ရခိုင်မှာ ကပ်ရောဂါအကြောင်းပြပြီး စစ်အင်အားတိုးချဲ့နေကြောင်း AA စွပ်စွဲ
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ မြင့်တက်နေတဲ့ ရခိုင်ပြည်နယ်မှာ တပ်မတော်ဘက်က အင်အားတိုးချဲ့တာတွေ၊ အရပ်သားတွေကို ဖမ်းဆီးပစ်ခတ်တာတွေ လုပ်နေတယ်လို့ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က စွပ်စွဲလိုက်ပါတယ်။
-
2020-09-03 -
-
-
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ မြင့်တက်နေတဲ့ ရခိုင်ပြည်နယ်မှာ တပ်မတော်ဘက်က အင်အားတိုးချဲ့တာတွေ၊ အရပ်သားတွေကို ဖမ်းဆီးပစ်ခတ်တာတွေ လုပ်နေတယ်လို့ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က စွပ်စွဲ လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ တစ်ထောင်ကျော်ရှိတဲ့အထဲမှာ ရခိုင်ပြည်နယ်က ငါးရာဝန်းကျင်အထိရှိပြီး တစ်ပြည်လုံးပိုးတွေ့သူတွေရဲ့ ထက်ဝက်နီးပါး ရောဂါပိုးကူးစက်ခံနေရပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်နှုန်းမြင့်တက်နေတာကို အကြောင်းပြပြီး တပ်မတော်ဘက်က တပ်သားတိုးချဲ့တာတွေ၊ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေလုပ်နေတယ်လို့ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ဗီဒီယိုဖိုင်ကနေ စွပ်စွဲထားတာတွေ အွန်လိုင်းမှာ ပျံ့နှံ့နေပါတယ်။
"အခု သြဂုတ်လ ၁၆ ရက်နေ့ နောက်ပိုင်းကနေ Covid 19 ကူးစက်မှုမြင့်မားလာတာကို အကြောင်းပြပြီးတော့ ရခိုင်ဒေသမှာ ယခင်ကထက်ပိုပြီးများတဲ့ ပိတ်ဆို့မှုတွေကို တွေ့လာရတယ်၊ ရောဂါကိုအကြောင်းပြပြီးတော့ ပိတ်ဆို့တာကတော့ ချက်ချင်းကြည့်ရင်တော့ လက်ခံနိုင်စရာရှိတယ်။ ဒါပေမဲ့ အဲဒါနဲ့တပြိုင်တည်းမှာပဲ စစ်တပ် အင်အားတွေကို အလုံးအရင်း ပြောင်းရွှေ့လာတာတွေကို တွေ့ရပါတယ်၊ လေယာဉ်နဲ့ပြောင်းလာတယ်၊ ပင်လယ်ထဲက သင်္ဘောတွေနဲ့ ပြောင်းလာတယ်၊ ဒီနေ့ဆိုရင် လက် နက်ကိုင်တပ်ဖွဲ့ဝင် ၆၀၀ လောက် ရခိုင်ရိုးမ ကိုကျော်ပြီးတော့ ဝင်လာတာတွေကအစ ကျွန်တော်တို့ ကြားသိနေရပါတယ်"
ကူးစက်မှုမြင့်လာတဲ့ကာလ သြဂုတ်လ အလယ်ကနေစလို့ ရသေ့တောင်မြို့နယ်ထဲမှာ လက်နက်ကြီးတွေနဲ့ပစ်လို့ ရွာသားတွေထိခိုက်ဒဏ်ရာရတာ၊ ကျောက်တော်မြို့ထဲကို ဝင်ပြီးတော့ ရှမ်းရွာမှာ လူတွေကိုဝင်ပြီးတော့သတ်တာ၊ ကျောက်တော်မြို့ အပေါက်ဝရွာမှာ ကောက်စိုက်နေတဲ့ လယ်သမားတွေကို လက်နက်ကြီးတွေနဲ့ပစ်သွားတာ၊ ပုဏ္ဏားကျွန်းမှာ ရွာကိုဝင်ပြီးတော့ ရွာသားတွေကို သေနတ်နဲ့ လိုက်ပြီးတော့ နွားတွေကိုလုယူသွားတာ စတဲ့ဖြစ် စဉ်တွေဟာ ရခိုင်ပြည်သူတွေကို တိုက်ခိုက်ပြီး ရခိုင့်တပ်တော်ကို ရန်စကာ နိုင်ငံရေးစစ်ရေးအရ အမြတ်ထုတ်ဖို့ ကြိုးစားနေတာကိုတွေ့ရတယ်လို့ သူ့ဗွီဒီယိုမှာ စွပ်စွဲထားပါတယ်။
ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းရာမှာတော့ အခုလိုပြောပါတယ်။
“ရခိုင်မှာ ကျနော်တို့လုပ်နေတာသည် တန်ပြန်အကြမ်းဖက်မှုနှိမ်နင်းရေး စစ်ဆင်ရေးလုပ်နေတာဖြစ်တယ်၊ စစ်ဆင်ရေးဆောင်ရွက်တဲ့အခါမှာတော့ လိုအပ်တဲ့အင်အားတော့ ကျနော်တို့အသုံးပြုမှာဘဲ၊ ခုနပြောသလို တိုးချဲ့တာတော့ မရှိဘူးဗျ၊ နောက်တချက်က အရပ်သားတွေ ဖမ်းဆီးတယ်ဆိုတာလည်း သောင်းကျန်းသူနဲ့ ပတ်သက်လာရင် အကြမ်းဖက်အဖွဲ့အစည်းနဲ့ ပတ်သက်လာရင်တော့ ကျနော်တို့ စစ်ဆေးတာတွေ၊ မေးမြန်း တာတွေ၊ ထိန်းသိမ်းတာတွေရှိကောင်းရှိမယ်၊ တရားဥပဒေနဲ့ အညီဘဲ ဆောင်ရွက်လျက်ရှိပါတယ်၊ နိုင်ငံရေး အရ အမြတ်ထုတ်စရာလည်း အကြောင်းမရှိပါဘူးဗျာ၊ ကျနော်တို့အနေနဲ့ ကိုဗစ် ၁၉ နဲ့ပတ်သက်ပြီး ရခိုင်မှာ ဒုတိယလှိုင်းဖြစ်နေတယ်ဆိုရင်ပဲ တပ်မတော်အနေနဲ့ ၂၀ရက်နေ့ဖြစ်တယ် ၂၁ ရက်နေ့ လေယာဉ်နဲ့ လှူခဲ့ပြီးပြီ၊ လေးကြိမ်မြောက်ရှိပြီ၊ အခုနောက်ပိုင်းမှာလည်း နိုင်ငံတော်အစိုးရက ထောက်ပံ့တဲ့ပစ္စည်းတွေဆိုလည်း တပ်မတော်လေယာဉ်နဲ့ ပို့ပေးနေတာပဲ၊ တပ်မတော်အနေနဲ့ မည်သည့်နယ်မြေ၊ မည့်သည့်ဒေသမှ မခွဲခြားဘဲ ဆောင်ရွက်နေတာပဲ”
ရခိုင်ပြည်နယ်မှာ သြဂုတ်လ ၁၆ ရက်နေ့ကစပြီး ကိုရိုနာဗိုင်းရပ်စ် ပြည်တွင်းကူးစက်မှုစတင်ခဲ့ပြီး နှစ်ပတ်ကျော် အကြာမှာ ၄၆၆ ဦးထိ ရောဂါကူးစက်ခံနေရတာလည်းဖြစ်ပါတယ်။
ဒီလိုကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေရှိပေမယ့် ရခိုင်ပြည်နယ်မှာတော့ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ် တာတွေ၊ တိုက်ပွဲတွေကတော့ ပုံမှန်အတိုင်းဖြစ်နေတယ်လို့ ဒေသခံတွေကပြောကြပါတယ်။
ကိုဗစ်ဖြစ်လည်း စစ်ရေးလှုပ်ရှားမှုတွေကတော့ ပုံမှန်အတိုင်းရှိနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရသေ့တောင်မြို့နယ်က ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
"ဖြစ်ရပ်တွေကတော့ ပုံမှန်ဖြစ်နေတယ်၊ စစ်ရေးလှုပ်ရှားမှုက ပုံမှန်တွေဘဲ၊ ကိုဗစ်ဖြစ်တဲ့ဟာနဲ့ မဖြစ်တဲ့ဟာ ဘာမှမထူးခြားဘူး၊ လက်နက်ကြီးပစ်တာ၊ လက်နက်ငယ်ပစ်တာရော၊ အရပ်သားတွေ ထိခိုက်သေဆုံးတာရော၊ ဖမ်းဆီးတာရော၊ အဲဒါကပုံမှန်ပါပဲ"
ရခိုင်မှာရှိတဲ့ ပြည်သူတွေအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကာလမှာ တိုက်ပွဲတွေဖြစ်တာ၊ လက်နက်ကြီးကျတာတွေကြောင့် ထိခိုက်ဒဏ်ရာရတဲ့အခါ တမြို့နဲ့တမြို့ ဝင်ထွက်သွားလာခွင့်ကန့်သတ်တာ၊ ညမထွက်ရအမိန့်တွေကြောင့် အချိန်မှီ ဆေးရုံမသွားနိုင်တာ၊ လမ်းတွေပိတ်တာတွေကြောင့် ဆေးဝါးခက်ခဲတာ စတဲ့ပြဿနာတွေကြောင့် ပိုပြီးအခက်အခဲ တွေဖြစ်နေတယ်လို့လည်း ဒေသခံတွေကဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဟာ အခြားနေရာတွေထက်များနေတာ၊ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက် တာဟာ ကျန်းမာရေးပြဿနာဆိုပေမယ့် ရခိုင်ပြည်နယ်ကို နိုင်ငံရေး၊ စစ်ရေးပြဿနာ အကြောင်းခံပြီး ရောက်လာသလားဆိုတာ စဉ်းစားစရာဖြစ်နေတယ်လို့လည်း AA စစ်ဦးစီးချုပ်က စွပ်စွဲထားပါတယ်။
