ထိုင်းထိန်းသိမ်းရေးစခန်းက မြန်မာ တစ်ရာနီးပါးကို ပြန်ပို့ရေး နှစ်နိုင်ငံ ညှိနှိုင်းနေ

ထိုင်းတောင်ပိုင်း ရနောင်းမြို့နယ် ထိန်းသိမ်းရေးစခန်းမှာ အဖမ်းခံနေရတဲ့ သူတွေထဲက လွတ်ရက်စေ့ မြန်မာနိုင်ငံသား ၁၅၀ ကျော်ကို မြန်မာနိုင်ငံဘက်ကို ဇန်နဝါရီလ ၂၈ရက်နေ့က ပြန်ပို့ပေးခဲ့ပြီး နောက်ထပ် ၉၇ဦးကို ထိုင်းမြန်မာနယ်စပ် မြဝတီမြို့က တဆင့်ပြန်ပို့ပေးဖို့ ထိုင်းနဲ့မြန်မာအာဏာပိုင်တွေ ညှိနှိုင်းနေကြပါတယ်။

ထိုင်းတောင်ပိုင်း ရနောင်းမြို့နယ် ထိန်းသိမ်းရေးစခန်းမှာ အဖမ်းခံနေရတဲ့ သူတွေကို မြန်မာနိုင်ငံဘက်ကို ပြန်လည်ပို့ဆောင်စဉ် -

ထိုင်းတောင်ပိုင်း ရနောင်းမြို့နယ် ထိန်းသိမ်းရေးစခန်းမှာ အဖမ်းခံနေရတဲ့ သူတွေထဲက လွတ်ရက်စေ့ မြန်မာနိုင်ငံသား ၁၅၀ ကျော်ကို မြန်မာနိုင်ငံဘက်ကို ဇန်နဝါရီလ ၂၈ရက်နေ့က ပြန်ပို့ပေးခဲ့ပြီး နောက်ထပ် ၉၇ဦးကို ထိုင်းမြန်မာနယ်စပ် မြဝတီမြို့က တဆင့်ပြန်ပို့ပေးဖို့ ထိုင်းနဲ့မြန်မာ အာဏာပိုင်တွေ ညှိနှိုင်း နေကြပါတယ်။ ဇန်နဝါရီလ ၂၅ ရက်နေ့က ရနောင်းထိမ်းသိမ်းရေးစခန်းက ချုပ်ရက်ပြည့် မြန်မာနိုင်ငံသား လေးရာကျော်ဟာ သူတို့ကို မြန်မာနိုင်ငံပြန်ပို့ပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့ပြီးနောက်ပိုင်း အခုလို အခြေအနေတွေ ဖြစ်လာတာပါ။

ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းစခန်းက လွတ်ရက်စေ့ပေမယ့် ကပ်ရောဂါကာလဖြစ်လို့ ပြန်မလွှတ်ပေးသေးတဲ့ အချုပ်သားတွေထဲက မြန်မာနိုင်ငံသား ၁၅၉ ဦးကို တနင်္သာရီတိုင်း ကော့သောင်းမြို့ကို ဇန်နဝါရီလ ၂၈ ရက်နေ့ ပြန်ပို့ပေးခဲ့ပြီး နောက်ထပ် ၉၇ဦးကို မြဝတီမြို့ကတဆင့် ပြန်ပို့နိုင်ရေး နှစ်ဖက်အာဏာပိုင်တွေ ညှိနှိုင်းနေကြတယ်လို့ ရနောင်းမြို့က မြန်မာ အလုပ်သမားသံအရာရှိ ဦးထက်ဝေဖြိုးက ပြောပါတယ်။

“ကျနော်တို့က တနသာင်္ရီတိုင်းဒေသကြီးက လူတွေဘဲ ပို့တာပေါ့နော်။ ဒီတနင်္သာရီတိုင်းဒေသကြီးက ဒီကော့သောင်းဘက် လက်ခံတယ်ဆိုတော့လေ။ စက်လှေနဲ့ဘဲ ကိုဗစ်ကာလဆိုတော့ တစ်စီးကို ၁၃ ယောက်နှုန်းနဲ့ ကျနော်တို့ပြန်ပို့လိုက်ပါတယ်”

ကော့သောင်းဘက်ကို ပြန်ပို့လိုက်တဲ့ သူတွေထဲမှာ ကျန်းမာရေးမကောင်းသူ၊ ကလေးတွေနဲ့ အသက်ကြီး သူတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ သူတို့ကို ကော့သောင်းဘက်က သီးခြားခွဲနေရတဲ့ ကွာရန်တင်းစင်တာမှာ ၁၄ ရက်ကြာ စောင့်ကြည့် နေထိုင်ပြီးနောက် နေရပ်ကို ပြန်ပို့ပေးမှာ ဖြစ်တယ်လို့ သံအရာရှိ ဦးထက်ဝေဖြိုးက ပြောပါတယ်။

