မြန်မာလူငယ်တွေကို ပညာရေးဗီဇာမပိတ်ဘူးလို့ ထိုင်းသံရုံးပြောပေမဲ့ အခက်အခဲများရှိနေ

ထိုင်းနိုင်ငံမှာ ကျောင်းတက်မဲ့ မြန်မာလူငယ်တွေကို ပညာရေးဗီဇာ (Education Visa) ပိတ်တာမျိုး မရှိဘဲ အရင်မူဝါဒအတိုင်းပဲ ဆက်ပြီးဆောင်ရွက်နေပါတယ်။

ချင်းမိုင်တက္ကသိုလ်အား ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့က တွေ့ရစဉ်။

ထိုင်းနိုင်ငံမှာ ကျောင်းတက်မဲ့ မြန်မာလူငယ်တွေကို ပညာရေးဗီဇာ (Education Visa) ပိတ်တာမျိုး မရှိဘဲ အရင်မူဝါဒအတိုင်းပဲ ဆက်ပြီးဆောင်ရွက်နေတယ်လို့ ရန်ကုန်မြို့ ထိုင်းသံရုံးက RFA ကို အီးမေးလ်ကနေတစ်ဆင့် ပြောပါတယ်။

ထိုင်းကျောင်းတွေမှာတက်မဲ့ မြန်မာလူငယ်တွေကို ပညာရေးဗီဇာ ထုတ်မပေးတော့ဘူးဆိုတဲ့သတင်းတွေ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ထွက်ပေါ်လာတဲ့အတွက် သံရုံးကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါ သတ်မှတ်ထားတဲ့ အထောက်အထားတွေပြည့်စုံရင် ဘယ်လိုဗီဇာမျိုးကိုမဆို ဆက်ပြီးထုတ်ပေးနေတယ်လို့ ပြန်ဖြေတာပါ။

“အစကတော့ ဒီထဲ (ချင်းမိုင်) မှာပဲ ရတယ်ထင်တာပေါ့နော်။ အဲဒီလိုပဲ ယူမယ်ပြောတော့ ချင်းမိုင်ထဲမှာ ယူခွင့်မပေးဘူး"

အရွယ်ရောက်ပြီးသား လူငယ်တွေ စစ်မှုမထမ်းမနေရဆိုတဲ့ ဥပဒေကို စစ်ကောင်စီက အတည်ပြုလိုက်တဲ့နောက်မှာ မြန်မာလူငယ်တော်တော်များများ ထိုင်းနိုင်ငံကို ရောက်လာကြသလို၊ ထိုင်းမှာတရားဝင် နေထိုင်ခွင့်အတွက်ရော၊ သူတို့အနာဂတ်အတွက် ပြင်ဆင်တဲ့အနေနဲ့ပါ ကျောင်းတွေတက်ဖို့ ကြိုးစားနေကြတာ တွေ့ရပါတယ်။

ဒါပေမဲ့ ချင်းမိုင်မြို့က ထိုင်းဘာသာစကား သင်တန်းကျောင်းတွေနဲ့ တက္ကသိုလ်တွေမှာတက်မဲ့ မြန်မာကျောင်းသားတွေက လူဝင်မှုကြီးကြပ်ရေးရုံးမှာ ပညာရေးဗီဇာသွားလျှောက်တဲ့အခါ ငြင်းပယ်ခံရတယ်လို့ မြန်မာလူငယ်တချို့က ပြောပါတယ်။

အမည်မဖော်လိုတဲ့ လူငယ်တစ်ဦးက သူ့ကျောင်းသားဗီဇာအတွက် ချင်းမိုင်တက္ကသိုလ် အပါအဝင်၊ ပုဂ္ဂလိကကျောင်း ခြောက်ကျောင်းနီးပါးကို မေးကြည့်တဲ့အခါ၊ ကျောင်းတွေက လက်ခံနေပြီး ဗီဇာရဖို့ အတွက်ကိုတော့ အရင်လို ထိုင်းနိုင်ငံထဲမှာ လျှောက်လို့မရတော့ဘဲ ထိုင်းရဲ့အိမ်နီးချင်းတွေဖြစ်တဲ့ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေမှာရှိတဲ့ ထိုင်းသံရုံးတွေကိုသွားပြီး ဗီဇာလျှောက်ခိုင်းတယ်လို့ RFA ကို ပြောပါတယ်။

