မြန်မာ့အရေး အာရုံစိုက်ဖွယ်ရှိတဲ့ အမေရိကန်-အာဆီယံထိပ်သီး ဆွေးနွေးပွဲ

ဦးတင်အောင်ခိုင် (ဝါရှင်တန်ဒီစီ)
2022.03.01
မြန်မာ့အရေး အာရုံစိုက်ဖွယ်ရှိတဲ့ အမေရိကန်-အာဆီယံထိပ်သီး ဆွေးနွေးပွဲ ၂ဝ၂၁ ခုနှစ် အောက်တိုဘာလက ကျင်းပသည့် အမေရိကန်-အာဆီယံအစည်းအဝေးအား အွန်လိုင်းမှတဆင့် တက်ရောက်နေသော အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်။
Photo: AFP

လာမယ့် မတ်လ ၂၈ ရက်နေ့နဲ့ ၂၉ ရက်နေ့တွေမှာ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမှာကျင်းပမယ့် အမေရိကန်-အာဆီယံထိပ်သီး အစည်းအဝေးမှာ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ထဲထဲဝင်ဝင် ဆွေးနွေးနိုင်တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကလည်း အာဆီယံခေါင်းဆောင်တွေကို မြန်မာအရေး မဟာဗျူဟာမြောက် ဆွေးနွေးတိုင်ပင်ဖို့ ရှိတယ်လို့ လွန်ခဲ့တဲ့လက အာရှခရီးစဉ်မှာ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြောဆိုခဲ့ပါတယ်။

အမေရိကန်- အာဆီယံ ထိပ်သီးဆွေးနွေးပွဲဟာ တကယ်တော့ တရုတ်သြဇာလွမ်းမိုးမှုကို ကာကွယ်နိုင်ဖို့နဲ့ အမေရိကန်ဟာ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ နီးနီးကပ်ကပ် ပိုမိုဆက်ဆံဖို့ ကြိုးပမ်းတဲ့ လုပ်ဆောင်မှုတစ်ရပ် ဖြစ်ပါတယ်။

အခုကျင်းပမယ့် အစည်းအဝေးကိုတော့ အမေရိကန်-အာဆီယံ အထူးထိပ်သီး အစည်းအဝေးလို့ အမည်ပေးထားပါတယ်။

“အာဆီယံနိုင်ငံတွေရဲ့ ပူးပေါင်းမှု မပါဝင်ရင် စီးပွားရေး ပိတ်ဆို့မယ်ဆိုတာ အပြောပဲ ရှိတယ်။ လက်တွေ့ထိရောက်မှု မရှိနိုင်ဘူး။ ”

ဒီအစည်းအဝေးမှာ အမေရိကန်-အာဆီယံဆက်ဆံရေးနဲ့ ပတ်သက်ပြီး စီးပွားရေး၊ ကုန်သွယ်ရေး၊ နိုင်ငံရေး၊ လူမှုရေး စတာတွေကိုဆွေးနွေးမှာ ဖြစ်ပေမယ့် မြန်မာအရေးဟာ အရေးတကြီး ပါဝင်လာဖို့ ရှိတယ်လို့ သုံးသပ်နေကြပါတယ်။

အခုအစည်းအဝေးမှာ မြန်မာအရေးကို ထိထိမိမိကိုင်တွယ် ဆောင်ရွက်နိုင်ရေး ဆွေးနွေးနိုင်လိမ့်မယ်လို့ ယူဆကြောင်း အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ အကြီးတန်းမန်နေဂျာ ဦးလှဘုန်းမြင့်က ပြောပါတယ်။