ကိုဗစ်အရေးပေါ်ကာလနဲ့ ကော့သောင်းဘက်ခြမ်း သီးခြားခွဲထားရတဲ့ ကွာရန်တင်းစင်တာ မလုံလောက်မှု တွေကြောင့် ထိန်းသိမ်းရေးစခန်းက မြန်မာနိုင်ငံသားတွေကို လွတ်ရက်စေ့ပေမယ့် ပြန်မပို့နိုင်ခဲ့တာလို့ ဆိုပါတယ်။ အခုတော့ နှစ်နိုင်ငံ ညှိနှိုင်းနိုင်ခဲ့လို့အမြန်ဆုံး ပို့ပေးနိုင်နေပြီလို့ ဦးထက်ဝေဖြိုးက ပြောပါတယ်။

“သူတို့က ပြစ်ဒဏ်က ကျတာက လွတ်ငြိမ်းချမ်းသာခွင့် ရပြီးသွားပြီပေါ့။ အခြေအနေ အကြောင်းတရား အရ ကိုဗစ်ရောဂါကလည်း ကမ္ဘာအနှံ့မှာ ဖြစ်သွားတဲ့အချိန်မှာ ဒီလိုအခက်အခဲတွေ ဖြစ်သွားတာပေါ့နော်။ ပြီးတော့ ဟိုဘက် တိုင်းဒေသကြီးကလည်း ကျနော်တို့က အချုပ်သားကြီး ပို့ဖို့လည်း မဟုတ်ဘူးခင်ဗျ။ ဒီနေရပ်ပြန်တွေလည်း ရှိသေးတယ်လေ။ ကော့သောင်းဘက်မှာက Q စင်တာတွေ၊ မလုံလောက်တာတို့၊ နောက်လူဦးရေများတဲ့အခါမှာ ကြိုပြီးတော့ သတင်းပို့ရတာတွေရှိတယ်။ ရှင်းရှင်းပြောရရင် ကိုဗစ်ကာလ အဲဒီလို အခက်အခဲလေးတွေ ဖြစ်သွားတဲ့အပေါ်မှာ ကျနော်က သိပ်တော့ စိတ်မကောင်းဘူးပေါ့။ ဒါပေမဲ့ အခုလိုမျိုးပြန်သွားရတာက ဘာဘဲပြောပြော ကိုယ့်နိုင်ငံသားတွေကို ကျနော်တို့ ပြန်လွတ်နိုင်တယ် ဆိုတာကတော့ သက်ဆိုင်ရာတိုင်းဒေသကြီးကိုရော၊ ကျနော်တို့ ဒီဘက်က သူတို့ပြန်ချင်တဲ့အချိန်မှာ သူတို့ ပြန်လို့ရအောင် ကျနော်တို့ ဆောင်ရွက်ပေးနိုင်တာကို စိတ်ထဲမှာ တော်တော်လေး ဝမ်းသာပါတယ်ခင်ဗျ။”

ဇန်နဝါရီလ ၂၅ ရက်နေ့က ထိန်းသိန်းရေးစခန်းက မြန်မာနိုင်ငံသား ၄၀၀ ကျော်ဟာ ပြစ်ဒဏ်ကနေ လွတ်ရက်စေ့ပေမယ့် မြန်မာပြည်ကို ပြန်မပို့သေးတာကြောင့် ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။ မြန်မာသံရုံးက ရထားတဲ့စာရင်းတွေအရ ပြန်လွှတ်ပေးခဲ့သူ ၁၅၉ယောက်နဲ့ အပြင် နောက်ထပ် ၉၇ယောက်ကိုပဲ ပြန်လွှတ်ပေးဖို့ လောလောဆယ် စီစဉ်ထားတယ်လို့ဆိုပါတယ်။ ကျန်တဲ့ အကျဉ်းသား တစ်ရာကျော်ရဲ့ စာရင်းတွေကိုလည်း ဆက်ပြီးစိစစ်သွားမယ်လို့ မြန်မာသံအရာရှိ ဦးထက်ဝေဖြိုးက ပြောပါတယ်။

ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (FED) က အလုပ်သမားအရေး တာဝန်ခံ ဦးမင်းဦးကလည်း ကိုဗစ်အရေးပေါ်ကာလမှာ နေရပ်ကို အမြန်မပို့နိုင်လို့ ဆန္ဒပြတောင်းဆိုမှုတွေကြောင့် အခုလို နှစ်နိုင်ငံ အစိုးရအာဏာပိုင်တွေက အမြန်ဆုံး ပြန်ပို့နိုင်တာ ဖြစ်တယ်လို့ ပြောပါတယ်။

“ပုံမှန်ပို့ဖို့တော့ ရှိပါတယ်။ ဒီလိုဆန္ဒပြတဲ့အတွက်ကြောင့်မို့ ပိုပြီးတော့ အာရုံစိုက်ပြီး ပိုလုပ်လာတယ်လို့ ပြောလို့ ရပါတယ်”

ထိုင်းနိုင်ငံ ရနောင်းမြို့ လဝက ထိန်းသိန်းရေးစခန်းမှာ အဖမ်းခံထားရတဲ့ မြန်မာနိုင်ငံသားတွေဟာ စာရွက်စာတမ်း အထောက်အထား မရှိသူ၊ မူးယစ်ဆေးဝါးမှု အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ် ကျခံခဲ့ရသူတွေဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org