နိုင်ငံတစ်ဝန်း ပဋိပက္ခတွေချုပ်ငြိမ်းရေး ဆွေးနွေးအဖြေရှာဖို့ အလှမ်းဝေးနေဆဲ

စစ်တပ်ကအာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာ အခုမတ်လထဲမှာ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ကယားပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်၊ PDF ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေပိုဆိုးလာပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်ဖွဲ့ဝင်တချို့ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၀ ရက်နေ့က တွေ့ရစဉ် Photo: AFP

စစ်တပ်ကအာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာ အခုမတ်လထဲမှာ မကွေးတိုင်း၊ စစ်ကိုင်း တိုင်း၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ကယားပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ တိုင်းရင်း သား လက်နက်ကိုင်၊ PDF ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေပိုဆိုးလာပါတယ်။

ကရင်ပြည်နယ်မှာဆိုရင် ငြိမ်းချမ်းရေးပြယုဂ်ဖြစ်တဲ့ မြဝတီခရိုင် လေးကေ့ကော်မြို့သစ်မှာ စစ်ကောင်စီတပ်နဲ့ KNU တပ်တွေအကြား ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၅ ရက်ကစတင်ခဲ့တဲ့ တိုက်ပွဲတွေဟာ အခုထိဆက်ဖြစ်နေဆဲပါ။

"မြို့ပြတိုက်ပွဲတွေ ဆင်နွှဲနေတာက တညီတညွတ်တည်း တိုက်ပွဲဝင်နေကြတဲ့အတွက် အခုက စေ့စပ်ဆွေးနွေးစရာ အခြေအနေ မတွေ့တော့ပါဘူး”

မတ်လထဲမှာတော့ ကော့ကရိတ်ခရိုင်တစ်ခုတည်းကတင် စစ်ဘေးဒုက္ခသည် တစ်သောင်း နှစ်ထောင်ကျော် ထွက်ပြေးနေရတယ်လို့ KNU ဒူးပလာယာခရိုင်က မတ်လ ၂၃ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

ဒါပေမဲ့ တိုက်ပွဲတွေအရှိန်လျှော့ချဖို့ မရှိဘဲ စစ်ကောင်စီပြုတ်ကျတဲ့အထိ ဆက်တိုက်မယ်လို့ KNU နိုင်ငံခြားရေးဌာန တာဝန်ခံ ပဒိုစောတောနီးက RFA ကို ပြောပါတယ်။

“အခုဟာက ကျည်ဆန်တွေအများကြီးကျန်ရဲ့သားနဲ့ ဘာမှမလုပ်နိုင်ဘဲ ဒီတိုင်းလက်နက် ချတဲ့ အနေအထားတွေက အများကြီးဖြစ်လာတယ်။ နေရာတော်တော်များများမှာ ဖြစ် လာတယ်။ နောက်ပြီးတော့ ရှောင်တိမ်းလာတဲ့ CDM လုပ်လာတဲ့ စစ်ဗိုလ်၊ ဒုဗိုလ်မှူးကြီး အဆင့်တောင် ဒါတွေကဖြစ်လာတဲ့အခါမှာ စစ်တပ်ရဲ့ပြိုဆင်းမှုက စစ်ရေးနည်းလမ်း တစ်ခုတည်းတင် မဟုတ်ဘူး။ အကြောင်းချင်းရာအများကြီး ပေါင်းဆုံလာပြီးတော့ ဖြစ်လာတဲ့ အခါကျတော့ သူကဘယ်လိုမှ ကျားကန်နိုင်တော့မှာ မဟုတ်ဘူးလို့ အလေး အနက် ယုံကြည်တယ်။ အဲဒါကြောင့် ကျနော်တို့ ဆက်လုပ်ရမယ့်အလုပ်ကတော့ စစ် အာဏာရှင် ပြုတ်ကျရေးအတွက် ဖြစ်တယ်ဆိုပြီးတော့ မလွဲမသွေ ယုံကြည်ပြီးတော့ လုပ်သွားမှာပဲဖြစ်တယ်”

အခုမတ်လ ၁ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ ရက်၂၀ အတွင်းမှာတိုက်ပွဲပေါင်း ၈၁ ကြိမ် ဖြစ်ခဲ့ပြီး တပ်မဟာ ၅ နယ်မြေတစ်ခုတည်းမှာတင် တိုက်ပွဲပေါင်း ၆၁ ကြိမ် ဖြစ်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

