ရွှေ့ပြောင်းအလုပ်သမား ဝန်ဆောင်ခ
ထိုင်းနိုင်ငံကို အလုပ်သမားစေလွှတ်တဲ့အခါမှာ လက်ရှိသတ်မှတ်ဝန်ဆောင်ခ တိုးမြှင့်ကောက်ခံဖို့ မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ် MOEAF က တင်ပြထားတာကို ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ကွန်ရက်က ကန့်ကွက်လိုက်ပါတယ်။
-
2018-11-07 -
-
-
Your browser doesn’t support HTML5 audio
ထိုင်းနိုင်ငံကို အလုပ်သမားစေလွှတ်တဲ့အခါမှာ လက်ရှိသတ်မှတ်ဝန်ဆောင်ခ တိုးမြှင့်ကောက်ခံဖို့ မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ် MOEAF က တင်ပြထားတာကို ရွှေ့ပြောင်း အလုပ်သမားအခွင့်အရေး ကွန်ရက်က ကန့်ကွက်လိုက်ပါတယ်။
RFA သတင်းထောက် မဇာဏီထွန်း တင်ပြထားပါတယ်။
~~~~~~~~~~~~~~
ရွှေ့ပြောင်းအလုပ်သမား ဝန်ဆောင်ခ
(ဇာဏီထွန်း)
■ ထိုင်းနိုင်ငံကို အလုပ်သမားစေလွှတ်တဲ့အခါမှာ လက်ရှိသတ်မှတ် ဝန်ဆောင်ခကနေ တိုးမြှင့်ကောက်ခံဖို့ မြန်မာနိုင်ငံ ပြည်ပအလုပ်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် MOEAF က တင်ပြထားတာကို ကန့်ကွက်တယ်လို့ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
အခုကောက်ခံနေတဲ့နှုန်းထား ကျပ် ၁ သိန်းခွဲကနေ ကျပ် ၂ သိန်းခွဲကောက်ခံဖို့ MOEAF က အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနကို တင်ပြထားတဲ့အပေါ် ကန့်ကွက်တာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိကာလမှာတောင် ထိုင်းကိုအလုပ်သွားလုပ်မယ့် အလုပ်သမားတစ်ယောက်ဟာ သတ်မှတ်နှုန်းထားထက်ပိုပြီး ကျပ် ၆ သိန်းကနေ ၁၀ သိန်းအထိ ပိုပြီးပေးနေရတာကြောင့် ခေါင်းပုံဖြတ် အမြတ်ထုတ်နေသလို ဖြစ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အလုပ်သမားဝန်ကြီးဌာနနဲ့ MOEAF တို့ကို RFA က ဆက်သွယ်မေးမြန်းပေမယ့် မရခဲ့ပါဘူး။
အစိုးရကို ပေးဆောင်ရတဲ့ အခွန်အခတွေ တိုးလာလို့ မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင် များအဖွဲ့ MOEAF ကနေ ဝန်ဆောင်ခ တိုးကောက်မယ်ဆိုတဲ့အချက်ကို လက်မခံနိုင်တဲ့အကြောင်း၊ အဲဒီလို အခွန်ကိစ္စဟာ အစိုးရနဲ့သာ ညှိနှိုင်းရမယ့်ကိစ္စဖြစ်ပြီး အလုပ်သမားတွေအပေါ် ပုံမချသင့်တဲ့အကြောင်း ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေးကွန်ရက် MWRN က အတွင်းရေးမှူး ဦးစိန်ဌေးက ပြောပါတယ်။
"သူတို့က ၁ သိန်းခွဲ သတ်မှတ်ထားတာတောင်မှ ၆ သိန်းတွေ၊ ၇ သိန်းတွေ ကောက်နေတာ။ ၂ သိန်းခွဲဆိုရင် ပိုတောင်ဆိုးသွားဦးမယ်။ အဲဒါကြောင့် အခုလို ကန့်ကွက်တာဖြစ်ပါတယ်။ အထူးသဖြင့် အစိုးရမှာ တာဝန်ရှိ တာပေါ့နော်။ အစိုးရထုတ်ပြန်ထားအမိန့်ကို သိသိကြီးနဲ့ လစ်လျူရှုနေတာကို ကန့်ကွက်တာလည်း ဖြစ်ပါတယ် ခင်ဗျ"
အခွန်အခတွေတိုးလို့ ဝန်ဆောင်ခကို တိုးပြီးကောက်ခံမယ်ဆိုရင်လည်း ထိုင်းအလုပ်ရှင်တွေဆီကသာ ကောက်ခံရမှာဖြစ်ပြီး အလုပ်သမားတွေဆီကနေ ကောက်ခံရမှာမဟုတ်ဘူးလို့လည်း ပြောပါတယ်။
