ရုရှားက ပုန်ကန်မှုမျိုး မြန်မာနိုင်ငံမှာလည်း ကြုံတွေ့ရနိုင်
ရုရှားက လက်နက်ကိုင် ပုန်ကန်မှုမျိုး မြန်မာနိုင်ငံမှာလည်း ကြုံရနိုင်ပြီး၊ အာဏာသိမ်းစစ်ခေါင်းဆောင်ဘက်ကို သေနတ်ပြောင်းဝ ပြန်လှည့်လာတာမျိုး ဖြစ်လာနိုင်တယ်လို့ နိုင်ငံရေး၊ စစ်ရေး အကဲခတ်တွေက ပြောပါတယ်။
-
RFA Burmese
2023-06-26 -
-
-
ဒီရက်ပိုင်းအတွင်း ကမ္ဘာ့မီဒီယာတွေမှာ ထိပ်တန်းသတင်းဖြစ်ခဲ့တဲ့ ရုရှားသမ္မတ ဗလာဒီမီယာပူတင်ကို ရုရှား ကြေးစားတပ်ဖွဲ့က လက်နက်ကိုင် ပုန်ကန်တာမျိုး မြန်မာနိုင်ငံမှာလည်း ကြုံရနိုင်ပြီး၊ အာဏာသိမ်းစစ်ခေါင်း ဆောင်ဘက်ကို သေနတ်ပြောင်းဝ ပြန်လှည့်လာတာမျိုး မကြာခင် ဖြစ်လာနိုင်တယ်လို့ နိုင်ငံရေး၊ စစ်ရေး အကဲခတ်တွေက ပြောပါတယ်။
ရုရှားက ယူကရိန်းကို ကျူးကျော်ရာမှာ အဓိက ရှေ့တန်းစစ်မျက်နှာကနေ တိုက်ခိုက် ပေးခဲ့တဲ့ ဗာဂနာ (Wagner) ကြေးစားတပ်ဖွဲ့ခေါင်းဆောင် အီဗနီ ပရီဂိုရှင် (Yevgeny Prigozhin) က ပြီးခဲ့တဲ့ သောကြာညကစလို့ ရုရှားသမ္မတပူတင်ကို အာခံပြီး မော်စကို ကိုတိုက်ခိုက်ဖို့ ချီတက်လာတဲ့အတွက် မော်စကိုတစ်မြို့လုံး ထိတ်လန့် တုန်လှုပ်ပြီး လုံခြုံရေး တိုးမြှင့်ခဲ့ရပါတယ်။
ဘီလာရုစ်သမ္မတရဲ့ ကြားဝင်ညှိနှိုင်းမှုကြောင့် မော်စကိုမှာ သွေးချောင်းစီးမှုတွေမဖြစ်ဘဲ ပြဿနာ ယာယီ ပြေလည်သွားပေမယ့် ဒီဖြစ်ရပ်က ယူကရိန်းစစ်ပွဲကိုဖန်တီးခဲ့တဲ့ သမ္မတ ပူတင်ရဲ့ အာဏာစက်နဲ့ ထိန်းချုပ်နိုင်မှု အပေါ် အကြီးအကျယ် မေးခွန်းထုတ်စရာဖြစ်နေပြီး အရှက်ရစေခဲ့ပါတယ်။
"ရုရှားမှာဖြစ်သလိုမျိုး သေနတ်ပြောင်း ပြန်လှည့်တယ်ဆိုတဲ့ ကာလတစ်ခုကတော့ မကြာခင်လည်း ရောက်လာနိုင်တဲ့ အနေအထားလို့ သုံးသပ်ပါတယ်"
အာဏာသိမ်းသက်တမ်း နှစ်နှစ်ကျော်လာပြီး နိုင်ငံတစ်ဝန်း လက်နက်ကိုင်တော်လှန်မှု တွေကို ရင်ဆိုင်နေရတဲ့ မြန်မာစစ်ခေါင်းဆောင်အတွက်လည်း အလားတူပုန်ကန်မှုမျိုး ကြုံလာရနိုင်တယ်လို့ စစ်တပ် CDM အရာရှိ ဗိုလ်ကြီး ကောင်းသူဝင်းက ပြောပါတယ်။
“ပျူစောထီးလိုမျိုး၊ BGF လိုမျိုးပေါ့နော် ပြည်သူ့စစ်လိုမျိုးတွေကတော့ ပုန်ကန်ကောင်း ပုန်ကန်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကို သေတွင်းထဲကိုပေါ့နော် အရှေ့ ကနေ သွားခိုင်းပြီးတော့ သေခိုင်းနေတဲ့ ပုံစံမျိုးတွေ၊ အဲဒီလို အနေအထားမျိုးကို များများစားစားကြုံလာရတဲ့ အချိန်ကျရင်တော့ အဲဒီလိုမျိုးတွေကတော့ ပုန်ကန်ကောင်း ပုန်ကန်လာနိုင်ပါတယ်”
