို့ ရေးထားပါတယ်။
မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြားရေးဝန်ကြီးဌာန အထက်တန်းတာဝန်ရှိပုဂ္ဂိုလ် Michael Kozak ကို သတင်းထောက်တဦး က မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် အမေရိကန်နိုင်ငံအနေနဲ့ ဘယ်လိုအပြစ်ပေး အရေးယူမလဲလို့ မေးတဲ့အခါ ခုလိုဖြေပါတယ်။
မြန်မာနိုင်ငံအပေါ်အရင်က ချမှတ်ထားတဲ့ အရေးယူဒဏ်ခတ်မှုတွေကို ရွေးကောက်တင်မြောက်ခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်အစိုးရ တက်လာချိန်မှာ ပယ်ဖျက်ထားပါတယ်။ အခုတော့ စစ်တပ်က လုပ်ရပ်အတွက် အရပ်သားအစိုးရကို အပြစ်မပေးလိုတာကြောင့် ပစ်မှတ်ထားအရေးယူပါတယ်လို့ ပြောပါတယ်။
အစီရင်ခံစာမှာ ဆက်ပြီးရေးထားတာက မြန်မာစစ်တပ်အနေနဲ့ ခလေးစစ်သားတွေကို စစ်တပ်မှာ အသုံးမပြုတော့ဘူးလို့ ပြောဆိုထားပေမယ့် သုံးနေတာတွေ ရှိသေးတယ်လို့ ဆိုပါတယ်။ တဆက်တည်း မြေလွတ်မြေရိုင်းဥပဒေကိုပြင်ဆင်တဲ့ ဥပဒေအရ မြေအသုံးပြုလိုသူတွေကို တင်ပြဖို့ တောင်းခံထားရာမှာ ဒေသခံများ တိုင်းရင်းသားများ နစ်နာမှုရှိတယ်လို့ ဖော်ပြထားပါတယ်။
တဆက်တည်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ ၂ဝ၁၇ခုနှစ်ထက်စာရင် ၂ဝ၁၈ခုနှစ်မှာ ပိုပြီး ချုပ်ကိုင်မှုတွေရှိတယ်လို့ နှိုင်းယှဉ်ဖော်ပြထားပါတယ်။