လွိုင်ကော်မြို့မှာ လူမှုကယ်ဆယ်ရေးတွေ ရပ်နားလိုက်ရတဲ့နောက် ပိတ်မိဒေသခံတွေ အခက်အခဲ ပိုကြုံနေရ
စစ်ကောင်စီက တင်းကျပ်လိုက်တဲ့နောက်မှာတော့ မြို့ထဲမှာ လူမှုကူညီရေး အသင်းတွေ မရှိတော့ပါဘူး။ ဒါကြောင့် ဒေသခံတွေ အကူအညီ လိုနေတယ်လို့ ပြောကြပါတယ်။
-
RFA Burmese
2023-12-04 -
-
-
တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်တဲ့ ကယားပြည်နယ် (ကရင်နီပြည်)၊ လွိုင်ကော်မြို့မှာ ပရဟိတ အသင်းအဖွဲ့တွေကို စစ်တပ်က ပိတ်ပင်တားမြစ်နေလို့ ကူညီရေးတွေ ရပ်ဆိုင်းထားရပြီး မြို့ထဲမှာ ပိတ်မိနေတဲ့ ဒေသခံတွေ အခက်အခဲပိုပြီး တွေ့နေရတယ်လို့ အရပ်ဘက် အသင်း အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
လူမှုကူညီရေး အသင်းကားတွေနဲ့ မထွက်ဖို့ နိုဝင်ဘာ ၁၁ ရက်နေ့ကတည်းက စစ်ကောင်စီ ဘက်က တယ်လီဖုန်းဆက်ပြီး အကြောင်းကြားလို့ ကူညီလို့ မရတဲ့အဆုံး သူတို့အဖွဲ့ဝင်တွေ အနေနဲ့ နိုဝင်ဘာ ၂၄ ရက်မှာ မြို့ကနေ စွန့်ခွာလာရတယ်လို့ လွိုင်ကော်မြို့ အခြေစိုက် လူမှုကူညီရေးအဖွဲ့က အမည်မဖော်လိုသူ တစ်ယောက်က RFA ကို ပြောပါတယ်။
“ကူမယ့်လူလည်း မရှိဘူး။ သွားလည်း မသွားရဲကြတော့ဘူး။ အရင်တုန်းကတော့ ကျွန်တော်တို့က သွားပြီး ကယ်ထုတ်ပေးတာတွေ ရှိတယ်လေ။ ကျွန်တော်တို့ကို ပေးမဝင်တဲ့ အတိုင်းအတာကနေ စပြီးတော့ တော်ရုံတန်ရုံ မရှိတော့ဘူး။ အဲဒီတုန်း ကတော့ လက်နက်ကြီးတွေနဲ့ ကျတဲ့နေရာမှာ သွားကောက်ပြီး ဆေးရုံ ပို့ပေးတာတွေ ရှိတယ်။ လက်နက်ကြီးကျလို့ ဆုံးပါးသွားတာကို ကောက်ပြီး တစ်ခါတည်း သင်္ဂြိုဟ်ပေး လိုက်တာတွေလည်း ရှိတယ်။ ဒီအလုပ်လုပ်နေပြီး အကူအညီ တောင်းလို့ မပေးနိုင်တော့လည်း စိတ်ထဲမှာ ဝမ်းနည်းပက်လက် ဖြစ်တာပေါ့ဗျာ”
နိုဝင်ဘာ ၁၁ ရက်နေ့တုန်းကလည်း လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့တစ်ခုရဲ့ မော်တော်ယာဉ် နှစ်စီးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက သိမ်းသွားတယ်လို့ ပရဟိတ အဖွဲ့တွေက ပြောပါတယ်။
“စစ်ကောင်စီက တင်းကျပ်လိုက်တဲ့နောက်မှာတော့ မြို့ထဲမှာ လူမှုကူညီရေး အသင်းတွေ မရှိတော့ပါဘူး”
မြို့တွင်း တိုက်ပွဲတွေမှာ တော်လှန်ရေး အင်အားစုတွေက အရပ်သား အသွင်ယူပြီး လူနာတင်ကားတွေနဲ့ လိုက်ပါလာမှာကို စစ်ကောင်စီက စိုးရိမ်ပြီးပိတ်တာ ဖြစ်နိုင်တယ်လို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ ပရဟိတ အဖွဲ့ဝင်တစ်ယောက်ကလည်း မှတ်ချက် ပေးပါတယ်။
