မြန်မာအမျိုးသမီးတွေကို အကာအကွယ်ပေးဖို့ တိုက်တွန်းမှုတွေရှိနေ
ကုလသမဂ္ဂနဲ့ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာပြည်သူလူထုဆန္ဒကို လေးစားလိုက်နာပြီး အမျိုးသမီးနဲ့ မိန်းကလေးတွေကို ချန်လှပ်မထားဘဲ ထိထိရောက်ရောက် ပံ့ပိုးကူညီဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက တိုက်တွန်းလိုက်ပါတယ်။
-
စန်းမော်အောင် (ဝါရှင်တန်ဒီစီ)
2023-10-06 -
-
-
ကုလသမဂ္ဂနဲ့ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာပြည်သူလူထုဆန္ဒကို လေးစားလိုက်နာပြီး မြန်မာပြည်သူတွေ အထူးသဖြင့် အမျိုးသမီးနဲ့ မိန်းကလေးတွေကို ချန်လှပ်မထားဘဲ ထိထိရောက်ရောက် ပံ့ပိုးကူညီဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက အောက်တိုဘာ ၄ ရက်နေ့က တိုက်တွန်းလိုက်တာဖြစ်ပါတယ်။
အထူးသဖြင့် အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေဟာ စစ်အာဏာရှင်ကြောင့် ဆိုးရွားစွာဒုက္ခရောက်နေပြီး စစ်တပ်ကျူးလွန်တဲ့အကြမ်းဖက်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှု မြောက်တယ်ဆိုတာကို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) က ကောက်ချက်ချပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီး ၃၁ လအတွင်းမှာ စစ်ကောင်စီရဲ့ မတရားသတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသူ ၄၁၄၁ ဦး ရှိရာမှာ အမျိုးသမီး ၆၁၃ ဦးပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။
စစ်တပ်ကကျူးလွန်တဲ့ အကြမ်းဖက် အဓမ္မပြုကျင့်မှုတွေဟာ တိုက်ပွဲဖြစ်ပွားရာဒေသတွေမှာ ပိုမိုကြုံတွေ့နေရတယ်လို့ စစ်ကိုင်းတိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တိုက်ပွဲတွေကို ဦးဆောင်နေသူ မချောစုဟန်က ပြောပါတယ်။
“မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားတွေကို စောင့်ရှောက်ပါမယ်လို့ ကတိကဝတ်ခံယူထားတဲ့ လက်ရှိစစ်အုပ်စုကပဲ ကျူးလွန်နေတာ ဖြစ်တယ်။ မကျူးလွန်ခံရဖူးတဲ့ မြို့နယ်ဆိုတာ မရှိဘူးပေါ့နော်။ ကနီဘက်တွေမှာဆိုလည်း အမျိုးသမီးတွေကို ဆေးထိုးအပ်တွေနဲ့ ထိုးပြီးတော့ မုဒိန်းပြုကျင့်သွားတာတွေ အများကြီးရှိခဲ့တယ်။ ဆားလင်းကြီးဘက်တွေမှာဆိုလည်း မုဒိန်းကျင့်သွားတာရှိတယ်။ နောက်ဆုံး အဖေရှေ့မှာတောင်မှ သမီးဖြစ်တဲ့သူကို မုဒိန်းကျင့်ပြတဲ့ဟာက လုံးဝကို လူသားမဆန်တဲ့ လုပ်ရပ်တွေ ဖြစ်တယ်။ ဘယ်လိုမှကို