အစိုးရနဲ့ တပ်မတော်ဟာ နိုင်ငံရေးအရ လူမျိုးရေးအရ၊ စစ်ရေးအရ၊ အမြစ်ပြတ်ချေမှုန်းဖို့အတွက် သူတို့လုပ်ပိုင်ခွင့်ကို အသုံးချနေတာဟာ စဉ်းစားစရာလို့ ဆိုပါတယ်။
၂၀၂၀ အစောပိုင်းကတည်းက AA အနေနဲ့ ကိုရိုနာဗိုင်းစ်ကို ကြိုတင်ကာကွယ်ဖို့၊ ထိန်းချုပ်ကုသဖို့အတွက် မဟာမိတ်ညီနောင်တွေနဲ့ အပစ်ခတ်ရပ်စဲဖို့ကြေညာထားပေမယ့် အစိုးရက အသိအမှတ် မပြုဘဲ အကြမ်းဖက် နှိမ်နင်းရေးဥပဒေနဲ့ စစ်ဆင်ရေးတွေ ဆောင်ရွက်ခဲ့တယ်လို့လည်း စွပ်စွဲထားပါတယ်။
ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို RFA က ဆက်သွယ် မေးမြန်းရာတော့ မကြာခင်ကျင်းပမယ့် သမ္မတရုံးသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားမယ်လို့ဆိုပါတယ်။
ရခိုင်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေဖြစ်တဲ့ သြဂုတ်လ ၁၆ ရက်နေ့နောက်ပိုင်း လက်နက်ကြီးထိမှန်တာ၊ သေနတ်နဲ့ပစ်ခတ်မှုတွေကြောင့် ထိခိုက်ဒဏ်ရာရသူ ၂၀ နီးပါးနဲ့ လေးဦးသေဆုံးခဲ့ပါတယ်။
အရပ်သားတွေနဲ့ AA ဘက်ကတော့ တပ်မတော်ဘက်က အရပ်သားတွေကို တမင်ပစ်ခတ်တာလို့ ပြောဆိုပေမယ့် တပ်ဘက်ကတော့ AA တပ်ဖွဲ့ဝင်မို့ပစ်ခတ်တာလို့ ငြင်းဆိုတာတွေရှိပါတယ်။
စစ်ရေးနိုင်ငံရေးနဲ့ တိုင်းရင်းသားရေးကျွမ်းကျင်သူ စာရေးဆရာဦးမောင်မောင်စိုးကတော့ အဲဒီဒေသမှာ နှစ်ဖက်အပစ်ခတ်ရပ်စဲရေးလုပ်မှသာ စွပ်စွဲချက်တွေ ဖြေရှင်းနိုင်မယ်လို့ ပြောပါတယ်။
"စစ်ဆင်ရေးတွေ မရပ်နိုင်ဘူးဆိုရင် ပြဿနာတွေတက်နေမှာပဲ၊ ကျနော့်အမြင်ကတော့ ဒီကာလမှာ အဲဒေသမှာ အပစ်ခတ်ရပ်စဲရေး မလုပ်နိုင်ဘူးဆိုရင် တဖက်နဲ့တဖက် အပြန်အလှန်စွပ်စွဲမှုကော၊ တိုက်ပွဲ ကောပိုပြီးကြီးလာမှာပဲ၊ အဲဒေသမှာ အပစ်ခတ်ရပ်စဲဖို့ဆိုတာကလည်း တဖက်သတ် အပစ်ရပ်ကြေညာနေ လို့တော့မရဘူး၊ တိုက်ပွဲဖြစ်နေတဲ့ နှစ်ဖွဲ့အနေနဲ့ ဆွေးနွေးပြီးတော့ အပစ်ရပ်မှပဲ ရပ်လို့ရမယ်ထင်ပါတယ်"
RFA က ကောက်ယူရရှိထားတဲ့ အချက်အလက်တွေအရ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့ နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာလကနေ ဒီနေ့ စက်တင်ဘာ ၂ ရက်နေ့အထိ အရပ်သား သေဆုံး သူ ၂၈၃ ဦးနဲ့ ထိခိုက် ဒဏ်ရာရသူပေါင်းက ၆၂၇ ဦးအထိ ရှိနေပါတယ်။
AA ခေါင်းဆောင်ရဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး မနက်ဖြန်မှာတော့ နိုင်ငံတော်သမ္မတရုံးနဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူတွေ နေပြည်တော် မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ဖို့ရှိတယ်လို့ သိရပါတယ်။