SSPP လူ့အခွင့်အရေးချိုးဖောက်မှု ရှမ်းနဲ့ တအာင်းအရပ်ဘက်အဖွဲ့တွေ ကန့်ကွက်
နစ်နာတဲ့မိသားစုဝင်တွေ တရားမျှတမှုရအောင်ဖြေရှင်းပေးဖို့ မိုင်းကိုင်မြို့နယ် တအာင်း အမျိုးသားရေးကွန်ရက်အဖွဲ့က မေ ၂၄ ရက်မှာ SSPP ကို တောင်းဆိုထားပါတယ်။
-
RFA Burmese
2023-05-31 -
-
-
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ရန်လွယ်ရွာက အသက် ၅၀ အရွယ် ဦးထွေးကို ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA က ပြီးခဲ့တဲ့ မေလ ၁၉ ရက်နေ့က သေနတ်နဲ့ပစ်လို့ သေဆုံးသွားတယ်လို့ မိုင်းကိုင်ဒေသခံတွေက RFA ကို ပြောပါတယ်။
အိမ်မှာမွေးထားတဲ့ကျွဲပျောက်လို့ သွားရှာရင်းနဲ့ အခုလိုပစ်သတ်ခံရတာဖြစ်ပါတယ်။ ရင်ဘတ်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ ဦးထွေးရဲ့ ရုပ်အလောင်းကို သုံးရက်အကြာမှာ လွယ်ဝိန်းတောင်ခြေတစ်နေရာ မှာ ပြန်တွေ့ခဲ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
“ရွာမှာ သေနတ်သံသုံးချက်ကြားရတော့ အိမ်မှာရှိတဲ့မိန်းမနဲ့ ကလေးတွေက ကယောင်ချောက်ချား ဖြစ်တာပေါ့။ ညနေကျတော့ ခွေးကပြန်ရောက်လာတယ် လူက ပြန်မလာဘူး။ သူ့ကို ပြန်တွေ့ တဲ့အချိန်မှာကျတော့ လွယ်ဝိန်းတောင်ရဲ့အောက်မှာ ပြန်တွေ့တာ။ ပထမရက်တော့ သွားတယ်လေ အဲဒီမှာ သူတို့က အစိမ်းတွေနဲ့သွား တိုးတာ သွားခွင့်မပြုဘူး အဲနေ့ကျတော့”
ရှမ်းပြည်နယ်ထဲမှာ စစ်ယူနီဖောင်း အစိမ်းဝမ်းဆက်ဝတ်တဲ့ SSPP တပ်ဖွဲ့ကို ဒေသခံတွေက အစိမ်းအဖွဲ့ လို့ ခေါ်ကြပြီး ပြောက်ကျားဝတ်စုံဝမ်းဆက်ဝတ်တဲ့ RCSS တပ်ဖွဲ့ကိုတော့ အကျားအဖွဲ့လို့ ခေါ်ကြပါတယ်။
ရန်လွယ်ရွာနဲ့ လွယ်ဝိန်းတောင်တစ်ဝိုက်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလအထိ ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA နဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် RCSS/SSA တပ်ဖွဲ့တွေ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။
တိုက်ပွဲတွေအပြီးမှာတော့ RCSS က အဲဒီနေရာကနေ ဆုတ်ခွာသွားခဲ့ပြီး လက်ရှိမှာ SSPP/SSA တစ်ဖွဲ့ တည်း တပ်စွဲလှုပ်ရှားနေတာလို့ ဒေသခံတွေက ပြောပါတယ်။
SSPP က အဲဒီဒေသကို ထိန်းချုပ်ခဲ့ပြီးနောက်ပိုင်းမှာ ဒေသခံတွေကို တူမီးသေနတ်တွေ မကိုင်ရဘူးလို့ သတိပေးချက်ထုတ်ပြန်ထားတယ်လို့ ပြောကြပါတယ်။ ပစ်ခတ်ခံရတဲ့ ဦးထွေးကိုလည်း တူမီးသေနတ် နဲ့ တွေ့လို့ ရပ်ခိုင်းတဲ့အခါမှာ မရပ်ဘဲ ထွက်ပြေးတဲ့အတွက် ပစ်လိုက်တာလို့ SSPP ဘက်က အကြောင်းပြတယ်လို့ မိသားစုနဲ့ နီးစပ်တဲ့သူတစ်ယောက် က ပြောပါတယ်။ ဒါပေမဲ့ ဦးထွေးဟာ ဘာ တူမီးသေနတ်ကိုမှ မကိုင်ထားဘူးလို့လည်း သူက ပြောပါတယ်။