ထိုင်းနိုင်ငံထဲမှာ ပညာရေးဗီဇာ ထုတ်မပေးတော့ဘူးဆိုတာနဲ့ပတ်သက်လို့ လူဝင်မှုကြီးကြပ်ရေးရဲ့ တရားဝင်ညွှန်ကြားချက်စာရှိလားလို့ မေးတဲ့အခါမှာတော့ အဲဒီလို သက်သေအထောက်အထား မရှိဘူးလို့ ကျောင်းသားလက်ခံဌာနက သူ့ကိုပြောတယ်လို့ ဆိုပါတယ်။ ဒါဟာ မြန်မာပြည်ရဲ့ နိုင်ငံရေးအခြေအနေကြောင့်ဖြစ်နိုင်ပြီး ဘယ်အချိန်အပြောင်းအလဲ ပြန်ဖြစ်မလဲဆိုတာ မပြောနိုင်သေးဘူးလို့လည်း ကျောင်းဘက်ကပြောတယ်လို့ ရှင်းပြပါတယ်။

ဒါနဲ့ပတ်သက်လို့ ထိုင်းလူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနကို RFA က အီးမေးလ်နဲ့ရော၊ တယ်လီဖုန်းနဲ့ပါ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။

လူဝင်မှုကြီးကြပ်ရေးက တရားဝင်ထုတ်ပြန်တဲ့ စာမရှိပေမဲ့ အခုလို ဆောင်ရွက်ရမယ်ဆိုတာနဲ့ ပတ်သက်လို့ မေလအစမှာ လူဝင်မှုကြီးကြပ်ရေးက ညွှန်ကြားလာတာလို့ ဗီဇာဝန်ဆောင်မှုလုပ်နေတဲ့ သူတချို့က ပြောပါတယ်။

ဒါကြောင့် ကျောင်းသားတွေအနေနဲ့ ကိုယ်အပ်မဲ့ ကျောင်းတွေကထုတ်ပေးတဲ့ ထောက်ခံစာပြပြီး အိမ်နီးချင်း နိုင်ငံတွေက ထိုင်းသံရုံးတွေမှာ ဗီဇာလျှောက်ရမယ်လို့ ကျောင်းသားတွေက ပြောကြပါတယ်။ ဒီနေရာမှာလည်း မြန်မာအမျိုးသားလူငယ်တွေပဲ ထိုင်းနိုင်ငံပြင်ပကနေ လျှောက်ရမှာဖြစ်ပြီး အမျိုးသမီး လူငယ်တွေကိုတော့ ထိုင်းထဲမှာပဲ လျှောက်ခွင့်ပေးတယ်လို့လည်း လူငယ်တချို့ကရော၊ ကျောင်းတချို့ကပါ ပြောကြပါတယ်။

ချင်းမိုင်မြို့ ဗုဒ္ဓတက္ကသိုလ်မှာ တစ်နှစ်စာပညာရေးဗီဇာရမဲ့ ဘာသာစကားသင်ကျောင်းကတော့ အမျိုးသမီး၊ အမျိုးသား အကုန်လုံးကို တခြားနိုင်ငံကသံရုံးမှာ ဗီဇာယူခိုင်းထားလို့ ကျောင်းထောက်ခံစာ စောင့်နေတယ်လို့ အမည်မဖော်လိုတဲ့ ကျောင်းသူတစ်ဦးက RFA ကို ပြောပါတယ်။

“အစကတော့ ဒီထဲ (ချင်းမိုင်) မှာပဲ ရတယ်ထင်တာပေါ့နော်။ အဲဒီလိုပဲ ယူမယ်ပြောတော့ ချင်းမိုင်ထဲမှာ ယူခွင့်မပေးဘူး။ တခြားနိုင်ငံထွက်ရမယ်ဆိုပြီး လေးနေရာ ပြောတယ်။ ယောက်ျားလေးမှ၊ မိန်းကလေးမှ ဆိုတာမျိုး မဟုတ်ဘူး။ အကုန်လုံးပြန်ယူရမယ်ဆိုတာ ပြောတယ်။ ကျောင်းထောက်ခံချက်နဲ့ လိုတာအကုန်ပေးမယ် ပြောတယ်။ အခုလက်ရှိကတော့ အဲဒါရဖို့အတွက် စောင့်နေရတာပေါ့”

ထိုင်းနိုင်ငံမှာ ပညာရေးဝန်ဆောင်မှုပေးနေတဲ့ Young Waddy Young Education Agency က အမည်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ဦးကတော့ လေးနှစ်သင်ကျောင်းတွေအတွက် ဗီဇာကို ထိုင်းပြင်ပထွက်စရာမလိုဘူးလို့ ပြောပါတယ်။