“PDF တွေက ဒီကားတွေကို အသုံးပြုလာနိုင်တယ်လို့ သူတို့ သုံးသပ်မယ် ထင်ပါတယ်။ ကြည့်ရတာ။ တချို့ကလည်း ဖွတဲ့လူတွေ ရှိတာပေါ့။ ဒီအသင်းအဖွဲ့တွေနဲ့ တင်လာ နိုင်တယ်၊ ဝင်လာနိုင်တယ်ပေါ့လေ။ ဒါပေမဲ့ ကယားပြည်နယ်မှ ဘယ်အသင်းအဖွဲ့မှ ဘယ်သူမှ အဲဒီလို ထုံးစံမရှိပါဘူး။ ဘယ်လိုလုပ် ဒီလွိုင်ကော် ဆေးရုံကြီးကို PDF တွေ လာတက်မှာတုန်း။ တစ်ခုခုဖြစ်လို့ရှိရင် သူတို့ ဆေးကုသရေး စခန်းတွေ ရှိတာပဲလေ။ သူ့တို့ဟာ သူတို့ သွားမှာပေါ့။ ဘယ်လိုလုပ် သူတို့ မြို့ပေါ် တတ်လာမလဲ။ ဒါပေမဲ့ တစ်ခုတော့ ရှိတာပေါ့လေ။ သူတို့ (စစ်ကောင်စီ) အမြင်မှာတော့ ဒီပရဟိတ အသင်းကား တွေကို အသုံးပြုပြီးမှ ဝင်လာနိုင်တယ်လို့ ယူဆကောင်း ယူဆနိုင်တယ်ပေါ့လေနော်”
လူမှုကူညီရေး အသင်းအဖွဲ့တွေက PDF တွေကို ကူညီနေတယ်ဆိုပြီး စစ်တပ် ထောက်ခံသူတွေက ဆိုရှယ်မီဒီယာတွေမှာ ဖြန့်ဝေလိုက်တဲ့နောက်ပိုင်း၊ မြို့တွင်းမှာ စစ်ကောင်စီက ပိုတင်းကျပ်လာတယ်လို့လည်း ပြောကြပါတယ်။
“လူမှုကူညီရေး အသင်းတွေကို ပိတ်ပင်တာဟာ လူတွေရဲ့ အသက်ရှင်ခွင့်ကို ချိုးဖောက်ရာ ရောက်တယ်”
လွိုင်ကော်မြို့ပေါ်မှာ လူမှုကူညီရေးအသင်း ငါးဖွဲ့ထက်မနည်း ရှိပါတယ်။ နိုဝင်ဘာလ ၁၁ ရက်နေ့ တစ်လေးလုံး စစ်ဆင်ရေး မတိုင်ခင်အထိ ကူညီခဲ့ကြသလို၊ စစ်ဆင်ရေးအတွင်း မှာလည်း ဒဏ်ရာရ လူနာတွေကို ဆေးရုံပို့ပေးတာ သေဆုံးတဲ့သူတွေရဲ့ ရုပ်အလောင်းတွေ ကိုသယ်ပြီး သင်္ဂြိုဟ်တာတွေ လုပ်ခဲ့ကြတာပါ။
စစ်ကောင်စီက တင်းကျပ်လိုက်တဲ့နောက်မှာတော့ မြို့ထဲမှာ လူမှုကူညီရေး အသင်းတွေ မရှိတော့ပါဘူး။ ဒါကြောင့် ဒေသခံတွေ အကူအညီ လိုနေတယ်လို့ ပြောကြပါတယ်။
နိုဝင်ဘာ ၂၆ ရက်နေ့က လွိုင်ကော်မြို့ထဲမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှု ကြောင့် ဒဏ်ရာရနေတဲ့ အရပ်သားတစ်ယောက် အကူအညီမရလို့ လမ်းမှာတင် သွေးထွက်လွန် သေဆုံးခဲ့သလို၊ သေဆုံးတဲ့ အရပ်သားတချို့ရဲ့ ရုပ်အလောင်းတွေလည်း မကောက်နိုင်ဘဲ မြို့ထဲမှာ ဒီအတိုင်း ရှိနေတယ်လို့ မြို့ခံတစ်ယောက်က RFA ကို ပြောပါတယ်။
“အခုဆိုရင် သွေးလွန်ပြီးမှ သေသွားတာလည်း တွေ့ရတယ်။ မနေ့က နေလယ်ကဆိုရင် မြို့လယ်ရပ်ကွက်တစ်ခုမှာ ဆိုင်ကယ်စီးရင်းနဲ့ စစ်တပ်က လှမ်းပစ်လို့ ပေါင်နဲ့ ဗိုက်နဲ့ အဒေါ်ကြီးတစ်ယောက် ထိသွားတော့ ကယ်ဆယ်ရေးသမားလည်း မရှိဘူး။ ဘာမှ မရှိဘူး ဆိုတော့ သူဒီတိုင်းပဲ လမ်းပေါ်မှာ လဲနေတာ။ ဘယ်သူမှလည်း သွားကြည့်လို့ အဆင် မပြေတဲ့ အနေအထားမှာ အသက် အလကား ဆုံးရှုံးသွားတာတွေ တွေ့ရတယ်ပေါ့”