လုံခြုံမှုမရှိဘူးလို့ ခံစားရတယ်။ စစ်တပ်ဘက်က ဘယ်လောက်တောင်မှ လိင်အကြမ်းဖက်နေတာတွေကို လုပ်နေလဲဆိုတာ သိသိသာသာ ကွန်တော်တို့အနေနဲ့ မြင်တွေ့နိုင်တယ် ။ ဒီမုဒိန်းစစ်တပ်ကြောင့် ကျွန်တော်တို့ အမျိုးသမီးတွေရဲ့ ဘဝက စစ်အာဏာရှင်မပျက်သုဉ်းသရွေ့ကတော့ လုံခြုံမှုမရှိနိုင်ဘူးလို့ ကျွန်တော် ထင်မြင်သုံးသပ်ထားပါတယ်။”
တိုက်ပွဲဖြစ်ပွားရာဒေသတွေအပြင် စစ်ကောင်စီရဲ့ စစ်ကြောရေးစခန်းတွေမှာလည်း အမျိုးသမီးတွေဟာ လိင်အကြမ်းဖက်မှုတွေ ကြုံနေရပြီး ဒီလုပ်ရပ်တွေကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေတာလို့ အမျိုးသမီးအရေး ကူညီဆောင်ရွက်နေသူတွေက သုံးသပ်ပါတယ်။
“မြန်မာနိုင်ငံမှာ စစ်တပ်အုပ်ချုပ်ခဲ့တဲ့ ကာလအပါအဝင် လက်ရှိ စစ်ပဋိပက္ခအတွင်းမှာ အမျိုးသမီးငယ်တွေနဲ့ မိန်းကလေးငယ်တွေကို ဂျန်ဒါအခြေပြုအကြမ်းဖက်မှုတွေကို အရင်ပုံစံအတိုင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို စစ်လက်နက်သဖွယ်အသုံးပြုပြီးတော့ စစ်တပ်အနေနဲ့ ဆက်လက်ကျူးလွန်နေတာ ဖြစ်တယ်။ ဒါဟာဆိုလို့ရှိရင် စစ်ရာဇဝတ်မှုတစ်ခု ဖြစ်ပါတယ်။ အရေးပေါ်လိုအပ်ချက်တွေက အရမ်းများနေတာရှိတယ်။ ကျွန်မတို့ နိုင်ငံက အဖက်ဖက်က ချို့ယွင်းလာတဲ့အပေါ်မှာ လိုအပ်ချက်တွေကလည်း အဖက်ဖက်ကနေမှကို ရှိလာတာ ဖြစ်တယ်။ စစ်ရှောင်နဲ့ ဒုက္ခသည်စခန်းက အမျိုးသမီးတွေအတွက်ဆိုရင်လည်း လူသားချင်းစာနာ ထောက်ထားမှုအကူအညီတွေ လုံခြုံရေးဆိုင်ရာအကူအညီတွေ ပံ့ပိုးဖို့ လိုအပ်နေပါတယ်။“
မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့ အထွေထွေအတွင်းရေးမှူး နော်ခင်စန်းထွေး ပြောသွားတာပါ။
အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း စစ်ကောင်စီ လက်အောက်ခံတပ်တွေ ကျူးလွန်ခဲ့တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ၁၀၈ မှုရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြီးခဲ့တဲ့ ဇွန်လက ထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီအပေါ် အခုလိုပြောဆိုဝေဖန်ချက်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံမဖြေပါဘူး။
စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက အရေးကြီးပြီး သူတို့ကို အကာအကွယ်ပေးဖို့ လိုအပ်တယ်လို့ မန္တလေးသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာစန်းက တိုက်တွန်းပါတယ်။