ဦးထွေးမှာ ဇနီးနဲ့ သားသမီးတွေ ကျန်ခဲ့ပါတယ်။ SSPP တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့ က မိသားစုဝင်တွေကို ငွေငါးသိန်းလာပေးသွားတယ်လို့ ဒေသခံက ပြောပါတယ်။
SSPP ရဲ့ ဒီလုပ်ရပ်ဟာ အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေးကို ဆက်တိုက်ချိုးဖောက်နေ တာလို့ ရှမ်းပြည်အခြေစိုက် တအာင်းအမျိုးသမီးအဖွဲ့ပြောရေး ဆိုခွင့်ရှိသူ လွေး က ပြောပါတယ်။
“ဒီဘာမှ မဆီမဆိုင်တဲ့ ရွာသားတွေက သူတို့ဘာသာ လုပ်ကိုင်စားသောက်ကြတယ်။ ဒါပေမဲ့ ကျွဲသွားရှာရင်းနဲ့ သူတို့တွေကို ပစ်သတ်လိုက်တဲ့ ဟာမျိုးတွေပေါ့နော်။ ဆိုတော့ သူတို့က တိုင်းရင်းသားလက်နက်ကိုင်တွေ ဖြစ်တယ်။ လက်နက်ကိုင်ပြီးမှ အပြစ်မဲ့ ရွာသားတွေပေါ့နော် သူတို့ရဲ့ ဦးတည်အုပ်စု မဟုတ်တဲ့ သူတို့ရဲ့ ရွာသားတွေကို ရန်မူတယ် ဆိုတော့လေ။ ဒါက နိုင်ငံတကာရဲ့ HR (အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေ) ကိုလည်း သူတို့ချိုးဖောက်တယ်ပေါ့နော်”
ဒီကိစ္စအတွက် နစ်နာတဲ့မိသားစုဝင်တွေ တရားမျှတမှုရအောင်ဖြေရှင်းပေးဖို့ မိုင်းကိုင်မြို့နယ် တအာင်း အမျိုးသားရေးကွန်ရက်အဖွဲ့က ပြီးခဲ့တဲ့မေလ ၂၄ ရက်နေ့မှာ SSPP ကိုတောင်းဆိုထားပါတယ်။
မေလ ၉ ရက်နေ့ကလည်း ရှမ်းပြည်နယ်တောင်ပိုင်းမှာ ရှမ်းအမျိုးသားတစ်ဦးကို SSPP တပ်ဖွဲ့က သစ်ပင်မှာ ကြိုးနဲ့တွဲလောင်းချည်ပြီး မီးမြှိုက်နေတဲ့ ရုပ်သံတစ်ခုထွက်ပေါ်လာ ပါတယ်။ မီးမြှိုက် စစ်ဆေးခံ နေရတဲ့သူဟာ ဟိုပုံးမြို့နယ် ဖွန်ဆိုင်းရွာသူကြီး ဦးဝါလ ဖြစ်ပြီး သူနဲ့အတူ ရွာသား ၁၀ ဦးကို SSPP တပ်ဖွဲ့က ပြီးခဲ့တဲ့နှစ် ဧပြီလ ၇ ရက်နေ့မှာ ဖမ်းသွား ခဲ့တာလို့ ရှမ်းအရပ်ဘက်အဖွဲ့ အစည်း တာဝန်ရှိသူတွေက ပြောပါတယ်။ အဖမ်းခံရပြီး သတင်းအစအနပျောက်နေတဲ့ ရွာသူကြီးနဲ့ ရွာသားတွေရဲ့သတင်းကို နှိပ်စက်ခံနေရတဲ့ ရုပ်သံဖိုင်ထွက်လာမှပဲ သိရတာလို့ ဆိုပါတယ်။
ဒေသခံလူထုကိုကာကွယ်ဖို့တာဝန်ရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့အနေနဲ့ အခုလိုလုပ်တဲ့ အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်လို့ ပြည်ပရောက် သျှမ်းအမျိုးသားရေး တက်ကြွလှုပ်ရှားသူများ ကွန်ရက် ပြောရေးဆိုခွင့်ရှိသူ နန်းမောက်ဟွမ်က RFA ကို ပြောပါတယ်။
