ဒုက္ခသည်နေရပ်ပြန်ရေး အကောင်အထည်ပေါ်တော့မှာလား
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေတဲ့ ရိုဟင်ဂျာ မွတ်စလင်ဒုက္ခသည်တွေကို မြန်မာအစိုးရက လာမယ့် နိုဝင်ဘာ ၁၅ ရက်နေ့မှာ စတင်လက်ခံမှာဖြစ်ကြောင်း ပြောကြားထားပါတယ်။ ဒါပေမဲ့ ဒုက္ခသည်တွေ တကယ်ပြန် လာမလားဆိုတာ အတိအကျမသိနိုင်သေးတဲ့ အခြေအနေဖြစ်နေပါတယ်။
-
2018-11-13 -
-
-
Your browser doesn’t support HTML5 audio
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေတဲ့ ရိုဟင်ဂျာ မွတ်စလင်ဒုက္ခသည်တွေကို မြန်မာအစိုးရက လာမယ့် နိုဝင်ဘာ ၁၅ ရက်နေ့မှာ စတင်လက်ခံမှာဖြစ်ကြောင်း ပြောကြားထားပါတယ်။ ဒါပေမဲ့ ဒုက္ခသည်တွေ တကယ်ပြန်လာမလား ဆိုတာ အတိအကျမသိနိုင်သေးတဲ့ အခြေအနေဖြစ်နေပါတယ်။
RFA သတင်းထောက် ကိုထက်အာကာ က တင်ပြထားပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဒုက္ခသည်နေရပ်ပြန်ရေး အကောင်အထည်ပေါ်တော့မှာလား
(ထက်အာကာ)
■ လာမယ့် နိုဝင်ဘာ ၁၅ ရက်နေ့မှာ နေရပ်စွန့်ခွာထွက်ပြေးသွားတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေဟာ ပြန်လာဖို့ ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာ နှစ်ဖက်သဘောတူညီမှု ရယူထားပေမဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက စိုးရိမ်ပူပန်မှုတွေရှိနေကြပါတယ်။
မနေ့က မြန်မာအစိုးရက ပြုလုပ်တဲ့ ဒုက္ခသည်ပြန်လည်လက်ခံရေး သတင်းစာရှင်းလင်းပွဲမှာ လူမှုဝန်ထမ်းပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ကတော့ မြန်မာနိုင်ငံဘက်ကတော့ အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး ပြန်လာမလာက ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ် မူတည်ကြောင်းပြောပါတယ်။
"၁၅ ရက်နေ့မှာ လာမယ် မလာမယ်က တဘက်နိုင်ငံရဲ့ တုံ့ပြန်မှုပေါ်မှာ မူတည်တယ်။ ကျနော်တို့ဘက်ကတော့ အဆင်သင့်ဖြစ်နေပြီ"
လာမယ့် ၁၅ရက်နေ့မှာ တစ်ရက်ကို အယောက် ၁၅၀ နှုန်းနဲ့ အယောက် ၂၂၅၁ ယောက်က အရင်ဆုံးပြန်လာမယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ မြန်မာအစိုးရတို့ သဘောတူညီချက် ရရှိထားတယ်လို့ သိရပါတယ်။
RFA က ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဘာလူဟာလီ ဒုက္ခသည်စခန်း အမှတ်၂ က ခေါင်းဆောင်တစ်ဦးဖြစ်သူ မိုဟာမတ်ဂျူဟာရ်ဆိုသူ နဲ့ အဆက်အသွယ် ရရှိခဲ့ပါတယ်။
သူပြောပြတာကတော့ ဘင်္ဂလားဒေရှ်အစိုးရက ပြန်ဖို့ဆန္ဒရှိသူတွေ ပြန်နိုင်ကြောင်း ဒုက္ခသည်တွေကို အကြောင်းကြားထားကြောင်း ပြောပါတယ်။
"ဘင်္ဂလားဒေ့ရှ်အစိုးရက ကျနော်တို့ ဒီမှာပြောတယ်။ မိမိဆန္ဒအလျောက် ပြန်ချင်ရင် ပြန်လို့ရတယ်။ မပြန်ချင်ရင် အတင်းမခေါ်ဘူးလို့ ပြောတယ်"