စစ်ကောင်စီဘက်ကတော့ လွိုင်ကော်မြို့မှာရှိတဲ့ လူမှုကူညီရေး လုပ်ငန်းတွေကို ကန့်သတ်ထားတဲ့အပေါ် တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာ မရှိသလို စစ်ကောင်စီရဲ့ ကယားပြည်နယ် (ကရင်နီပြည်) ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမြင့်ကြည်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
လူမှုကူညီရေး အသင်းတွေကို ပိတ်ပင်တာဟာ လူတွေရဲ့ အသက်ရှင်ခွင့်ကို ချိုးဖောက်ရာ ရောက်တယ် လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ (KnHRG) တည်ထောင်သူ ကိုဗညားက သုံးသပ်ပါတယ်။
“လက်ရှိ အခြေအနေမှာတော့ ဘယ်ပရဟိတ အသင်းမှ အသေအချာ မရှိတော့ဘူး။ လွိုင်ကော်မြို့ပေါ်မှာ တိုက်ပွဲက ဆက်ဖြစ်နေတော့ အချိန်မရွေး လက်နက်ကြီးတွေ ကျပြီး ထိခိုက်နိုင်တယ်ဆိုတာ သိရတယ်။ လူတွေရဲ့ အသက်ရှင် ရပ်တည်ခွင့်ကို ဆုံးရှုံးအောင် လုပ်တာပေါ့။ ထိခိုက်ဒဏ်ရာရမှုနဲ့ အချိန်မရွေး သေဆုံးသွားနိုင်တယ်။ ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှု အစောတလျင် မရဘူးဆိုရင်ပေါ့။ ဒါက လူသား တစ်ယောက်ချင်းဆီရဲ့ အခြေခံ အသက်ရှင် ရပ်တည်ခွင့်ကို ချိုးဖောက်ရာ ရောက်တယ်လို့ သုံးသပ်လို့ရပါတယ်”
လွိုင်ကော်မြို့မှာ ဒေသခံ တစ်သောင်းကျော် ပိတ်မိနေသေးတယ်လို့ ကူညီနေတဲ့ အဖွဲ့တွေ က ပြောပါတယ်။
လွိုင်ကော်၊ ဖယ်ခုံနဲ့ မိုးဗြဲမှာပါ သေဆုံးတဲ့ အရပ်သား နိုဝင်ဘာလ ၁၁ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ ခုနှစ်ဆယ့်ခြောက်ယောက်ရှိပြီး အဲဒီအထဲမှာ အသက် မပြည့်သေးတဲ့ ကလေးငယ် ၁၂ ယောက်ပါတယ်လို့ ကရင်နီ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (KHAI) ရဲ့ နိုဝင်ဘာ ၂၈ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။
လွိုင်ကော်ဟာ နေပြည်တော်နဲ့ အဖြောင့်တိုင်းရင် ၇၃ မိုင်ပဲရှိပြီး ကားလမ်းနဲ့ဆိုရင် မိုင် ၁၄၀ လောက်ပဲ ကွာဝေးပါတယ်။
ကရင်နီအဖွဲ့တွေရဲ့ တစ်လေးလုံး စစ်ဆင်ရေးမှာ လွိုင်ကော် တက္ကသိုလ်နဲ့ စစ်တပ်ရဲ့ တပ်စခန်းတချို့ကို သိမ်းပိုက်ထားသလို၊ စစ်တပ်ရဲ့ အုပ်ချုပ်ရေး ယန္တရားရှိတဲ့ နေရာတွေကို ဆက်ပြီး ဦးတည် တိုက်ခိုက်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေကတစ်ဆင့် သိရပါ တယ်။