ဗဂနာ (Wagner) တပ်ဖွဲ့ခေါင်းဆောင် အီဗနီ ပရီဂိုရှင် Yevgeny Prigozhin ဟာ သမ္မတ ပူတင်နဲ့ အနှစ် ၃၀ ကျော် ရင်းနှီးတဲ့ မိတ်ဆွေတစ်ယောက်ဖြစ်ပေမယ့် ယူကရိန်းစစ်ပွဲ အချိန်ကြာလာတာနဲ့အမျှ စစ်သားအမြောက်အမြား သေဆုံးရမှု၊ ရှေ့တန်းစစ်မျက်နှာကို လက်နက်နဲ့ ရိက္ခာ အချိန်မီ မပို့နိုင်မှုတွေနဲ့ ပတ်သက်ပြီး ရုရှားသမ္မတ၊ ကာကွယ်ရေး ဝန်ကြီးနဲ့ ထိပ်တန်းစစ်ဗိုလ်ချုပ်တွေကို စီမံခန့်ခွဲမှု ညံ့ဖျင်းလွန်းတယ်ဆိုပြီး မကြာခဏ ဝေဖန်လေ့ ရှိပါတယ်။ အဲဒီ့နောက် သိပ်မကြာခင်မှာပဲ အခုလို လက်နက်ကိုင် ပုန်ကန်မှုမျိုး ဖြစ်ခဲ့တာပါ။
မြန်မာနိုင်ငံမှာလည်း နေရာအနှံ့က လက်နက်ကိုင်တော်လှန်မှုတွေကို ထိန်းချုပ်နိုင်ဖို့ မြန်မာစစ်တပ်က အကြီး အကျယ် ကြိုးစားနေရပြီး ကရင်နဲ့ ကရင်နီဘက်မှာ စစ်သားအများအပြား သေဆုံးတာ၊ တိုက်ပွဲအတွင်း အသက် ရှင်လျက် ဖမ်းဆီးခံရတာ၊ တပ်ရင်းအလိုက် လက်နက်ချတာမျိုးတွေကို မြင်နေရတယ်လို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ပြောပါတယ်။
မြန်မာစစ်ဗိုလ်ချုပ်တွေထံ သေနတ်ပြောင်းဝ ပြန်လှည့်တဲ့ဖြစ်ရပ်မျိုးတွေ မကြာခင်မှာ ကြုံလာရနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံးပြောခွင့်ရသူ ဦးနေဘုန်းလတ် က ပြောပါတယ်။
“ရုရှားမှာ ဖြစ်သလိုလည်း တစ်ချိန်ချိန်ကျရင် ဖြစ်မလာဘူးလို့ မပြောနိုင်ဘူးပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအချိန်မှာ မင်းအောင်လှိုင် လုပ်နေတဲ့ အလုပ်တွေက ဘာမှ လည်း အောင်မြင်မှုမရှိဘူး။ သူတို့အတွင်းကြားထဲမှာကိုပဲ စစ်ဗိုလ်ချုပ် တချို့က အာဏာတည်မြဲရေးအတွက် အောက်ခြေစစ်သားတွေကို ထိုးကြွေးနေတယ်ဆိုတဲ့ အယူအဆတွေက ပိုပြီးတော့ ပြောနေဆိုနေကြတာတွေရှိလာပြီ။ အဲဒီအတွက်ကြောင့်မို့ လို့ ရုရှားမှာဖြစ်သလိုမျိုး သေနတ်ပြောင်း ပြန်လှည့်တယ်ဆိုတဲ့ ကာလတစ်ခုကတော့ မကြာခင်လည်း ရောက်လာနိုင်တဲ့ အနေအထားလို့ သုံးသပ်ပါတယ်”
ဗဂနာ (Wagner) ကြေးစားတပ်တွေ နယ်စပ်က မြို့နှစ်မြို့ကို သိမ်းပိုက်ချိန်နဲ့ မြို့တော် မော်စကို ကို ချီတက်လာ စဉ်မှာ ရုရှားစစ်တပ်က ပြန်မတိုက်တာ၊ မြို့ခံရုရှားပြည်သူတွေက သောင်းသောင်းဖြဖြ ကြိုဆိုတာကို ကြည့်ရင် သမ္မတပူတင်ရဲ့ လုပ်ရပ်တွေနဲ့ ယူကရိန်း ကျူးကျော်စစ်အပေါ် ရုရှားပြည်သူတွေကိုယ်တိုင် မယုံကြည်တော့တာ သိသာထင်ရှားစေ တယ်လို့လည်း နိုင်ငံရေး၊ စစ်ရေး အကဲခတ်တွေက ပြောပါတယ်။