“ဒီအမျိုးသမီးတွေမပါဘဲနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ပြည်သူ့နွေဦးတော်လှန်ရေးကြီး ဘယ်လိုမှ အောင်မြင်မှာ ပြီးမြောက်မှာ မဟုတ်ပါဘူး။ အမျိုးသမီးထုရဲ့ အင်အားနဲ့အခန်းကဏ္ဍသည် အင်မတန်မှ အရေးကြီးပါတယ်။ ပုခက်လွှဲသောလက်က ကမ္ဘာကို အုပ်စိုးတယ်ဆိုတဲ့အတိုင်းပါပဲ။ ကျွန်တော်တို့ မြန်မာ့နွေဦးတော်လှန်ရေးမှာလည်း အမျိုးသမီးထုကြီးတစ်ရပ် အခန်းကဏ္ဍနဲ့ ထည့်ဝင်ဆောင်ရွက်မှု အင်မတန်အရေးကြီးတယ်။ အားလုံးတန်းတူရည်တူ ဖြစ်ပါတယ်။ အမျိုးသမီးထုသည် ဒီတော်လှန်ရေးရဲ့ ရှေ့တန်းတပ်ဦးမှာရော ခါးတန်းအလယ်တန်းမှာရော နောက်တန်းမှာရော စတဲ့တာဝန်ကိုယ်စီ တာဝန်အသီးသီးကို သယ်ပိုးထမ်းရွက်နေတာ ဖြစ်တယ်ဆိုတာပဲ ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်“
မြန်မာအမျိုးသမီးတွေလုံခြုံရေးအတွက် ကာကွယ်ပေးနိုင်ဖို့က ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေကသာ စိတ်ဝင်တစားဆုံးဖြတ်ပြီး အရေးယူရေးကိုလုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေရှိနိုင်မယ်လို့ ကရင်အမျိုးသမီးအစည်းအရုံးရဲ့ စည်းရုံးလှုံ့ဆော်ရေးဒါရိုက်တာဖြစ်သူ နော်ဆဲဆဲက သုံးသပ်ပါတယ်။
“အကာအကွယ်ပေးနိုင်မယ့် ယန္တရားတွေကို အဲဒီဟာတွေကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ဖို့ ပြီးလို့ရှိရင် လိုအပ်တဲ့ ထိရောက်တဲ့ပံ့ပိုးမှုတွေကို လုပ်ဆောင်ဖို့ ကျွန်မတို့အမြဲတမ်းတိုက်တွန်းလေ့ရှိတယ်။ ဒီစစ်တပ်က ကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ရာဇဝတ်မှုတွေကတော့ ကျွန်မတို့ ပြည်တွင်းရေးမှာ လက်ရှိမှာတော့ ဘယ်လိုနည်းနဲ့မှ တရားမျှတမှုဖော်ဆောင်ဖို့ ယန္တရားမရှိဘူးပေါ့ တစ်ခုပဲရှိတာက ဒီနိုင်ငံတကာ တရားမျှတမှုနဲ့ တာဝန်ယူမှု တာဝန်ခံမှု လုပ်ပေးတဲ့ယန္တရားတွေကသာ ကူပေးလို့ရမယ်။ နိုင်ငံရေးကို သေချာဆွေးနွေးဆုံးဖြတ်ဖို့လိုတယ်ပေါ့နော်။ ကျူးလွန်တဲ့သူတွေကို တရားခံတွေကို အပြစ်ပေးရေး ဆောင်ရွက်ဖို့ကို သူတို့တွေ ဆုံးဖြတ်ချက်မှသာ ဆက်လက်အကောင်အထည်ဖော်နိုင်မယ့် အခင်းအကျင်းတွေရှိတဲ့အခါကျတော့ အကန့်အသတ်တွေတော့ရှိတယ်။ ဒါပေမဲ့ နိုင်ငံတကာတွေက လုပ်မယ်ဆိုရင် နည်းလမ်းတွေရှိမယ်လို့ ယူဆတယ်“
စစ်တပ်ရဲ့ အကြမ်းဖက်မှုခံရသူတွေအတွက် တရားမျှတမှုရဖို့ သက်သေအချက်အလက်တွေ စုဆောင်းထားပြီးနဲ့ နိုင်ငံတကာတရားရုံးတွေကနေ တရားစွဲဆိုခွင့်ရဖို့ အမျိုးသမီးအရေး လှုပ်ရှားဆောင်ရွက်သူတွေက မျှော်လင့်နေကြပါတယ်။