မရမ်းကုန်းမြို့နယ်က လူငါးထောင်ကျော်နေတဲ့နေရာ ကျူးကျော်ဆိုပြီး ဖယ်ခိုင်းနေ

မရမ်းကုန်းမြို့နယ် အမှတ် (၃) ရပ်ကွက်က နေအိမ်ခြောက်ရာခန့်ကို ကျူးကျော်ဆိုပြီး တစ်လအတွင်းဖယ်ရှားပေးဖို့ စစ်ကောင်စီတပ်သားတွေနဲ့ စည်ပင်ဝန်ထမ်းတွေက ပြောပါတယ်။

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ ကံသာဇေယျုံကျောင်းလမ်းမှ ဖယ်ရှားခံရသည့် နေအိမ်များအား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် အမှတ် (၃) ရပ်ကွက်၊ အောင်သိဒ္ဓိလမ်းတစ်လျှောက်က နေအိမ်ခြောက်ရာခန့်ကို ကျူးကျော်ဆိုပြီး တစ်လအတွင်းဖယ်ရှားပေးဖို့ စစ်ကောင်စီတပ်သားတွေနဲ့ စည်ပင်ဝန်ထမ်းတွေ ဧပြီလ ၂၆ ရက်နေ့မှာ အကြောင်းကြားစာ လာပေးသွားတယ်လို့ အဲဒီမှာ နေထိုင်သူတွေက ပြောပါတယ်။

လာမယ့် မေလ ၂၇ ရက် နောက်ဆုံးထား ဖယ်ရှားပေးရမှာဖြစ်ပြီး အဲဒီမှာနေထိုင်တဲ့ လူဦးရေငါးထောင်ကျော်ထဲမှာ ပြောင်းရွှေ့ဖို့ စရိတ်တောင်မရှိသူတွေ အများကြီးရှိတယ်လို့ ဆိုပါတယ်။

"ကျွန်မတို့ ဒီမှာနေတာ ဆယ်စုနှစ်နဲ့ချီနေပြီကို အခုမှလာပြီး ကျူးကျော်ဆိုပြီး ဖယ်ခိုင်းတာက မတရားဘူးပေါ့"

နှစ်ပေါင်းဆယ်နဲ့ချီ နေလာတဲ့နေရာကို ကျူးကျော်ဆိုပြီး အတင်းအဓမ္မဖယ်ရှားခိုင်းတာဟာ မတရားဘူးလို့ အဲဒီ နေရာမှာ နေထိုင်နေတဲ့ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ပြီးခဲ့တဲ့ရက်ကပဲ တစ်လအတွင်း ဖယ်ပေးဖို့ဆိုပြီး အကြောင်းကြားစာ လာပေးသွားတာ။ ကျွန်မတို့ ဒီမှာနေတာ ဆယ်စုနှစ်နဲ့ချီနေပြီကို အခုမှလာပြီး ကျူးကျော်ဆိုပြီး ဖယ်ခိုင်းတာက မတရားဘူးပေါ့။ အခုကာလက ငွေရှာရတာကလည်းခက်၊ စီးပွားရေးကအဆင်မပြေဆိုတော့ ကျွန်မတို့က ဘယ်ကိုပြောင်းပေးရမှာလဲ။ ဒီကာလကြီးမှာ အိမ်ငှားနေဖို့ကလည်း အဆင်မပြေဘူး"

ဖယ်ရှားပေးဖို့ အကြောင်းကြားလာပေမယ့် နေရာအစားထိုးပေးဖို့နဲ့ ထောက်ပံ့ကူညီပေးဖို့တော့ ဘာမှပြောတာ မရှိဘူးလို့ ဆိုပါတယ်။

ဆယ်စုနှစ်ချီနေလာကြပေမယ့် အရပ်စာချုပ်နဲ့သာ အရောင်းအဝယ်လုပ်ခဲ့တာဖြစ်ပြီး အခုလို မြေတန်ဖိုးမြင့်လာချိန် စီးပွားရေးသမားတွေနဲ့ အာဏာပိုင်တွေ ပူးပေါင်းပြီး ဖယ်ခိုင်းတာဖြစ်နိုင်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

