ရန်ကုန်တက္ကသိုလ်မှ သစ်ပင် ၇၀ ကျော် ခုတ်မည့် အစီအစဉ်ကို ဝိုင်းဝန်းကန့်ကွက်နေ
ရန်ကုန်တက္ကသိုလ်ဝန်းထဲမှာ တက္ကသိုလ်ပတ်လမ်း ဖောက်လုပ်ဖို့ သစ်ပင် ၇၀ ကျော် ခုတ်လှဲမယ့် အစီအစဉ်ကို အသင်းအဖွဲ့တချို့က ကန့်ကွက်နေကြပါတယ်။
-
အောင်သိင်္ခ
2019-11-03 -
-
-
Your browser doesn’t support HTML5 audio
ရန်ကုန်တက္ကသိုလ်ဝန်းထဲမှာ တက္ကသိုလ်ပတ်လမ်း ဖောက်လုပ်ဖို့ သစ်ပင် ၇၀ ကျော် ခုတ်လှဲမယ့် အစီအစဉ်ကို အသင်းအဖွဲ့တချို့က ကန့်ကွက်နေကြပါတယ်။
ရန်ကုန်တက္ကသိုလ်နယ်မြေမှာကို ပတ်ပြီးဖောက်မယ့်လမ်းအတွက် သစ်ပင်အများအပြားခုတ်မယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး အသင်းအဖွဲ့တချို့က ကန့်ကွက်လိုက်ပါတယ်။
သစ်ပင်လုံးဝ ထပ်မခုတ်ဖို့၊ တက္ကသိုလ်ရဲ့ အပေါ်ယံရုပ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို ဦးစားမပေးဖို့ ရန်ကုန်ကျောင်းသားများ သမဂ္ဂက တောင်းဆိုထားပြီး၊ ဆရာ၊ ဆရာမများ သမဂ္ဂကလည်း သဘောတူညီမှု မရမချင်း သစ်ပင်ခုတ်လှဲတာတွေ၊ ပတ်လမ်းဖောက်လုပ်တာတွေကို ရပ်ဆိုင်းထားဖို့ ထုတ်ပြန်ထားပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်တက္ကသိုလ် ကျောင်းများ သမဂ္ဂကတော့ မနေ့က ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ အာဏာပိုင်တွေက ထပ်ခုတ်မယ့်အစီအစဉ်လည်း ရှိနေတယ်လို့ ယူဆရကြောင်း ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ ကိုညီဇော် က ပြောပါတယ်။
တက္ကသိုလ်အတွင်း သစ်ပင် ၇၆ ပင်ခုတ်မယ် ပြောပေမယ့် ခုတ်လှဲနေတဲ့ သစ်ပင်အရေအတွက်က ၇၆ ပင်ထက် ပိုများနေကြောင်း ကိုညီဇော် က ပြောပါတယ်။ ဒီသစ်ပင်ခုတ်လှဲမှုကို ကမာရွတ်မြို့နယ် စည်ပင်သာယာရေးကော် မတီက ဆောင်ရွက်နေတာလို့ ကျောင်းသားတွေက ဆိုပါတယ်။
မြို့နယ်စည်ပင်သာယာရေးကော်မတီကို RFA က မေးမြန်းဖို့ ဒီကနေ့ ကြိုးစားပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
ရန်ကုန်တက္ကသိုလ်ဟာ ကမာရွတ်မြို့နယ်ထဲမှာ တည်ရှိနေပေမယ့် လုပ်ဆောင်မယ့် စီမံကိန်းနဲ့ ပတ်သက်ပြီး တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအနေနဲ့ မသိရှိရကြောင်း အကြောင်းကြားတာမျိုးလည်း မရှိကြောင်း အန်အယ်လ်ဒီပါတီရဲ့ ကမာရွတ်မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးတင်ဝင်း က ပြောပါတယ်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင် တစ်ဦးဖြစ်တဲ့ Eco Dev အဖွဲ့ခေါင်းဆောင် ဦးဝင်းမျိုးသူက စီမံကိန်းနေရာကို လေ့လာဆန်းစစ်ပြီးမှ ခုတ်လှဲသင့်တယ်လို့ မှတ်ချက်ပေးတယ်။
ရာသီဥတုဆိုင်ရာ လှုပ်ရှားမှုတွေမှာပါဝင်တဲ့ Climate Strike Myanmar အဖွဲ့ဝင် မအိသီရိကလည်း ကျောင်းသား သမဂ္ဂတွေနဲ့ ပူးပေါင်းပြီး ဆန္ဒပြလှုပ်ရှားမှုတွေမှာ ပါဝင်မယ့်အပြင် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေဆီကို စာပေးပို့ ကန့်ကွက်တောင်းဆိုသွားမယ်လို့ ပြောပါတယ်။
ကချင်ငြိမ်းချမ်းရေးကွန်ရက်က ဒေါ်ခွန်ဂျာကလည်း ရန်ကုန်တက္ကသိုလ်ထဲက ပတ်လမ်းစီမံကိန်းနဲ့ ပတ်သက်ပြီး သစ်ပင်တွေ ခုတ်လှဲနေတဲ့အပေါ် ဝေဖန်ပါတယ်။
ရန်ကုန်တက္ကသိုလ် ဝန်းအတွင်းက သစ်ပင်တွေဟာ တန်ဖိုးကြီးအရိပ်ရအပင်တွေ ဖြစ်ပါတယ်။ ခုတ်လှဲပြီး သစ်ပင်တွေကို ဘယ်အဖွဲ့အစည်းက ဘယ်လိုပြန်အသုံးချတယ်ဆိုတာကို မေးခွန်းထုတ်ဖို့ လိုအပ်ကြောင်းလည်း ဒေါ်ခွန်ဂျာက ဆိုပါတယ်။
ရန်ကုန်တက္ကသိုလ်အတွင်း သစ်ပင်တွေ ခုတ်လှဲနေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကျောင်းအာဏာပိုင်တွေကို RFA က မေးမြန်းဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
ရန်ကုန်တက္ကသိုလ် ရာပြည့်အခမ်းအနားအမီ အဆင့်မြှင့်တင် လုပ်ဆောင်တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီစီမံကိန်း လုပ်ဆောင်တာဟာ ရန်ကုန်တက္ကသိုလ်က ဆရာ၊ ဆရာမတွေ၊ ကျောင်းသား ကျောင်းသူတွေ အန္တရာယ်ကင်းစွာ သွားလာနိုင်ဖို့ သက်ဆိုင်ရာ ဌာနတွေနဲ့ ညှိနှိုင်းဆောင်ရွက်ထားကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်ကိုယ်တိုင် လမ်းညွှန်ချက်နဲ့ ပြုပြင်ဆောင်ရွက်နေတာဖြစ်ကြောင်း ဖေ့ဘွတ်စ်ပေါ် ပျံ့နှံ့လာတဲ့ ရန်ကုန်တက္ကသိုလ် ပတ်လမ်းနဲ့ မြေယာရှုခင်းစီမံကိန်း အစီရင်ခံစာအရ သိရပါတယ်။
အခုလို သစ်ပင်တွေအလွန်အကျွံခုတ်နေတာဟာ ကျောင်းဝင်းအတွင်း စိမ်းလန်းစိုပြည်မှုနဲ့ ဂေဟစနစ်ကို ပျက်စီးစေတဲ့အတွက် ဝေဖန်ကန့်ကွက်နေကြတာဖြစ်ပါတယ်။