“လောလောဆယ် မြောက်ပိုင်းချင်းမိုင်တက္ကသိုလ်ရဲ့ ED Visa မှာ ယောက်ျားလေးတွေပဲ process တစ်ခုပိုသွားတာပါ။ ညီမတို့ အခုကိုင်နေတဲ့ university ED Visa တွေကတော့ အကုန်အရင်အတိုင်း provide ပေးတယ်။ ယောက်ျားလေး ထွက်စရာမလိုဘူး။ အဓိက ယောက်ျားလေးထွက်ရမယ့် program က language school ဗီဇာတွေပါ။ ရိုးရိုး university ED Visa၊ အခြားမေဂျာတွေ၊ 4 years program တွေဆိုရင်တော့ ယောက်ျားလေးတွေ ထွက်စရာမလိုဘူး။ ဒီအတိုင်း လျှောက်လို့ရတယ်”

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ မြောက်ပိုင်းချင်းမိုင်တက္ကသိုလ်ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့က တွေ့ရစဉ်။ (Photo: North-Chiang Mai University)

ချင်းမိုင်မြို့မှာ ကျောင်းတက်နေတဲ့ ကိုသူရကတော့ ကျောင်းသားဗီဇာလျှောက်တဲ့အခါ ထိုင်းနိုင်ငံပြင်ပကနေ လျှောက်တာက ပိုပြီးအဆင်ပြေလွယ်ကူတယ်လို့ RFA ကို ပြောပါတယ်။

“နိုင်ငံပြင်ပကိုထွက်ပြီး ပြောင်းတာက ပိုပြီးလွယ်ကူတာပေါ့နော်။ ကျွန်တော်ကိုယ်တိုင်လည်း နှစ်ခုလုံး လုပ်ဖူးတော့။ ပြည်တွင်းမှာပြောင်းတာ နည်းနည်းလေး ပိုခက်တယ်။ ကျောင်းကလုပ်ပေးတဲ့ စာရွက်စာတမ်းက ပြည်ပမှာပြောင်းတဲ့ဟာနဲ့ မတူဘူး။ ကျွန်တော့်တုန်းကဆိုရင် ပြည်ပမှာပြောင်းတဲ့ စာရွက်စာတမ်းကို ပေးလိုက်တယ်။ ကျွန်တော် ကိုယ်တိုင်သွားတယ်။ ဒါပေမဲ့ ဒီမှာပြောင်းလို့ မရဘူး။ ပြည်ပကိုပဲ သွားပြောင်းပါဆိုပြီး ပြောတယ်။ အရင်နှစ်က ဒီလိုတွေ မကျပ်ခင်ကပေါ့နော်။ အခုနှစ်မှာလည်း ဒီလိုကြားတယ်ဆိုတော့ ဒါပုံမှန်ပါပဲ”

ထိုင်းနိုင်ငံ အယုဒ္ဓယမြို့မှာရှိတဲ့ မဟာချူလာလောင်ကွန်းဗုဒ္ဓတက္ကသိုလ်မှာ တက်ရောက်မဲ့ မြန်မာနိုင်ငံသား ကျောင်းသားတစ်ဦးကတော့ ကျောင်းဘက်ကနေ ကျောင်းအပ်တာကို ပုံမှန်အတိုင်းလက်ခံပေးနေပြီး စီစဉ်ထားတဲ့အတိုင်း လုပ်သွားမယ့်အကြောင်းပြောတယ်လို့ ဆိုပါတယ်။

ဘာသာစကား သင်တန်းကျောင်းဆိုတာကတော့ မြန်မာနိုင်ငံကနေ အလည်ဗီဇာနဲ့ ထွက်လာပြီး ထိုင်းနိုင်ငံမှာ ထိုင်း၊ အင်္ဂလိပ်နဲ့ အခြား ဘာသာစကားတွေကို သင်ယူရင်း တစ်နှစ်နေထိုင်ခွင့် ဗီဇာရမှာမျိုး ဖြစ်ပါတယ်။

အဲဒီ တစ်နှစ်နေထိုင်ခွင့်ရတဲ့ ပညာရေးဗီဇာကို ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနမှာ လျှောက်ထားသူပေါင်း ထောင်နဲ့ချီရှိနေတယ်လို့ သိရပေမဲ့ အရေအတွက်အတိအကျကိုတော့ မသိရသေးပါဘူး။

ထိုင်းသံရုံးက ကြေညာထားတဲ့ ပညာရေးဗီဇာ လျှောက်ဖို့လိုအပ်ချက်မှာ မြန်မာနိုင်ငံခြားရေးဌာနက သတ်မှတ်ထားတဲ့သူရဲ့ ထောက်ခံစာနဲ့ လက်မှတ်တင်ပြရမယ်ဆိုတဲ့ အချက်ကိုလည်း တွေ့ရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org