“ရှမ်းပြည်အရေးကို အပြင်ကနေကြည့်မယ်ဆိုရင် RCSS နဲ့ SSPP ပဲဖြစ်တယ်လို့ မြင်ပါ လိမ့်မယ်။ ပြည်သူတွေက ကြားကနေခံစားတဲ့အရာက တပ်ပေါင်းစုနဲ့ RCSS ရဲ့ တိုက်ပွဲ ဖြစ်ပါတယ်ပေါ့။ ဘယ်တပ် ပေါင်းစုမဆိုပေါ့နော် ပြည်သူတွေအတွက် အလုပ်လုပ်တယ် လို့ ပြောကြတယ်ပေါ့။ အဲဒါကြောင့် SSPP ပဲသွားပြီး အုပ်ချုပ်သည်ဖြစ်စေ၊ RCSS က သူ့ရဲ့နယ်မြေမှာပဲဖြစ်ပါစေ ပြည်သူလူထုရဲ့ လုံခြံရေးကို ဦးစားပေးပြီး လုပ်ဆောင်ပေးရ မှာ ဖြစ်ပါတယ်။ သူတို့လိုအပ်တဲ့ ရိက္ခာနဲ့ စစ်သားစုဆောင်းရေးလုပ်တဲ့အခါမှာလည်း ပြည်သူလူထုကိုပဲ သူတို့ကခေါ်သွားတာ ဖြစ်တယ်။ ရှုတ်ချတာ၊ တားမြစ်တဲ့အပြင်ကို ကျွန်မတို့ ကန့်ကွက်ပါတယ်”
ဖမ်းထားတဲ့သူတွေကို ပြန်လွှတ်ပေးဖို့၊ သတ်ဖြတ်ခံခဲ့ရသူတွေရဲ့ မိသားစုဝင်တွေကို SSPP ဘက်က တာဝန်ယူပေးဖို့နဲ့ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ ကို လေးစားလိုက်နာဖို့ကိုလည်း ပြည်ပရောက် သျှမ်းအမျိုးသားရေးတက်ကြွလှုပ်ရှားသူများကွန်ရက်အဖွဲ့က တိုက်တွန်းထားပါတယ်။
"သူတို့ရဲ့ ဦးတည်အုပ်စုမဟုတ်တဲ့ ရွာသားတွေကို ရန်မူတယ် ဆိုတော့လေ။ ဒါက နိုင်ငံတကာရဲ့ HR (အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေ) ကိုလည်း သူတို့ချိုးဖောက်တယ်ပေါ့နော်”
ရန်လွယ်ရွာသား သတ်ဖြတ်ခံရတဲ့ ကိစ္စအတွက် SSPP ပြောခွင့်ရသူ ဗိုလ်မှူး စိုင်းဘုန်းဟန် ကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ တကယ်ဖြစ်ခဲ့တဲ့အခြေအနေကို စုံစမ်းစစ်ဆေးနေသေးတာမို့လို့ လတ်တလောဖြေလို့ မရသေးဘူးလို့ ပြောပါတယ်။
မီးမြှိုက်စစ်ဆေးခံခဲ့ရတဲ့ ဦးဝါလ အကြောင်းနဲ့ ပတ်သက်လို့တော့ ဗိုလ်မှူး စိုင်းဘုန်းဟန် က -
“မိုင်းကိုင် လဲချားဘက်မှာ ဗုံးခဏခဏကွဲတယ်ဗျာ။ ပြီးတော့ ချောင်းမြောင်းပစ်ခတ်မှုက ဖြစ်နေတယ်။ အဲဒါကို ကျွန်တော်တို့ စစ်ကြောင်းတွေက စစ်ကြောရေးလုပ်တာပေါ့ဗျာ။ စစ်ကြောရေးလုပ်တာမှာ နည်းနည်းလွန်သွားတဲ့ သဘောရှိတယ်။ စစ်ဆေးခွင့်က အဖွဲ့အစည်းတိုင်းမှာလည်း လုပ်ကြတာပေါ့ နော့်။ ဒါလည်း ကျွန်တော်တို့က မဖြစ်သင့် မဖြစ်ထိုက်ဘူးလို့ ကျွန်တော်တို့လည်း ဒါမြင်ပါတယ်။ ဒီဖြစ်စဉ်ကို လည်း ကျွန်တော်တို့ အလေးထား ပြီးမှ စုံစမ်း စစ်ဆေးမှုလုပ်နေတာဖြစ်တယ်။ သက်ဆိုင်တဲ့ သူတို့ဆွေမျိုး တွေကိုလည်း ဒါစိတ်မကောင်းဘူးဆိုတာကို အသေးစိတ်ပို့ပါတယ်”
ဦးဝါလ ကျန်းကျန်းမာမာရှိနေတဲ့အကြောင်း SSPP က ထုတ်ပြန်ထားပေမယ့် သူတို့ကို ဘယ်တော့ ပြန်လွှတ်ပေးမယ်ဆိုတာကိုတော့ SSPP က ထုတ်ပြန်ထားတာမရှိသေးပါဘူး။
