နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ထုတ်ဖို့ တင်ဒါခေါ်တဲ့နေရာမှာ ပြည်နယ်တွေမပါ
2020.05.24
တိုင်းခုနှစ်တိုင်းနဲ့ နေပြည်တော်မှာ ဆိုလာနေရောင်ခြည်သုံး လျှပ်စစ်စက်ရုံတွေ တည်ဖို့ တင်ဒါခေါ်တဲ့ အခါမှာ အမေရိကန်၊ ဥရောပကုမ္ပဏီတွေ ဝင်လျှောက်ဖို့ အချိန်မလုံလောက်သလို၊ လုပ်ခွင့်ချပေးမယ့် နေရာတွေထဲမှာ ပြည်နယ်တွေလဲ ပါဝင်တာမတွေ့ရပါဘူး။
မြန်မာပြည်မှာ လျှပ်စစ်စွမ်းအင် အပြည့်အဝ မရသေးတဲ့ နိုင်ငံတစ်ခုအနေနဲ့ ဆက်ရှိနေပါသေးတယ်။ ဒါကြောင့်လျှပ်စစ်ကို ဘယ်နည်းနဲ့ ရနိုင်မလဲဆိုတာ ပြည်သူတွေ တောင့်တနေကြသလို၊ အစိုးရကလဲ နည်းလမ်းပေါင်းစုံ ရှာနေတာ တွေ့ရပါတယ်။
အဲဒါကြောင့် ဆိုလာပြားတွေနဲ့ မြေပေါ်မှာချပြီး နေရောင်ခြည်စွမ်းအင်ကနေ လျှပ်စစ်ထုတ်မယ့် ကုမ္ပဏီတွေကို စွမ်းအင်နဲ့ လျှပ်စစ်ဝန်ကြီးဌာနက မေလ ၁၈ ရက်နေ့မှာ တင်ဒါခေါ်ထားတာ တွေ့ရပါတယ်။ တင်ဒါပုံစံတစ်စုံကို ကျပ်ငွေ သုံးသိန်းနဲ့ ရောင်းနေပြီး ဇွန်လ (၁၈) ရက်နေ့ နောက်ဆုံးတင်ရမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ထုတ်လုပ်ခွင့် ပေးမယ့်နေရာတွေက မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ နေပြည်တော်က စုစုပေါင်း နေရာ (၃၀) မှာ ထုတ်ရမှာ ဖြစ်ပါတယ်။ ထုတ်ရမယ့် ပမဏာကတော့ အနည်းဆုံး မဂ္ဂါဝပ် ၃၀ ကနေ ၆၆ ထိထုတ် ရမှာဖြစ်လို့ စုစုပေါင်း မဂ္ဂါဝပ် (၁၀၆၀) ရဖို့ဖြစ်ပါတယ်။ တင်ဒါအောင်လို့လုပ်ခွင့်ရတဲ့ကုမ္ပဏီကို အနှစ် နှစ်ဆယ်အထူး လျှော့ပေါ့ချက်တွေရမှာဖြစ်ပြီး တင်ဒါအောင်တဲ့နေ့ကစလို့ ၆ လအတွင်း အကောင် အထည်ဖော်ရမှာဖြစ်ပါတယ်။
တကယ်တော့ ရခိုင်နဲ့ တနင်္သာရီ ကမ်းလွန်ပင်လယ်တွေထဲမှာ သဘာဝဓါတ်ငွေ့သိုက်တွေ အလျှံ အပယ် ရှိပေမယ့် ထိုင်း၊ တရုတ်၊ တောင်ကိုရီးယားနဲ့ ပြည်ပနိုင်ငံတချို့ကို နှစ်ရှည်စာချုပ်တွေနဲ့ ရောင်းထားရတဲ့အတွက် ပြည်တွင်းမှာ မသုံးနိုင်တဲ့ အခြေအနေရောက်နေတာပါ။
အခုလို နေရောင်ခြည်စွမ်းအင်ကနေ လျှပ်စစ်ထုတ်ဖို့ တင်ဒါခေါ်ထားတဲ့ နယ်တွေကို ကြည့်တဲ့အခါမှာလဲ တိုင်း (၆) တိုင်းနဲ့ နေပြည်တော်ပဲ ပါတဲ့အတွက် ပြည်နယ်တွေ တစ်ခုမှ ပါတာမတွေ့ရပါဘူး။