ဒီကိစ္စတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ အမြင်သဘောထားသိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ကို RFA က ဒီနေ့ ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းလက်ခံမဖြေဆိုပါဘူး။
စစ်တပ်အရာရှိဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး ကတော့ ရုရှားနဲ့ မြန်မာက အခြေအနေချင်း မတူတာကြောင့် မြန်မာပြည်မှာ ဒီလိုလက်နက်ကိုင် ပုန်ကန်မှုမျိုး ဖြစ်မလာနိုင်ဘူးလို့ ပြောပါတယ်။
“မြန်မာ့တပ်မတော်နဲ့ ပတ်သက်ပြီး ချိတ်ဆက် စဉ်းစားလို့ရမလားဆိုတော့ မဆိုင်ဘူး ဆိုတဲ့ အနေအထားတွေ သွားတွေ့တယ်။ ကြေးစားတပ်ဖွဲ့လိုမျိုး မြန်မာနိုင်ငံမှာ မရှိတာ ရယ်၊ ခပ်ဆင်ဆင်အနေနဲ့ BGF သွားကြည့်မလား ဆိုတော့ BGF ရဲ့ ဖွဲ့စည်းပုံအနေနဲ့ ကတော့ သူတို့ကို လုပ်ပိုင်ခွင့်ပေးထားပေမယ့် တပ်မတော်ရဲ့ လုပ်ငန်းစဉ် ပရိုစီဂျာ အောက်မှာ သွားတယ်ဆိုတော့ အဲဒါကတော့ ထပ်တူမကျတဲ့ အတွက်ကြောင့်မို့ သွားပြီး တော့ ယှဉ်တွဲ သုံးသပ်လို့ လွယ်မှာမဟုတ်ဘူး”
ကယားပြည်နယ်မှာ ဇွန်လ ၁၃ ရက်နေ့ ကတည်းကဖြစ်နေတဲ့ မယ်စဲ့မြို့ ရက်ရှည်တိုက်ပွဲ မှာ စစ်ကောင်စီတပ် လက်အောက်ခံ နယ်ခြားစောင့်တပ် BGF အသွင်ပြောင်းထားတဲ့ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး (ကလလတ) တပ်ဖွဲ့က စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်နေတယ်လို့ ကရင်နီ တော်လှန်ရေး အင်အားစု တွေက ပြောပါတယ်။ ဒါပေမဲ့ အသေးစိတ်အချက်အလက်တွေကို အတိအကျ ထုတ်မပြော ပါဘူး။
အဲဒီရက်ရှည်တိုက်ပွဲမှာ မယ်စဲ့မြို့အခြေစိုက် ခမရ (၄၃၀) တပ်ရင်းက တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးတွေအပါအဝင် တပ်ရင်းတစ်ခုလုံး ဇွန်လ ၂၅ ရက်နေ့က လက်နက်ချခဲ့ တယ်လို့လည်း ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေကို ကိုးကားပြီး ပြည်တွင်းသတင်းမီဒီယာ တချို့က ရေးသားဖော်ပြပါတယ်။
ဒါနဲ့ပတ်သက်ပြီး RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ အာဏာရှင် စစ်ခေါင်းဆောင်တွေကို အောက်ခြေက ဆန့်ကျင်မှုတွေဟာ မြန်မာပြည်မှာ အခုကတည်းက စတင်နေပြီလို့ ပြောပါတယ်။
"အာဏာရှင်ခေါင်းဆောင်တွေကို သူတို့ဆင်နွှဲနေတဲ့ မတရားတဲ့ စစ်ပွဲတွေကို အကြောင်းပြုပြီး အောက်ခြေကနေ တုံ့ပြန်ဆန့်ကျင်မှုတွေ ပေါ်ပေါက်လာတာ ကောင်းတဲ့ လက္ခဏာပါ။ အဲဒီကောင်းတဲ့ လက္ခဏာတွေဟာလည်း မြန်မာပြည်မှာ အခု စနေပြီလို့ ကျွန်တော်ကတော့ ယူဆပါတယ်။ မယ်စဲ့နားမှာ တပ်ရင်းတစ်ရင်းလုံး လက်နက်ချ လိုက်တယ်၊ ဒါကြောင့်မို့ ကယားပြည်နယ်ဟာ လွတ်မြောက်တဲ့ ဒေသတစ်ခု ဖြစ်လာနိုင်တဲ့ စစ်ရေးအနေအထား အထိ ရောက်ရှိသွားပါတယ်"