KNU အနေနဲ့ စစ်တပ်ကို စစ်ရေးနည်းလမ်းတစ်ခုတည်းနဲ့ အပြီးတိုင်ပြုတ်ကျအောင် မတိုက်နိုင်ဘူးဆိုတာနားလည် ထားတာကြောင့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ (NUCC) နဲ့ပေါင်းပြီး နိုင်ငံရေးနဲ့ သံတမန်ရေးနည်းလမ်းတွေအရ စစ်ကောင်စီကို နိုင်ငံတကာရဲ့ အသိအမှတ်ပြုမခံရအောင် ကြိုးစားနေတယ်လို့ ပဒိုစောတောနီးက ပြောပါတယ်။

အခုချိန်ထိစစ်တပ်နဲ့ တွေ့ဆုံဆွေးနွေးဖို့ လုံးဝတွေးမထားဘူးလို့လည်း သူက ဆိုပါတယ်။

ချင်းအမျိုးသားတပ်ဦး (CNF) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကလည်း စစ်တပ်ကို ဒီတစ်ခါမှာတော့ NUG နဲ့ပေါင်းပြီး အပြတ်တိုက်မယ်လို့ RFA ကို ပြောပါတယ်။

“ကျနော်တို့ကို အမြစ်ဖြတ် ချေမှုန်းရေးဆိုတဲ့ ဗျူဟာနဲ့တိုက်လာတာ နှစ်ပေါင်း ၆၀၊ ၇၀ ရှိပြီ။ ကျနော်တို့ဘက်ကလည်း ဒီတစ်ခါတော့ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်တဲ့အနေ အထားနဲ့ မဟုတ်တော့ဘဲနဲ့ ကျနော်တို့ကိုယ်တိုင် Offensive အနေအထားကိုတိုးနိုင်တဲ့ အနေအထားကို ကြိုးစားတယ်။ ကျနော်တို့တင် မဟုတ်ဘဲနဲ့ ဒီနေ့ဒီအချိန်မှာ ကျနော်တို့ အတွက် NUG ဆိုတဲ့ နိုင်ငံတော်အာဏာကို ကိုင်စွဲမယ့်၊ အစိုးရဖြစ်လာမယ့် NUG အစိုးရ နဲ့ တောင်ပေါ်မြေပြန့်မခွဲခြားဘဲနဲ့ ကျနော်တို့ စုစုစည်းစည်းနဲ့တိုက်ရင် ကျနော်တို့က တော့ အပြတ်နိုင်မယ်လို့ ယုံကြည်ထားတယ်”

NCA စာချုပ်လက်မှတ်ထိုးထားတဲ့ အတွေ့အကြုံအရ CNF အနေနဲ့ စစ်ကောင်စီနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ လုံးဝအယုံအကြည်မရှိသလိုလက်ရှိဖြစ်ပေါ်နေတဲ့ အနေအထားအရလည်း ဆွေးနွေးရေးနည်းလမ်းဟာ လက်တွေ့မကျသေးဘူးလို့ ဆလိုင်းထက်နီက ပြောပါတယ်။

အခုဆိုရင် ချင်းပြည်နယ် မြို့နယ်ကိုးခုစလုံးမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး ချင်းပြည်နယ် ထဲက စစ်ကောင်စီတပ်ကို မတ်လ ၂၇ ရက်နေ့ နောက်ဆုံးထားပြီး မောင်းထုတ်ဖို့ ထိုးစစ် ဆင်နေတယ်လို့ CDF တပ်ဖွဲ့တွေက ပြောပါတယ်။

ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) တပ်ဖွဲ့ဝင်တချို့ကို ၂၀၂၁ ခုနှစ် သြဂုတ် ၂၀ ရက်နေ့က တွေ့ရစဉ် (Photo: Karenni Nationalities Defense Force - KNDF BO1)

ပြီးခဲ့တဲ့နှစ် မေလကနေ အခုအချိန်ထိ တိုက်ပွဲတွေဆက်ဖြစ်နေတဲ့ ကယားပြည်နယ်မှာ လည်း တစ်ရက်တည်း တစ်ချိန်တည်း လူ ၅၀ နီးပါး အစုအပြုံလိုက် သတ်ဖြတ်မှုမျိုးဖြစ် ခဲ့ပြီး၊ စစ်ကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ဒုက္ခသည်ကတော့ နှစ်သိန်းနီးပါးရှိနေပါပြီ။

ကယားပြည်နယ်ဟာ အထိအနာဆုံးပြည်နယ်မို့ စစ်တပ်နဲ့ ဆွေးနွေးစရာ ဘာအကြောင်းမှ မရှိဘူးလို့ (KNDF) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုမာဝီက ပြောပါတယ်။