“ဒေသတွင်းနိုင်ငံတွေရဲ့ပူးပေါင်းပါဝင်မှု အထူးသဖြင့် အာဆီယံနိုင်ငံတွေရဲ့ ပူးပေါင်းပါဝင်မှု မပါဝင်ရင် စီးပွားရေး ပိတ်ဆို့မယ်ဆိုတာ အပြောပဲရှိတယ်။ လက်တွေ့ထိရောက်မှု မရှိနိုင်ဘူး။ ဒါကြောင့်နိုင်ငံတွေနဲ့ အခုလို ကိုဗစ်အချိန်ကာလကြီးမှာ လူချင်းတွေ့ပြီး ထိပ်သီးခေါင်းဆောင်တွေ ဆွေးနွေးတယ်ဆိုတာ တော်တော်လေးကို ရှားပါတယ်။ မြန်မာနိင်ငံအတွက်လည်း ထိရောက်တဲ့ အဖြေတစ်ခု ရနိုင်လိမ့်မယ်လို့ ယူဆပါတယ်။”

အခုလို အမေရိကန်က ဦးဆောင်ပြီး မြန်မာ့အရေးကို မြန်မာအိမ်နီးချင်းနိုင်ငံတွေနဲ့ ဆွေးနွေးတဲ့အပေါ် NUG အမျိုးသားညီညွတ်ရေးအစိုးရက ဘယ်လိုသုံးသပ်ပါသလဲ။

ဥရောပမှာ ဖြစ်ပွားနေတဲ့ ယူကရိန်းအရေးနဲ့ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံတွေက ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တုံ့ပြန်ဆောင်ရွက်နေသလိုမျိုး မြန်မာနိုင်ငံအရေးကို စဉ်းစားကြလိမ့်မယ်လို့ NUGအစိုးရ အာဆီယံသံအမတ်ကြီး ဦးဘိုလှတင့်က သုံးသပ်ပါတယ်။

“ အာဆီယံနိုင်ငံထဲမှာ ရပ်တည်ချက်တွေ ပြတ်သားတဲ့နိုင်ငံတွေရှိလာပါတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာလည်းစစ်တပ်က အင်အားအလွန်သုံးပြီးပြည်သူလူထုဆန္ဒနဲ့ ရွေးချယ်တင်မြှောက် တာဝန်ပေးထားသူတွေကို ဆန့်ကျင်လုပ်ဆောင်တာတွေကို ဒီဆွေးနွေးပွဲမှာ လေးလေးနက်နက် ဆွေးနွေးကြမယ်လို့ မျှော်လင့်ပါတယ်။ ဒီအာဆီယံဘုံသဘောတူညီချက် ၅ရပ်ကို စောင့်စားနေတာထက် ပိုပြီးတော့ လက်တွေ့ကျတဲ့ ချဉ်းကပ်မှု ပုံသဏ္ဍာန်မျိုးကိုပါ ဆောင်ရွက်ဖို့ တိုက်တွန်းနေတာတွေလည်း ရှိပါတယ်။”

ယူကရိန်းနိုင်ငံ ဖြစ်စဉ်နဲ့ မြန်မာနိုင်ငံအရေးဟာ အင်အားကြီးသူက လက်နက်အားကိုး ဗိုလ်ကျ အနိုင်ကျင့်တဲ့ ပုံစံတူနေပေမယ့် တခြားမတူညီချက်တွေရှိနေတာကြောင့် နိုင်ငံတွေရဲ့ တုံ့ပြန်မှုတွေဟာ တထပ်တည်း ကျနိုင်မှာ မဟုတ်ဘူးလို့ ဦးဘိုလှတင့်ကပြောပါတယ်။

အခုကျင်းပမယ့် အစည်းအဝေးမှာ စစ်ကောင်စီခေါင်းဆောင်ကို တခြားအာဆီယံ အစည်းအဝေးများနည်းတူ ဖိတ်ကြားမှာမဟုတ်ဘဲ အာဆီယံ ၉ နိုင်ငံက ခေါင်းဆောင်တွေသာ တက်ရောက်မှာဖြစ်တယ်လို့ ဦးလှဘုန်းမြင့် ကပြောပါတယ်။

မြန်မာနိုင်ငံကိုတော့ တခြားအာဆီယံအစည်းဝေးများနည်းတူ နိုင်ငံရေးနယ်ပယ်က မဟုတ်သူကို တက်ရောက်ခွင့်ပြုဖို့ ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။