ဒါပေမဲ့ သူတို့စခန်းမှာတော့ ပြန်ဖို့ ဆန္ဒရှိတဲ့သူတွေမရှိကြောင်းနဲ့ အခြား ဒုက္ခသည်စခန်းတွေမှာတော့ ပြန်ဖို့ရှိတယ်ဆိုတဲ့ သတင်းတွေကြားမိကြောင်း ဆက်ပြောပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ကလည်း ရိုဟင်ဂျာ ဒုက္ခသည်တွေ ဆန္ဒအလျောက် ဂုဏ်သိက္ခာရှိရှိနဲ့ လုံခြုံစိတ်ချစွာ ပြန်လာနိုင်ရေးကို အားပေးထောက်ခံကြောင်း မနေ့ကညက ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကနေလည်း မြန်မာနိုင်ငံဘက်ကို ကိုယ်တိုင်သွားရောက်ကြည့်ရှုသင့်ကြောင်းနဲ့ အဲဒီလို လာရောက်ကြည့်ရှုရင်လည်း မြန်မာအစိုးရဘက်က အစွဲကင်းကင်းနဲ့ ခွင့်ပြုပေးသင့်ကြောင်း ထုတ်ပြန်စာထဲမှာ ပါရှိပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း အခြေအနေဟာ ဆန္ဒအလျောက် ရိုဟင်ဂျာ ဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိရ ပြန်လာနိုင်တဲ့ အခြေအနေရောက်နေပြီဆိုတာကို UNHCR အနေနဲ့ မယုံကြည်ကြောင်း ထုတ်ပြန်စာမှာ ဖော်ပြထားပါတယ်။
UNHCR နဲ့ UNDP ဟာ ဒုက္ခသည်ပြန်လည်လက်ခံရေးမှာ ပါဝင်ဆောင်ရွက်ဖို့ကို မြန်မာအစိုးရနဲ့ နာလည်မှုစာချွန်လွှာ MOU ရေးထိုးထားပြီးဖြစ်ပါတယ်။
ဒါပေမဲ့ အခု ဒုက္ခသည်ပြန်လည်လက်ခံရေးမှာ UNHCR ပါဝင်ခွင့်ရဖို့ကို အစိုးရက တိတိကျကျ ပြောကြားခြင်းမရှိသေးဘူး။
မနေ့က သတင်းစာရှင်းလင်းပွဲမှာ တချိန်ချိန်မှာ ပါဝင်လာမှာပါလို့ ဒေါက်တာ ဝင်းမြတ်အေး က ပြောပါတယ်။
"သူတို့ပါဝင်လာဖို့ အချိန်တစ်ချိန်ချိန်မှာ ပါဝင်လာမယ်လို့ ကျနော်တို့စာချူပ်မှာ လက်မှတ်ထိုးပြီးသားပါ။ သူတို့ပါဝင်လာမှာပါ"
လူသားချင်းစာနာမှု အကူအညီပေးရေးနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းပေါင်း ၄၂ ဖွဲ့ ကလည်း ရိုဟင်ဂျာတွေပြန်ဖို့အတွက် အန္တရာယ်များပြီး စောလွန်းသေးတယ်ဆိုပြီး ပြောဆိုထားပါတယ်။
ဒုက္ခသည်တွေပြန်လာရင် NVC ကတ်ကို အရင်ထုတ်ပေးပြီးမှ နိုင်ငံသားလျောက်ခွင့်ကိုပေးမှာဖြစ်တဲ့အကြောင်း မနေ့က သတင်းစာရှင်းလင်းပွဲမှာ အစိုးရက ပြောထားပါတယ်။
ရိုဟင်ဂျာတွေဘက်ကတော့ NVC ကတ်ကို လက်မခံနိုင်ကြောင်း မိုဟာမတ်ဂျူဟာရ်က RFA ကိုပြောပါတယ်။
"ကျနော်တို့ ရိုဟင်ဂျာတွေက NVC ကို လက်မခံပါဘူး။ NVC ကတ်ပဲ ပေးနေမယ်ဆိုရင် ကျနော်တို့ ဘယ်တော့မှပြန်လာမှာမဟုတ်ဘူး"
မြန်မာအစိုးရဘက်ကတော့ ဒုက္ခသည်တွေပြန်လာပါက ကြားစခန်းဖြစ်တဲ့ လှဖိုးခေါင်စခန်းမှာ ထားရှိပြီး ရိုဟင်ဂျာတွေ မူလနေခဲ့တဲ့နေရာမှာ ပြန်လည်ထားရှိဖို့ ၄၁ နေရာ စီစဉ်ထားတယ်လို့ ပြောပါတယ်။
ဒါ့အပြင် NVC ကိုင်ဆောင်ထားတဲ့ ရိုဟင်ဂျာတွေကို မောင်းတောဒေသတစ်ဝိုက်မှာ လွတ်လပ်စွာသွားခွင့်ပြုမယ်လို့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ထပ်မံပြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောဆိုလိုက်ပါတယ်။
လွတ်လပ်စွာသွားလာခွင့်ပေးမယ်ဆိုတဲ့ အခြေအနေကို မယုံကြည်သူတွေလည်း ရှိနေပါတယ်။
လက်ရှိ ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်က ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေဟာ လွတ်လပ်စွာ သွားလာခွင့်မရှိတာ RFA က အဲဒီဒုက္ခသည်စခန်းကို ရောက်ရှိချိန်မှာ နေထိုင်သူတွေရဲ့ ပြောပြချက်တွေအရ သိခဲ့ရပါတယ်။