“ကျနော်တို့ဆီမှာ စစ်တပ်နဲ့ ညှိနှိုင်းစရာ ဘာအကြောင်းမှ မရှိဘူး။ ကျနော်တို့ ရဲဘော် တွေ သေကြေပျက်စီး ထိခိုက်နစ်နာတာတွေရှိတယ်။ ကျနော်တို့ အပြစ်မဲ့ပြည်သူတွေကို အရှင်လတ်လတ် မီးရှို့သတ်ပြီးတော့မှ လုပ်ဆောင်ထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေကို ကျူးလွန်ထားတဲ့ ကိစ္စတွေရှိတယ်။ ကျနော်တို့ မြို့ရွာတွေ အခုချိန်မှာ ပြာကျထားတာ တွေရှိတယ်။ ဒီအရာတွေဟာ ကျနော်တို့ ဘယ်တော့မှ စားပွဲခုံပေါ်မှာ စစ်တပ်နဲ့ လက်ဆွဲ နှုတ်ဆက်ပြီးတော့မှ ငါဘာလိုပါတယ်၊ မင်းဘာရချင်ပါတယ်၊ မင်းကိုဘာပေးပါ့မယ်ဆို တာမျိုး ညှိစရာဘာအကြောင်းမှ မရှိဘူးပေါ့နော်”

လက်ရှိတိုက်နေတဲ့ တိုင်းရင်းသား ခေါင်းဆောင်အချို့က အခုလိုပြောနေပေမယ့် မြန်မာ နိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန်း အပါအဝင် နိုင်ငံတကာ ခေါင်းဆောင်တချို့နဲ့ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ PPST ခေါင်းဆောင်တချို့ကတော့ သက်ဆိုင်သူအားလုံးပါတဲ့ တွေ့ဆုံဆွေး နွေးရေး နည်းလမ်းကသာ လက်ရှိပြဿနာတွေကို ဖြေရှင်းနိုင်လိမ့်မယ်လို့ သတင်းမီဒီယာ တွေကို ထုတ်ပြောထားပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဘယ်လိုကန့်သတ်ချက်မှ မထားဘဲ တွေ့ဆုံဆွေး နွေးဖို့ ဆန္ဒရှိပေမယ့် NUG ၊ PDF တွေနဲ့ ဆွေးနွေးစရာဘာအကြောင်းမှ မရှိဘူးလို့ စစ် ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း က ပြောပါတယ်။

“နိုင်ငံရေးအရ ဆွေးနွေးစရာ ဘာအကြောင်းမှ မရှိပါဘူး။ ကျနော်တို့ ပြောခဲ့တာပဲ။ ကျနော်တို့အနေနဲ့ နိုင်ငံရေးအရ ဆွေးနွေးဖို့၊ တွေ့ဆုံညှိနှိုင်းအဖြေရှာဖို့ အကြိမ်ကြိမ် ဆောင်ရွက်ခဲ့တာပဲ။ နံပါတ်တစ် အချက်သည် ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိတယ်။ မဲမသမာမှုတွေရှိတဲ့အတွက် ပြန်လည်စစ်ဆေးဖို့လိုတယ်။ နံပါတ် နှစ်အချက်သည် ပြန်လည်စစ်ဆေးတဲ့အခါမှာတော့ UEC နဲ့ မဟုတ်ဘဲနဲ့ ကျနော်တို့ အသစ်ဖွဲ့စည်းပြီး တော့ကျ ဒီထဲမှာလည်း အစိုးရရဲ့ ကိုယ်စားလှယ်လည်းပါမယ်။ တပ်မတော်ရဲ့ ကိုယ် စားလှယ်လည်းပါမယ်။ ကြားနေကိုယ်စားလှယ်ပါမယ်။ ဒါတွေနဲ့ ဆောင်ရွက်ပါ။ နံပါတ်သုံးက ဒီလိုစစ်ဆေးနေချိန်မှာ လွှတ်တော်ကို ခဏဆိုင်းငံ့ထားပါ။ အဲဒါတွေ အကုန်လုံးသည် ဖြစ်မလာတဲ့အတွက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့ ဆိုတာတော့ ဒါအချိန် နှောင်းသွားပြီဖြစ်တယ်လို့ပဲ ကျနော် ပြောချင်တယ်”

မြန်မာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာအင်စတီကျူရဲ့ ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦး ကလည်း လက်ရှိအနေအထားတွေအရ စစ်ကောင်စီနဲ့ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ အရင်ဆွေးနွေးပြီးမှသာ NUG နဲ့ ဆွေးနွေးဖို့ ဖြစ်နိုင်လိမ့်မယ်လို့ သုံးသပ်ပါတယ်။

