မြန်မာ့အရေးဖြေရှင်းမှ အရှေ့တီမော အာဆီယံအဖွဲ့ဝင်မည်

တင်အောင်ခိုင် (ဝါရှင်တန်ဒီစီ)
2023.08.09
မြန်မာ့အရေးဖြေရှင်းမှ အရှေ့တီမော အာဆီယံအဖွဲ့ဝင်မည် အရှေ့တီမော သမ္မတ၊ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် Jose Ramos-Horta (ဝဲ) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် (ယာ) တို့ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့က အရှေ့တီမောနိုင်ငံ ဒီလီမြို့တော်ရှိ သမ္မတနန်းတော်မှာ တွေ့ဆုံခဲ့ကြစဉ်။
Presidência da República Democrática de Timor-Leste

ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့ကမှ အစိုးရသစ်ဖွဲ့လိုက်တဲ့ အရှေ့တီမောနိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ကို ဝင်ရောက်ဖို့ တာစူနေပါတယ်။

ဒါပေမဲ့ အာဆီယံအဖွဲ့က မြန်မာနိုင်ငံအရေးကို မဖြေရှင်းသေးတဲ့ အပေါ်မှာတော့ အရှေ့တီမောအနေနဲ့ ကသိကအောက်ဖြစ်နေပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံအရေးကို အာဆီယံအနေနဲ့ မဖြေရှင်းနိုင်သေးရင် အရှေ့တီမောနိုင်ငံ အာဆီယံအဖွဲ့ထဲ ဝင်မှာမဟုတ်သေးဘူးလို့ အရှေ့တီမောသမ္မတနဲ့ ဝန်ကြီးချုပ်သစ်က သြဂုတ်လ ၇ ရက်နေ့က ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၇ ရက်နေ့က အရှေ့တီမောသမ္မတ ဟိုဆေး ရာမို့စ်ဟော်တာ (Jose Ramos Horta) နဲ့ ဝန်ကြီးချုပ် ဇာနာနာဂတ်စ်မိုတို့ တွေ့ဆုံချိန်မှာ ပြောလိုက်တာပါ။

ပဋိပက္ခတွေကို အာဆီယံက မဖြေရှင်းနိုင်သေးလို့ မဝင်သေးတာလို့ သမ္မတရာမို့စ်ဟော်တာက ပြောပါတယ်။

“ကျွန်တော်တို့ အာဆီယံထဲ မဝင်သေးတာကတော့ အဖွဲ့ကြီးအတွင်းမှာဖြစ်နေတဲ့ ပဋိပက္ခတွေကို မဖြေရှင်းနိုင်လို့ဖြစ်ပါတယ်”

အလားတူပဲ ဝန်ကြီးချုပ်ဇာနာနာ ဂတ်စ်မိုကလည်း မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ရင် အရှေ့တီမောရဲ့ ရပ်တည်ချက်ဟာ ကုလသမဂ္ဂရဲ့ ရပ်တည်ချက်လိုပဲ ပြောင်းလဲမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ကျွန်တော်တို့ ဘယ်အချိန်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်လာမလဲဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပြီး မြန်မာစစ်အာဏာရှင်တွေကို အာဆီယံက ဖိအားမပေးနိုင်သရွေ့ အာဆီယံကို အရှေ့တီမောက မယုံသေးဘူးလို့လည်းပြောပါတယ်။ ဒါပေမဲ့ သမ္မတက ၂၀၂၅ ခုနှစ် လောက်ထဲမှာတော့ အာဆီယံထဲ ဝင်ဖြစ်လိမ့်မယ်လို့ ပြောပါတယ်။

“ကျွန်တော်ရော ဝန်ကြီးချုပ်ရော စိတ်ကူးထားတာ ၂၀၂၅ ခုနှစ်လောက်မှာ အာဆီယံအဖွဲ့ထဲ ဝင်ဖြစ်ပါလိမ့်မယ်”

အရှေ့တီမောနိုင်ငံဟာ မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့ အခြေအနေတွေကို မျက်ခြေမပြတ် စောင့်ကြည့်နေပြီး ပြီးခဲ့တဲ့ ဇူလိုင်လဆန်းကပြုလုပ်တဲ့ အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကို တရားဝင်ဖိတ်ကြားခဲ့သလို၊ ဇူလိုင်လ ၂ ရက်နေ့ကလည်း ကျမ်းသစ္စာကျိန်ဆိုပွဲ တက်လာတဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို သမ္မတ ဟိုဆေး ရာမို့စ်ဟော်တာက သီးသန့်တွေ့ဆုံပြီး မြန်မာနိုင်ငံက အခြေအနေတွေကို ဆွေးနွေးခဲ့ပါတယ်။

အရှေ့တီမောသမ္မတဟာ မြန်မာနိုင်ငံမှာ အာဏာသိမ်းခဲ့တာနဲ့ ပတ်သက်ပြီး အစောပိုင်းက ပြင်းပြင်းထန်ထန် ဝေဖန်ပြောကြားခဲ့တာပါ။

အလားတူ ဝန်ကြီးချုပ် ဇာနာနာ ဂတ်စ်မိုကလည်း အရှေ့တီမောနိုင်ငံမှာ အကြမ်းဖက်မှုတွေကြုံခဲ့ဖူးပေမဲ့ အာဏာသိမ်းတာမျိုးတော့ တစ်ခါမှမကြုံဘဲ ဒီမိုကရေစီနည်းလမ်းတကျသာ လျှောက်လှမ်းသွားမယ်။

ကျွန်တော်တို့နိုင်ငံမှာ ဒီမိုကရေစီ ယဉ်ကျေးမှုရှိနေတယ်ဆိုတာ ကမ္ဘာကိုပြသွားမယ်လို့ ပြောပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ ကျွန်တော်တို့အတွက် စံနမူနာယူစရာတွေ မဟုတ်ပါဘူးလို့လည်း ပြောဆိုသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။