မရမ်းကုန်းမြို့နယ်မှာရှိတဲ့ အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးကတော့ အဲဒီနေရာတွေဟာ မခိုင်မာတဲ့ မြေတွေဖြစ်တာကြောင့် အရောင်းအဝယ်သိပ်မလုပ်ကြဘူးလို့ RFA ကို ပြောပါတယ်။

"အရောင်းအဝယ်တွေကို အဲဒီဘက်တွေ သိပ်မလုပ်ကြဘူး။ မခိုင်မာဘူးဆိုပြီးတော့။ တချို့ကျတော့လည်း ကျိုက်ဝိုင်းလမ်းမကြီးရှိတယ်။ အဲဒီလမ်းမကြီးကြတော့လည်း ဘုရားမြေဆိုပြီး မခိုင်မာတာလည်းရှိတယ်။ မဝယ်ရဲကြဘူးပေါ့နော်။ ဆိုင်အကြီးတွေကအစ အကုန်လုံး ဘုရားမြေနဲ့ မလွတ်ကြဘူး"

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလကလည်း မရမ်းကုန်းမြို့နယ် (၃) ရပ်ကွက်က နေအိမ် ၁၅၀ ခန့်နဲ့ (၁) ရပ်ကွက်က နေအိမ် တစ်ရာခန့်ကိုလည်း ကျူးကျော်နေအိမ်တွေဆိုပြီး စစ်ကောင်စီတပ်က မြေတူးစက်တွေနဲ့ ဖယ်ရှားခဲ့ပါတယ်။

မရမ်းကုန်းမြို့ခံတစ်ဦးကတော့ အခုလိုအချိန်မျိုးမှာ ကျူးကျော်ဆိုပြီး အတင်းအဓမ္မ ဖယ်ရှားခိုင်းတာမျိုးတွေ မလုပ်သင့်သေးဘူးလို့ RFA ကို ပြောပါတယ်။

“တကယ်တော့ သူတို့ အကျိုးစီးပွားအတွက်ကို ဒါတွေဖန်တီးပြီးတော့ တကယ်နေထိုင်နေတဲ့ ပြည်သူတွေကို ဒုက္ခပေးနေတာပဲ။ ပြည်သူတွေ စားဝတ်နေရေးကျပ်တည်းနေတဲ့ ခေတ်ကာလကြီးမှာ ဒါကြီးကလုပ်သင့်တဲ့ အချိန်ကာလလည်း မဟုတ်ဘူး။ အခုလက်ရှိရဲ့ နိုင်ငံရေးအခင်းကျင်းကိုယ်တိုင်က မကောင်းနေတဲ့အချိန်မှာ ဒါကို ထိန်းထိန်းသိမ်းသိမ်းနဲ့ ဆောင်ရွက်ရမှာ"

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၁) ရပ်ကွက်မှ နေအိမ်အချို့ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

အခုလို ဖယ်ရှားခိုင်းတဲ့အပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်း ပြောခွင့်ရသူ တိုင်းဥပဒေချုပ် ဦးဌေးအောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

RFA ရဲ့ စာရင်းအရ အာဏာသိမ်း သုံးနှစ်ကျော်အတွင်း မရမ်းကုန်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းနဲ့ တောင်ပိုင်း၊ ဒေါပုံ၊ မင်္ဂလာဒုံနဲ့ လှိုင်သာယာမြို့နယ်တွေက နေအိမ်နှစ်သောင်းဝန်းကျင် ဖယ်ရှားခံခဲ့ရပါတယ်။

ရန်ကုန်အပြင် မန္တလေးနဲ့ အခြားတိုင်းနဲ့ ပြည်နယ်တချို့မှာလည်း ကျူးကျော်ဆိုပြီး နေအိမ်ဖယ်ရှားခိုင်းတာတွေ မကြာခဏဖြစ်နေတာပါ။

စစ်ကောင်စီအနေနဲ့ ကျူးကျော်ဆိုပြီး ဖယ်ရှားခံရသူတွေကို အစားထိုးနေစရာပြန်ချမပေးဘဲ လူနေအိမ်တွေကို အင်အားသုံးဖယ်ရှားတာဟာ စစ်ရာဇဝတ်မှုမြောက်တယ်လို့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့မှာ ကမ္ဘာ့ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org