"အခုအနေအထားမှာတော့ တချို့အင်အားစုတွေနဲ့ SAC နဲ့ စကားပြောဖို့ကတော့ အလှမ်းဝေးနေတယ်ပေါ့နော်။ အထူးသဖြင့် NUG ၊ PDF တို့လို့ အုပ်စုတွေပေါ့။ နောက် တစ်ခုကလည်း လက်ရှိဗမာပြည်ထဲမှာရှိနေတဲ့ PDF အဖွဲ့တွေအကုန်လုံးကို NUG က လွှမ်းမိုးနိုင်သလားဆိုတော့ သူလည်းလွှမ်းမိုးနိုင်တာ မဟုတ်ဘူး။ တချို့အဖွဲ့တွေဆိုရင် NUG နဲ့တောင် Coordination လုပ်တဲ့အဆင့်လောက်ပဲ ရှိသေးတယ်။ တချို့အဖွဲ့တွေ ဆိုရင် Coordination အဆင့်မှာကို မရှိဘဲနဲ့ လုံးဝသီးသန့်ထွက်နေတဲ့ အဖွဲ့တွေရှိတယ်။ Change of Command လို့ ပြောလို့ရတဲ့ အင်အားစုက အများကြီးနည်းသေးတယ်။ အဲလိုအနေအထားမျိုးမှာ တိုင်းရင်းသားအဖွဲ့တချို့နဲ့တော့ ဆွေးနွေးလို့ အဆင်ပြေနိုင် တယ်"

ကရင်ပြည်နယ်အတွင်းက ဒေသကာကွယ်ရေး PDF အမျိုးသမီးတပ်ဖွဲ့ဝင်တွေကို ၂၀၂၂ ဇွန်လအတွင်းက တွေ့ရစဉ် (Photo: MPA)

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ တွေ့ဆုံဆွေးနွေးရေးလမ်းက သိပ်မဖြစ် နိုင်တော့ဘူးလို့ သုံးသပ်ပါတယ်။

“မဖြစ်နိုင်တော့ဘူးဆိုတာက NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေကိုယ်တိုင် ဒီအခြေ အနေအောက်မှာတော့ တွေ့ဆုံဆွေးနွေးရေး မဖြစ်နိုင်ဘူးဆိုတာ KNU ကိုယ်တိုင်လည်း ပြောပြီးသားပါ။ သူကိုယ်တိုင်လည်း အခုတိုက်ပွဲထဲမှာ ပါဝင်နေတာပါ။ ဒါကြောင့်မိုလို့ တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ကိစ္စက မဖြစ်နိုင်ပါဘူး။ မဖြစ်နိုင်ပေမယ့် ဒီဗမာစစ်တပ်ကို အနှစ် ၇၀ တိုက်လာပေမယ့် အဲဒီတုန်းက တစ်ကွဲတစ်ပြားစီတိုက်တာပါ။ အခုကတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အများစု၊ ပြည်သူ့ခုခံကာကွယ်ရေး အဖွဲ့တွေ၊ နောက်ပြီးတော့ မြို့ပြတိုက်ပွဲတွေ ဆင်နွှဲနေတာက တညီတညွတ်တည်း တိုက်ပွဲဝင်နေ ကြတဲ့အတွက် အခုက စေ့စပ်ဆွေးနွေးစရာ အခြေအနေ မတွေ့တော့ပါဘူး”

လူထုကလိုလားတဲ့ ထိန်းသိမ်းခံခေါင်းဆောင်တွေ ပြန်လွတ်လာရင်၊ စစ်တပ်က နိုင်ငံရေး ကနေ နောက်ဆုတ်သွားရင် တွေ့ဆုံဆွေးနွေးမှုတွေဖြစ်လာနိုင်ပေမယ့် အဲလိုအခင်းအကျင်း မျိုးကလည်း လောလောဆယ် မမြင်ရတာမို့ အပြန်အလှန်တိုက်ကြဖို့ပဲရှိတယ်လို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကတော့ တိုက်ပွဲတွေ အပါအဝင် စစ်အာဏာသိမ်းနောက်ဆက်တွဲ ဆိုးကျိုးတွေကြောင့် တစ်နှစ်ကျော်အတွင်း လူတစ်ထောင်ကျော် သေဆုံးကြောင်း ထုတ်ပြန်ထားသလို ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ကလည်း စစ်ကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ဒုက္ခသည်အသစ် ငါးသိန်းကျော် တိုးလာတယ်လို့ မတ်လ ၂၃ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org