စစ်အာဏာရှင်တွေကို အောက်ခြေတပ်တွေက ဆန့်ကျင်မှုတွေဟာ တဖြည်းဖြည်းနဲ့ တိုးလာနိုင်တယ်လို့လည်း ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။
မကွေးတိုင်း ပေါက်မြို့နယ်က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကတော့ လက်ရှိ မကွေးတိုင်းမှာ ဖြစ်ပျက်နေတဲ့ စစ်ကောင်စီတပ်ရဲ့ အခြေအနေကို ကြည့်ရင် တော်လှန်ရေးအင်အားစုတွေ အားကောင်းလာတာနဲ့အမျှ အာဏာသိမ်းစစ်ခေါင်းဆောင်ကို ပုန်ကန်မှုမျိုးက ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။
"ထိန်းချုပ်မှု အားမကောင်းနိုင်ဘူး၊ နောက်ကပြန်ပြီး ထောက်မပို့နိုင်ဘူး၊ ရှေ့တန်းမှာ သွားရတဲ့ ရဲဘော်တွေမှာ အခက်အခဲရှိတယ်။ တချို့ဆို စစ်ကြောင်း မထိုးချင်လောက် အောင် ဖြစ်သွားတယ်၊ စစ်ကြောင်း တွေ မရှိတာ များတယ်ဗျ။ အရင်လိုကြီး မထိုးနိုင် တော့တာ ရှိတယ်။ လေကြောင်းရှိတယ်။ ဒီလောက်ပဲရှိတာဆိုတော့ ကျွန်တော်ကတော့ နောက်ပိုင်းကဏ္ဍမှာ ကိုယ်ထိန်းချုပ်မှု အားကောင်းလာတာနဲ့အမျှ တစ်ဖက်မှာတော့ အဲဒီလိုပုန်ကန်မှုတွေ ဖြစ်လာနိုင်တယ်ဗျ"
ရုရှားသမ္မတ ပူတင်ကို လက်နက်ကိုင်ပုန်ကန်ဖို့ ကြိုးစားခဲ့တဲ့ ဗာဂနာ (Wagner) ကြေးစားတပ်ရဲ့ ခေါင်းဆောင် ကတော့ ဘီလာရုစ်သမ္မတရဲ့ ကြားဝင်စေ့စပ်မှုကြောင့် မော်စကို ကို ဦးတည်ချီတက်ခဲ့တဲ့ သူရဲ့ စစ်တပ်ကို နောက်ပြန်လှည့်ပြီး ဘီလာရုစ်နိုင်ငံထံ ခိုဝင်သွားပါတယ်။ ဒီကိစ္စ ဘာဆက်ဖြစ်မယ်ဆိုတာကို နိုင်ငံတကာ သတင်းမီဒီယာကြီး တွေက မျက်ခြည်မပြတ် စောင့်ကြည့်နေပါတယ်။
မြန်မာနိုင်ငံမှာတော့ လက်ရှိအချိန်ထိ အာဏာသိမ်းစစ်တပ်ကို စွန့်ခွာလာပြီး CDM လုပ်လာ တဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင် တစ်သောင်းလေးထောင်ခန့် ရှိလာပြီလို့ အမျိုးသားညီညွတ်ရေး အစိုးရ ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ် က ပြောပါတယ်။
အာဏာသိမ်းကာလအတွင်း မြန်မာနိုင်ငံက မြို့နယ်ပေါင်း ၃၃၀ အနက် ၂၅၅ မြို့နယ်မှာ လည်း လက်နက်ကိုင် ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ၂၀၂၃ ခုနှစ် မတ်လ ၃ ရက်နေ့ ကုလလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ နှစ်ပတ်လည် အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။