တကယ်တော့ ပြည်တွင်းမှာ အလုပ်အကိုင်ရှားလို့ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြီးအလုပ်လုပ်ရတဲ့ ကျေးလက် နေလူငယ်တွေရဲ့ မိသားစုကို ပြန်ထောက်ပံ့ကြတဲ့ အစီအစဉ်မှာ တချို့က ဆိုလာပြားတွေ ဝယ်ပြီး သူတို့ရွာမှာ တပိုင်တနိုင်လုပ်ငန်းလေးတွေ ပြန်လုပ်ကြတာလဲရှိနေပါတယ်။ ဒါနဲ့ပတ်သက်လို့ တရုတ်နိုင်ငံမှာ အလုပ်သွားလုပ်တဲ့ လူငယ်တွေဟာ လစာထဲကနေ ဆိုလာပြားလေးတွေကို မြန်မာငွေ တစ်သိန်းကျော်လောက်နဲ့ ဝယ်ပြီး ရွာတွေမှာ မီးရအောင်လုပ်သလို၊ ဗီဒီယိုရုံလေးတွေ ဖွင့်တာမျိုး စီးပွား ပြန်လုပ်တာမျိုးတွေရှိတယ်လို့ မြန်မာ့အရေးလေ့လာသူ ဆရာမ ဒေါက်တာ လှကျော်ဇောက ပြောပြဖူးပါတယ်။
အခု တင်ဒါခေါ်တဲ့ အခါမှာလဲ ဝင်လျှောက်မယ့် ပြည်ပကုမ္ပဏီတွေအတွက် အခက်အခဲရှိနေတယ်လို့ ထောက်ပြတာလဲရှိနေပါတယ်။
တစ်ခုက ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ခရီးသွားလာမှု အကန့်အသတ်တွေ၊ ဘယ်နိုင်ငံကလာသူတွေဆို ဘယ်နှစ်ပတ် သီးခြားနေရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေ ရှိနေတဲ့အတွက် မေလ ၁၈ ရက်မှာ တင်ဒါစခေါ်ပြီး ဇွန်လ ၁၈ ရက်ပိတ်မှာဆိုတဲ့ တစ်လတာအတွင်းမှာ ပြည်ပကုမ္ပဏီတွေအတွက် ဘယ်လို အဆင်ပြေနိုင်မလဲဆိုတာပါ။ နောက်တစ်ခုကလဲ ဆိုလာပြားတွေ ချထားမယ့် မြေနေရာကိစ္စပါ။ နိုင်ငံခြားကုမ္ပဏီတွေ အနေနဲ့ အချိန်တိုတိုအတွင်း မြေရှာဖို့ဆိုတာ မလွယ်ပါဘူးတဲ့။ ဒါကြောင့် တင်ဒါခေါ် တဲ့ ကာလကို တိုးပေးသင့်တယ်လို့ အမေရိကန်နဲ့ ဥရောပက ကူးသန်းရောင်းဝယ်ရေးအဖွဲ့တွေက ပူးပေါင်း တိုက်တွန်းမယ်လို့ အေးရှားတိုင်းမစ်သတင်းစာမှာ မနေ့က ရေးလိုက်တဲ့ဆောင်းပါးမှာ ဖော်ပြထားတာ တွေ့ရပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိလျှပ်စစ်ကို ရေအားကနေထုတ်တာ ၆၂ ရုံ သဘာဝဓါတ်ငွေ့နဲ့ ထုတ်တာ ရုံ ၂၀ နဲ့ ကျောက်မီးသွေးကနေ ထုတ်တာ စက်ရုံတစ်ရုံရှိပြီး တစ်နိုင်ငံလုံး လိုအပ်ချက်ရဲ့ ၄၀ ရာခိုင်နှုန်းအတွက် ပဲထုတ်နိုင်ပါတယ်။
အဲဒါတောင် နွေရာသီဆိုရင် လျှပ်စစ်ထွက်နှုန်း လျော့သွားတဲ့အတွက် စက်ရုံ အလုပ်ရုံတွေ အခက်တွေ့ရ ပါတယ်။ အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဂယက်ကြောင့် အိမ်နီးချင်းနိုင်ငံတွေသွားပြီး အလုပ် လုပ်တဲ့သူတွေလဲ မြန်မာပြည် ပြန်လာတာတွေ အတော်များများ ရှိနေတဲ့အတွက် သူတို့ကို ပြည်တွင်းမှာ အလုပ်အကိုင် ဖန်တီးပေးနိုင်ဖို့၊ ကုန်ထုတ်စွမ်းအား မြှင့်တင်ဖို့က လျှပ်စစ်က အခြေခံဖြစ်နေပါတယ်။ ဒါကြောင့် တိုင်းပြည်ထူထောင်ရေးရဲ့ အခြေခံဖြစ်တဲ့ လျှပ်စစ် ရအောင်ဆောင်ရွက်တဲ့အခါမှာ တိုင်းနဲ့ ပြည်နယ်အားလုံးမှာ ဆောင်ရွက်ဖို့နဲ့ ပွင့်လင်းမြင်သာမှုရှိဖို့၊ ပတ်ဝန်းကျင်နဲ့ လူ့အဖွဲ့အစည်း မထိခိုက် အောင်ဆောင်ရွက်ဖို့တွေကလဲ မဖြစ်မနေ ထည့်သွင်းစဉ်းစားရမှာ ဖြစ်ကြောင်းပါ။