ကုလစင်မြင့်ထက်မှာ ဘယ်အာဆီယံနိုင်ငံတွေ မြန်မာ့အရေးပြောဆိုခဲ့ကြသလဲ
အာဆီယံအဖွဲ့ဝင် ၁ဝ နိုင်ငံထဲက ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံတို့ကတော့ ဒေသတွင်း စိန်ခေါ်မှုတစ်ရပ် ဖြစ်နေတဲ့ မြန်မာ့အရေးကို တစ်လုံးတစ်ပါဒမှ ထုတ်ပြောခဲ့တာမရှိပါဘူး။
-
စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2023-09-24 -
-
-
နိုင်ငံတကာက ခေါင်းဆောင်တွေစုဝေးပြီး နှစ်စဉ် စက်တင်ဘာလရောက်တိုင်း ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ ကိုယ့်နိုင်ငံရဲ့ အရေးကိစ္စ၊ ဒေသတွင်းမှာ အရေးတကြီးဖြေရှင်းဖို့ လိုနေတဲ့ကိစ္စ၊ ကမ္ဘာ့စီးပွားရေး၊ ကပ်ရောဂါဘေး၊ ရာသီဥတုအပြောင်းအလဲနဲ့ စစ်ပွဲကြောင့် ဒုက္ခသုက္ခခံစားနေရသူတွေရဲ့ အရေးကိစ္စစတာတွေကို ခေါင်းချင်းဆိုင် ဆွေးနွေးကြတာဖြစ်ပါတယ်။
"မြန်မာ့အရေးဟာ ကျွန်တော်တို့ အရှေ့တောင်အာရှအတွက် အကြီးဆုံးစိန်ခေါ်မှုဖြစ်သလို၊ လူသားချင်းစာနာမှုအကူအညီတွေလည်း လိုနေပါတယ်"
ပြီးခဲ့တဲ့ သီတင်းပတ်ကကျင်းပတဲ့ ၇၈ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ အဖွင့်မှာ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က လတ်တလော ကမ္ဘာကြီးမှာ ရင်ဆိုင်နေရတဲ့ကိစ္စရပ်တွေထဲ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်သူလူထုတွေဖမ်းဆီးသတ်ဖြတ်ခံနေရတဲ့ ကိစ္စတွေကို အရေးကြီးတဲ့ ကိစ္စတစ်ရပ်အဖြစ် ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ ညီလာခံတက်လာတဲ့ ဒေသတွင်း အာဆီယံနိုင်ငံတွေကတော့ မြန်မာ့အရေးကိစ္စကို ကုလသမဂ္ဂစင်မြင့်ထက်မှာ ထုတ်ဖော်ပြောဆိုတာ နည်းနည်းပဲရှိခဲ့ပါတယ်။ ဘယ်အာဆီယံနိုင်ငံတွေက မြန်မာ့အရေးကို ပြောဆိုခဲ့ကြပါသလဲ...။
အာဆီယံအဖွဲ့ဝင် ၁ဝ နိုင်ငံထဲက ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံတို့ကတော့ ဒေသတွင်း စိန်ခေါ်မှုတစ်ရပ်ဖြစ်နေတဲ့ မြန်မာ့အရေးကို တစ်လုံးတစ်ပါဒမှ ထုတ်ပြောခဲ့တာမရှိပါ ဘူး။
မလေးရှား၊ အင်ဒိုနီးရှားနဲ့ စင်ကာပူနိုင်ငံက ခေါင်းဆောင်တွေကတော့ မြန်မာနိုင်ငံက အဖြစ်အပျက်တွေကို သူတို့ရဲ့ မိန့်ခွန်းထဲမှာ ထည့်ပြောခဲ့ပါတယ်။
မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်က .... "မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် အကြမ်းဖက်မှုတွေ၊ တိုင်းပြည်မငြိမ်မသက်ဖြစ်နေတဲ့အပေါ် ကျွန်တော်တို့ အတော်လေး စိုးရိမ်ထိတ်လန့်နေပါတယ်။ မြန်မာ့အရေးဟာ ကျွန်တော်တို့ အရှေ့တောင်အာရှအတွက် အကြီးဆုံးစိန်ခေါ်မှုဖြစ်သလို၊ လူသားချင်းစာနာမှု အကူအညီတွေလည်း လိုနေပါတယ်။ မြန်မာလူမျိုးတွေဟာ နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းတွေနဲ့မညီတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ခံနေရပြီး အကာအကွယ်မဲ့ ဖြစ်နေရပါတယ်။ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအနေနဲ့ မြန်မာစစ်တပ် အာဏာပိုင်တွေအပေါ် ဖိအားတွေ ဆက်ပေးနေဖို့က အလွန်အရေးကြီးနေပါတယ်။ အာဆီယံက ဘုံသဘောတူညီချက်တွေအတိုင်း အကြမ်းဖက်လုပ်ရပ်တွေ ချက်ချင်းရပ်ဖို့လိုပါတယ်။ မြန်မာစစ်တပ်အနေနဲ့ အာဆီယံဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ မလေးရှားက ထပ်မံတောင်းဆိုပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ တစ်နှစ်အတွင်း အာဆီယံဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး ရက်တနိုမာဆူဒီကလည်း မြန်မာ့အရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ စင်မြင့်ထက်မှာ အခုလိုပြောခဲ့ပါတယ်။
"မြန်မာ့အရေးဖြေရှင်းနိုင်ဖို့အတွက် အာဆီယံကချမှတ်ထားတဲ့ ဘုံသဘောတူညီချက်တွေကို အဖွဲ့ဝင်နိုင်ငံတွေကြား ဆက်လက်ကိုင်စွဲထားပါတယ်။ ဒီဘုံသဘောတူညီချက်တွေကို မြန်မာစစ်တပ်ဘက်က လိုက်နာအကောင်အထည် ဖော်လာဖို့လည်း ဆက်လက်တိုက်တွန်းနေပါတယ်။ အာဆီယံအနေနဲ့ မြန်မာပြည်သူတွေကို အကူအညီပေးဖို့ အကောင်းဆုံး ကြိုးစားဆောင်ရွက်သွားမယ်"
အင်ဒိုနီးရှားဟာ ပြီးခဲ့တဲ့ ဒီ ၂ဝ၂၃ ခုနှစ်မှာ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူခဲ့ပြီး မြန်မာ့အရေးဖြေရှင်းနိုင်ဖို့ ကြိုးစားခဲ့ပေမဲ့ အောင်မြင်ခြင်းမရှိဘဲ ၂ဝ၂၄ ခုနှစ်အတွက် ဥက္ကဋ္ဌနေရာကို လာအိုနိုင်ငံကို လွှဲပေးလိုက်ပြီဖြစ်ပါတယ်။
လာမယ့်နှစ်မှာ အာဆီယံ ဥက္ကဋ္ဌတာဝန်ယူထားတဲ့ လာအိုနိုင်ငံကတော့ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂစင်မြင့်ထက်မှာ ဘာမှပြောဆိုခဲ့တာမရှိပါဘူး။ လာအိုနိုင်ငံက အာဆီယံအလှည့်ကျတာဝန်ယူချိန်မှာ အဖွဲ့ဝင်နိုင်တွေကြား စည်းလုံးညီညွတ်မှုရဖို့နဲ့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ရေးကိုသာ ပြောဆိုခဲ့ပါတယ်။
စင်ကာပူနိုင်ငံခြားရေးဝန်ကြီးကတော့ "ရုရှားနဲ့ ယူကရိန်းစစ်ပွဲဟာ အခုထိဆက်ဖြစ်နေဆဲဆိုတာ မှန်ပါတယ်။ ဒါဟာ နိုင်ငံတကာဥပဒေတွေနဲ့ ကုလသမဂ္ဂရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်နေတဲ့ အကြီးမားဆုံးစစ်ပွဲဆိုတာလည်း မှန်ပါတယ်။ ကျွန်တော်တို့ရဲ့ အရှေ့တောင်အာရှ ကမ္ဘာဘက်အခြမ်း မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် အကြမ်းဖက်မှုတွေ ဖြစ်နေပါတယ်။ မြန်မာလူမျိုးတွေ ထိုက်တန်တဲ့ မြန်မာလူမျိုးတွေလိုလားတောင့်တနေတဲ့ ငြိမ်းချမ်းရေးတွေ၊ တိုးတက်ရေးတွေဟာ ရိုက်ချိုးဖျက်ဆီးခံနေရပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံက မောင်နှမတွေနဲ့အတူ ထပ်တူခံစားနေရပါတယ်" လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ဒီနှစ်ကုလသမဂ္ဂမှာမိန့်ခွန်းပြောတဲ့ အာဆီယံခေါင်းဆောင်တွေထဲမှာ ထိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ်သစ်နဲ့ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်သစ် ဗိုလ်ချုပ်ကြီး ဟွန်မာနက်တို့ကတော့ ပထမဆုံးအကြိမ် မိန့်ခွန်းပြောခွင့်ရတာ ဖြစ်ပါတယ်။
"အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာ့အရေးကိုပိုပြီး အာရုံစိုက် စိတ်တဝင်တစားနဲ့ ကမ္ဘာ့နိုင်ငံတွေ သတိထားမိအောင်လုပ်ဖို့လိုတယ်"
အိမ်နီးချင်းထိုင်းနိုင်ငံဝန်ကြီးချုပ်သစ်ဟာ ကုလသမဂ္ဂစင်မြင့်ထက်မှာ မြန်မာနိုင်ငံကိစ္စထည့်မပြောခဲ့ပေမဲ့ ထိုင်းနိုင်ငံကို ရောက်နေတဲ့ မြန်မာဒုက္ခသည်တွေကို ကူညီစောင့်ရှောက်နိုင်ဖို့ အကောင်းဆုံးလုပ်နေတယ်လို့ သတင်းထောက်တွေကို ညီလာခံပြင်ပမှာပြောခဲ့ပါတယ်။
အာဆီယံအဖွဲ့ထဲ ဝင်ဖို့လုပ်နေပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့လည်း ရင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့ အရှေ့တီမောနိုင်ငံသမ္မတ ဟိုဆေး ရာမို့စ်ဟော်တာ ကတော့ မြန်မာ့အရေးကို ပြင်းပြင်းထန်ထန်ပြောခဲ့ပါတယ်။
"မြန်မာစစ်တပ်ဟာ မြေလှန်မီးရှို့တဲ့ စနစ်ကိုကျင့်သုံးနေပြီး စစ်ရဟတ်ယာဉ်တွေ တိုက်လေယာဉ်တွေနဲ့ နိုင်ငံတဝန်းမှာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေပါတယ်။ ၂ဝ၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးကတည်းက အနည်းဆုံးလူပေါင်း ၃ဝဝဝ ကို သတ်ဖြတ်ပြီး၊ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လူပေါင်း ၁၇၀၀၀ လောက်ကို မတရားဖမ်းဆီးထားပါတယ်။ မြန်မာပြည်သူတွေဟာ နိုင်ငံတကာရဲ့ အကူအညီကို မျှော်နေပြီး အဲဒီလိုဖြစ်မလာတဲ့အတွက် နိုင်ငံတကာဟာ သူတို့အပေါ် သစ္စာဖောက်တယ်လို့ ခံစားနေရပါတယ်" လို့ပြောခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးက အာဆီယံအဖွဲ့ဝင် နိုင်ငံတော်တော်များများက ကုလသမဂ္ဂစင်မြင့်ထက်မှာ မြန်မာ့အရေးပြောဆိုခဲ့ခြင်းမရှိတာကို ဝေဖန်ပါတယ်။
"မြန်မာ့အရေးထက် ပိုအရေးကြီးတာ ဘာများဖြစ်မလဲ ပြောစရာရှိတာပေါ့။ ကမ္ဘာပေါ်မှာဖြစ်နေတဲ့ ကိစ္စအများကြီးရှိတာ မှန်ပါတယ်။ သို့ပေမဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာ့အရေးကိုပိုပြီး အာရုံစိုက် စိတ်တဝင်တစားနဲ့ ကမ္ဘာ့နိုင်ငံတွေ သတိထားမိအောင်လုပ်ဖို့လိုတယ်။ မြန်မာ့အရေးကိစ္စဟာ ဒေသတွင်းရဲ့ တည်ငြိမ်ရေး လုံခြုံရေးကိုပါ ထိခိုက်နေတာမို့ ဒေသတွင်းနိုင်ငံတွေအနေနဲ့ ကမ္ဘာ့ကုလသမဂ္ဂစင်မြင့်မှာ အခွင့်အရေးရတုန်းပြောသင့်တယ်"
ကုလသမဂ္ဂအထွေထွေ ညီလာခံရဲ့ General Debate လို့ခေါ်တဲ့ နိုင်ငံခေါင်းဆောင်တွေ တက်ရောက်မိန့်ခွန်းပြောကြတဲ့ ညီလာခံကို NLD အစိုးရလက်ထက်မှာ နိုင်ငံအကြီးအကဲအဖြစ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်း ပြောခဲ့ဖူးပါတယ်။ ၂ဝ၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် အဲဒီ General Debate မှာ မြန်မာနိုင်ငံက ဘယ်သူမှ ကိုယ်စားပြု တက်ရောက်စကားပြောခွင့်မရဘဲ ချန်လှပ်ခံထားရတာ ဒီနှစ်နဲ့ဆို သုံးနှစ်ဆက်တိုက်ရှိပါပြီ။