အဲဒီ ဒုက္ခသည်စခန်းတွေထဲက စစ်တွေမြို့ ဒါပိုင်စခန်းက ဒုက္ခသည်တစ်ဦးက သူတို့ကို စစ်တွေမြို့မှာ လွတ်လပ်စွာသွားလာခွင့်ပေးမယ်လို့ အစိုးရက အကြိမ်ကြိမ်ပြောဆိုခဲ့ပေမဲ့ အခုချိန်ထိ သွားလာခွင့်မရတဲ့အတွက် တဘက်နိုင်ငံက ပြန်လာမယ့်သူတွေကို လွပ်လပ်စွာ သွားလာခွင့်ပေးမယ်ဆိုတာကို မယုံကြည်ကြောင်းပြောပါတယ်။
"စစ်တွေမြို့က ကျနော်တို့ကို လွတ်လပ်စွာ သွားလာခွင့်ပေးမယ်။ နေရာတွေပြန်ပေးမယ်လို့ပြောတာ အခုထိမရသေးဘူး။ တဘက်က ပြန်လာမယ့်သူတွေကို လွတ်လပ်စွာ သွားလာခွင့်ပေးမယ်နေရာတွေ ပြန်ပေးမယ်လို့ပြောတဲ့ ဒေါက်တာ ဝင်းမြတ်အေးကို ကျနော့်အနေနဲ့ လုံးဝမယုံဘူး"
လက်ရှိအခြေနေမှာတော့ ရခိုင်ပြည်နယ်မှာ နှစ်ဖက်လူ့အဖွဲ့စည်းတွေဟာ ယုံကြည်မှုတည်ဆောက်လို့ မရကြသေးပါဘူး။
တဖက်ပြန်လာမယ့်သူတွေကလည်း သူတို့ကို လုံခြုံရေးပေးဖို့ တောင်ဆိုထားကြတာတွေ ရှိပါတယ်။
မြန်မာအစိုးရဘက်ကတော့ ပြန်ရောက်လာတဲ့သူတွေအတွက် လုံခြုံရေးကိုလည်း အကောင်းဆုံးဆောင်ရွက်ထားတယ်လို့ ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။
"အဲဒီဒေသမှာ အရေကြီးဆုံးက လုံခြုံရေးပါ။ ကျနော်တို့ လုံခြုံရေးအတွက် အကောင်းဆုံးပြုလုပ်ထားပါတယ်"
ပြီးခဲ့တဲ့ ဇန်နဝါရီလထဲက မြန်မာအစိုးရက ပြန်လာတဲ့သူတွေအတွက် အဆင်သင့်ဖြစ်နေပြီလို့ပြောပေမယ့် ဘယ်သူမှပြန်မလာကြပါဘူး။
ရခိုင်လွတ်မြောက်ရေးပါတီ ALP ကတော့ မြန်မာအစိုးရအနေနဲ့ ပြန်လည်လက်ခံရေးကို ပွင့်လင်းမြင်သာစွာလုပ်ဆောင်ဖို့နဲ့ လက်ခံရာမှာ ရခိုင်ပြည်နယ်တစ်ခုထဲမှာ မထားရှိဖို့ကိုလည်း ထုတ်ပြန်စာ ထုတ်ပြန်ထားပါတယ်။
ပွင့်လင်းမြင်သာမှုဆိုတဲ့အပိုင်းမှာတော့ လက်ရှိအခိျန်ထိ ပြည်တွင်းပြည်ပမီဒီယာတွေဟာ ရခိုင်ပြည်နယ် မောင်တောတဝိုက်ကို လွတ်လပ်စွာ သတင်းရယူခွင့်မရသေးသလို ပြည်ထောင်စုအစိုးရရဲ့ ခွင့်ပြုချက်ရရှိမှသာ သတင်းရယူခွင့်ရမယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် လစဉ် သတင်းရယူမှု အချိန်ကန့်သန့်မှုတွေရှိနေတဲ့ အစိုးရက အစီအစဉ်နဲ့သာ သတင်းရယူနေရပါတယ်။
လာမယ် ၁၅ ရက်နေ့အတွက် သတင်းရယူဖို့ကိုတော့ သမ္မတရုံးနဲ့ နိုင်ငံတော် အတိုင်ပင်ခံရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကတော့ တဘက်က ပြန်လာဖို့သေချာပြီဆိုမှ ပြန်ကြားရေးဝန်ကြီးဌာနကတဆင့် သတင်းရယူဖို့ ဆောင်ရွက်ပေးမယ်လို့ RFA ကို ပြောပါတယ်။
"တဘက်က ပြန်လာဖို့သေချာပြီဆိုရင် ပြန်ကြားရေးဝန်ကြီးဌာနကတဆင့် သတင်းရယူခွင့်ကို စီစဉ်ပေးပါ့မယ်"
တချိန်ထဲမှာ ဒီကနေ့ စင်ကာပူမှာ စတင်ပြုလုပ်နေတဲ့ အာဆီယံထိပ်သီးအစည်းဝေးမှာ ရိုဟင်ဂျာအရေးကို ဆွေးနွေးဖို့ရှိတယ်ဆိုတဲ့ သတင်းတွေနဲ့ ဘင်္ဂလားဒေရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာနဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ သီးသန့်တွေ့ဆုံပြီး ဒုက္ခသည်အရေးဆွေးနွေဖို့ရှိတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်ခင်ဗျာ။