ရှမ်းပြည်နယ်ထဲမှာ SSPP နဲ့ RCSS ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ ပဋိပက္ခကြားမှာ ဒေသခံတွေ မကြာခဏ ဖမ်းဆီး သတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်တွေရှိနေပါတယ်။ နှစ်ဖက်တိုက်ပွဲတွေကြောင့် လည်း ဒေသခံတွေ မကြာခဏဆိုသလို နေရပ်စွန့်ခွာခဲ့ရတဲ့အတွက် ရှမ်းလက်နက်ကိုင် နှစ်ဖွဲ့ သင့်မြတ်ရေးနဲ့ တွေ့ဆုံဆွေးနွေးရေးကို ရှမ်းအရပ်ဘက်အဖွဲ့အစည်းတွေ၊ နိုင်ငံရေး ပါတီတွေနဲ့ တအာင်းသံဃာတော်တွေက မကြာခဏ ဆိုသလို တောင်းဆိုနေကြပါတယ်။ ဒါပေမဲ့ ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့တွေ့ဆုံဆွေးနွေးမှုကတော့ ဒီနေ့အထိ အကောင်အထည် မဖော်နိုင်သေးပါဘူး။
တိုင်းရင်းသားအရေးနဲ့ စစ်ရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ နောက်ခံ အခြေအနေတွေနဲ့ ရပ်တည်မှုမတူတဲ့ ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့တွေ့ဆုံဆွေးနွးရေး မအောင်မြင်သမျှ ကာလပတ်လုံး အပြစ်မဲ့တဲ့ အရပ်သားတွေ အခုလိုပဲသေဆုံးနေကြ ရဦးမယ်လို့ ပြောပါတယ်။
“SSPP က အဲလိုလုပ်တာတွေရှိသလို RCSS ကလည်း အဓမ္မစစ်သားသိမ်းသွင်းတာ အခွန်ကောက်တာ ဘာညာစတဲ့ကိစ္စတွေလည်း ကျွန်တော်တို့ ကြုံခဲ့ရဖူးပါတယ်။ အခြေခံလက်ခံမှုကိုက ကွဲလွဲနေတဲ့ အခါကျတော့ ဘယ်လိုမှ အဲဒီ အင်အားစုတွေ ညှိနှိုင်းဆွေးနွေးဖို့တို့ ပြည်သူလူထုကို မထိခိုက်အောင် ထိန်းသိမ်းဖို့ဆိုတာ ဘယ်လောက်ပဲ စကားတွေပြောပြော သူ့လူကိုယ့်လူကရှိကြတာပေါ့ဗျ ရွာတိုင်းမှာ။ အဲကျတော့ SSPP ကလို့ပြောတဲ့လူကို RCSS ကဖိနှပ်တယ် RCSS ကလို့ပြောတဲ့လူကိုလည်း SSPP က ဖိနှိပ်သတ်ဖြတ်တယ်ဆိုတဲ့ ကိစ္စက အတော်ဖြေရှင်းရ ခက်တဲ့ကိစ္စပဲ။ ရှမ်းအမျိုးသား အချင်းချင်း ကြားမှာ အဲလိုဖြစ်တဲ့အတွက် ပိုပြီးတော့ ဝမ်းနည်းစရာကောင်းပါတယ်”
ရှမ်းပြည်နယ်တောင်ပိုင်း ဝမ်ဟိုင်းမှာ အခြေစိုက်တဲ့ SSPP တပ်ဖွဲ့ဟာ မြန်မာစစ်တပ်နဲ့ ပြည်နယ် အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်ရပ်စာချုပ်မှာလက်မှတ်ရေးထိုးထားပေမယ့် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် NCA မှာ လက်မှတ်မထိုးသေးပါဘူး။
RCSS တပ်ဖွဲ့ကတော့ NCA စာချုပ်လက်မှတ်ထိုးထားတဲ့အဖွဲ့ဖြစ်ပါတယ်။ ဒါပေမဲ့ ရှမ်းလက်နက်ကိုင်အချင်းချင်း တွေ့ဆုံဆွေးနွေးရေး အဆင်မပြေသေးတဲ့အပေါ် ရှမ်းပြည်သူတွေရဲ့ ဝေဖန်တာတွေလည်း ရှိနေပါတယ်။