စစ်ကောင်စီကျင့်သုံးနေတဲ့ မြေလှန်မီးရှို့စနစ်

၁၉၃၉ ခုနှစ်က ၁၉၄၅ ခုနှစ်အတွင်း ဖြစ်ပွားတဲ့ ဒုတိယကမ္ဘာစစ်မှာလည်း ဖက်ဆစ်တပ်တွေရော မဟာမိတ်တွေပါ မြေလှန်စနစ်သုံးခဲ့ဖူးပါတယ်။

မီးရှို့ဖျက်ဆီးခံထားရသည့် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မယ်သဲကြိုးကွင်းရွာမှ နေအိမ်အချို့အား ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့က တွေ့ရစဉ်။ Photo: Khin Mon Revolution 1.0

စစ်မြေပြင်မှာ အရေးမလှတဲ့အခါ စစ်နည်းဗျူဟာအနေနဲ့ သုံးလေ့ရှိတဲ့ မြေလှန်စနစ်ထက်ပိုဆိုးဝါးတဲ့ လုပ်ရပ်တွေကို စစ်ကောင်စီက ကျူးလွန်နေတယ်လို့ အများက သုံးသပ်ကြပါတယ်။

စစ်ဦးဘီလူးဆိုတဲ့အတိုင်း တိုက်ပွဲမရှိလည်း ရွာတွေကို စစ်ကြောင်းထိုး၊ ပြည်သူ့ကာကွယ်ရေး တပ် (PDF)တွေ ရှိနိုင်မယ်ထင်တဲ့ နေရာတွေလို့ ယူဆရင် ရွာတွေကို စစ်ကောင်စီက မီးရှို့နေတယ်လို့ ဆိုပါတယ်။

ဥပမာ - မုံရွာမြို့နယ်၊ စစ်ကောင်စီကျောက်ဆစ်ပုံ အမြောက်တပ်ဖွဲ့ဝင် ၅၀ လောက်က ဒီနှစ် ဖေဖော်ဝါရီလကုန်ပိုင်းက မတ်လဆန်းအတွင်း မုံရွာမြို့နယ် အရှေ့ခြမ်းက ရွာတွေကို စီးနင်းမီးရှို့တဲ့ ဖြစ်ရပ်မျိုးပါ။

တိုက်ပွဲမရှိလည်း ရွာတွေကို မီးရှို့တာပဲလို့ စစ်ကိုင်းတိုင်း မုံရွာအခြေစိုက်ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ယောက်က ပြောပါတယ်။

“တိုက်ပွဲမရှိလည်း ဒီလိုပေါ့ဗျာ၊ သူတို့ရှို့ချင်လို့ ရှို့တာလို့ပဲပြောရမှာပဲ။ ကျွန်တော့်အထင်တော့ အမြောက်တပ်အရှေ့ကနေပြီးတော့ ဒီနယ်မြေမှာ တော်လှန်ရေးအင်အားစုတွေ ခိုအောင်းမှာစိုးလို့ ရှင်းလင်းတဲ့အနေနဲ့ တူတယ်။ သူတို့အထိုင်စခန်းတွေကို အနီးပတ်ဝန်းကျင် ရှင်းလင်းတဲ့အနေအထားလို့ ကျွန်တော်တော့ မြင်တာပဲ။ နောက်ထပ်လည်း ထပ်ရှို့ဦးမယ်လို့မြင်တယ်”

ဒီလိုလုပ်ရပ်ဟာ မြေလှန်စနစ်ထက် လွန်တယ်လို့ နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

“နိုင်ငံတော်ကို မကာကွယ်ဘဲနဲ့ ပြည်သူတွေရဲ့ဘဝကို ဖျက်ဆီးနေတာ၊ ပြည်သူတွေရဲ့ အိုးအိမ်တွေကို မီးတိုက်နေတာ၊ ပြည်သူတွေရဲ့ စားနပ်ရိက္ခာတွေကို ဓာတ်ဆီလောင်းမီးရှို့နေတာဆိုတော့ မြေလှန်စနစ်ထက် လွန်သွားပြီ။ ဖက်ဆစ်စနစ်ထက် ပိုပြီးတော့တောင် ဆိုးဝါးရက်စက်ရိုင်းပျတဲ့ သမိုင်းကာလဖြစ်တယ်”

မြေလှန်စနစ်ဟာ တပ်ဆုတ်ရချိန်မှာ မစားရတဲ့ အမဲ သဲနဲ့ပက်သလို မြင်မြင်သမျှ သီးနှံ၊ ကျွဲနွား၊ အဆောက်အအုံ၊ လမ်းတံတားမှန်သမျှကို ဖျက်ဆီးတာဖြစ်ပြီး စစ်တပ်ကကျင့်သုံးတယ်လို့ ဗြိတိန်စွယ်စုံကျမ်းက ဖွင့်ဆိုပါတယ်။ အတိုက်အခံအင်အားစုက တိုက်နိုင်စွမ်းရည် ဘာတစ်ခုမှမကျန်တော့အောင် ဒါမှမဟုတ် တော်လှန်ခုခံတာကို အပြစ်ပေးဖို့နဲ့ ရန်သူ့စွမ်းရည်ကျဆင်းအောင် မြေလှန်စနစ် ကျင့်သုံးတယ်လို့ ပြောပါတယ်။

Scorched-earth policy မြေလှန်စနစ်ဆိုတဲ့ဝေါဟာရကို ၁၉၃၇ ခုနှစ်မှာ ထုတ်ဝေတဲ့ ဒုတိယအကြိမ်မြောက် တရုတ်-ဂျပန် စစ်ပွဲ အစီရင်ခံစာမှာ ပထမဆုံး သုံးတယ်လို့လည်း ဖော်ပြပါတယ်။

၁၉၃၇ ခုနှစ်ကနေ ၁၉၄၅ ခုနှစ်အထိ ဖြစ်ပွားတဲ့ အဲဒီစစ်ပွဲမှာ တရုတ်ဝေါဟာရ jiaotu ကို ဘာသာပြန်တယ်လို့ဆိုပါတယ်။ အဲဒီစစ်ပွဲဟာ အတော့်ကို ဆိုးဝါးရက်စက်တယ်လို့ သမိုင်းတွင်ပါတယ်။

“ဂျပန်က တရုတ်ကို ကျူးကျော်စစ်ဆင်နွှဲတာက အတော့်ကို ရက်စက်ကြမ်းကြုတ်ပါတယ်။ ကမ္ဘာကတောင် ချောက်ချားရတဲ့ ကိစ္စပါ။ ဒါပေမဲ့ အဲဒါက ပြည်ပကနေ ကျူးကျော်ခံရတာ။ ဒီနေ့ ဗမာပြည်မှာက အဲဒီသမိုင်းမှတ်တမ်းထဲက အခြေအနေထက် ပိုဆိုးပါတယ်။ သမိုင်းတစ်လျှောက်အဆိုးဝါးဆုံးလို့ ပြောရမှာပါ”

၁၉၃၉ ခုနှစ်က ၁၉၄၅ ခုနှစ်အတွင်း ဖြစ်ပွားတဲ့ ဒုတိယကမ္ဘာစစ်မှာလည်း ဖက်ဆစ်တပ်တွေရော မဟာမိတ်တွေပါ မြေလှန်စနစ်သုံးခဲ့ဖူးပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org