အလုပ်သမားအေဂျင်စီတွေက ၁ လမှာ မြန်မာအလုပ်သမား ၁ သောင်းခွဲလောက် ပို့ဆောင်ပေးနေရတယ်လို့ သိရပါတယ်။
အလုပ်သမားအများစုက တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကဖြစ်တယ်လို့ ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမားတွေကို ကူညီပေးနေတဲ့ ရောင်ခြည်ဦးအဖွဲ့က ကိုဟိန်းက အခုလို ပြောပါတယ်။
"ကျနော်တို့ သိသလောက် အလုပ်သမားတွေက ၆ သိန်းခွဲ ၇ သိန်းလောက် အကုန်လုံးနီးပါးက ကုန်နေတာ။ ဘာလို့လဲဆိုတော့ သူတို့တွေက ပတ်စပို့စ်လုပ်တဲ့အခါ နယ်ကနေ ရန်ကုန် လာလုပ်တယ်။ သူတို့က မလုပ်တတ် တဲ့အခါ အေဂျင့်တွေကို အကူညီတောင်းတယ်။ အေးဂျင့်တွေက အဆမတန်တောင်းတယ်။ သူ့တို့မှာ စားရိတ် သောက်စရိတ်၊ နေစရိတ်နဲ့ အကုန်လုံးကုန်တာ"
အေဂျင်စီတွေနဲ့ ချိတ်ဆက်ထားတဲ့ ပွဲစားတွေ အဆင့်ဆင့်ကို ပွဲစားခတွေပေးနေရတဲ့အပေါ် အေဂျင်စီတွေက တာဝန်မခံကြဘူးလို့ ထိုင်းမှာ အလုပ်သွားလုပ်ဖို့ စောင့်နေတဲ့ ကိုအောင်သူက ပြောပါတယ်။
"အေဂျင်စီတွေက သူတို့က တာဝန်မယူဘူးခင်ဗျ၊ ကုမ္ပဏီကို အထိမခံနိုင်ဘူးပေါ့ဗျာ၊ သူတို့ကြားထဲက ပွဲစားနဲ့ ရွာကပွဲစားပေါ့၊ ဒါမှမဟုတ် ရန်ကုန်က ပွဲစားပေါ့။ အဆင့်ဆင့် ပွဲစားတွေကနေပြီးတော့ ရောက်လာတယ်ပေါ့။ သူတို့ကနေပြီးတော့ ပေးသွင်းရင် ၁ သိန်းခွဲပဲ ပေးသွင်းတာပေါ့။ သူတို့က ငြင်းတာပေါ့ဗျာ"
အဲဒီ ဝန်ဆောင်မှုအေဂျင်စီတွေက အလုပ်သမားတွေကို သတ်မှတ်နှုန်းထားတွေထက် တိုးပြီးကောက်တာတွေဟာ ဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ ပြောပါတယ်။
အဲဒါတွေကို NGO, CSO စတဲ့ လူမှုအဖွဲ့အစည်းတွေက တိုင်ကြားမှသာ သက်ဆိုင်ရာ အစိုးရဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEAF) တို့က စစ်ဆေးကြတယ်လို့ သိရပါတယ်။
အဲဒီလို စစ်ဆေးအရေးယူတဲ့အခါမှာလည်း ပင်မအေဂျင်စီကို အရေးမယူဘဲ နယ်ပွဲစားတွေကိုသာ အရေးယူတာ၊ ပင်မအေဂျင်စီတွေကို အရေးယူပြန်ရင်လည်း ပြည်ပအလုပ်အကိုင်ဥပဒေပုဒ်မနဲ့ အရေးမယူဘဲ အလုပ်သမား တင်ပို့ခွင့်ကိုသာ ယာယီပိတ်သိမ်းတာသာ လုပ်နေတဲ့အတွက် ပြဿနာရဲ့ အရင်းအမြစ်ကို မဖြေရှင်းနိုင်တာဖြစ် တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ထိုင်းရောက် မြန်မာအလုပ်သမားတွေကို ကူညီပေးနေတဲ့ ပညာရေး ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းက ဦးထူးချစ်က အခုလို ပြောပါတယ်။
"ကုမ္ပဏီက သူတို့မှားလို့ ဖျက်သိမ်းလည်း ဂရုမစိုက်ဘူး။ ကျနော့် နာမည်နဲ့ ဖျက်သိမ်းခံရရင်၊ ကျနော့် သားသမီး၊ ကျနော့် မိန်းမ၊ ကျနော့် သူငယ်ချင်းနာမည်နဲ့ ထပ်လျှောက်တာရှိတယ်။ ဒါတွေက ဗမာပြည်မှာဖြစ်နေတဲ့ အမှန်တရားပဲဖြစ်တယ်။ အစိုးရက ဖြုတ်လိုက်လည်း သူတို့က ကုမ္ပဏီအသစ်ကရှိပြီးသားပဲ"
တကယ်လို့သာ MOEAF ရဲ့ တင်ပြချက်ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက လက်ခံလိုက်မယ်ဆိုရင် အလုပ်သမားတွေအတွက် ပိုပြီးကုန်ကျစရိတ်များလာနိုင်တဲ့အပြင် ပိုပြီးအခက်ခဲတွေဖြစ် လာနိုင်တယ်လို့လည်း အလုပ်သမားကူညီပေးရေးအဖွဲ့တွေက ပြောပါတယ်ရှင်။