မြန်မာတပ်ဖွဲ့ ရက်စက်မှုကြောင့် မစွမ်းမသန်ဖြစ်ရသူတွေ ကူညီဖို့ PHR တောင်းဆို
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာ အမြောက်အများဟာ မြန်မာလုံခြုံရေး တပ်ဖွဲ့တွေရဲ့ ပစ်ခတ်နှိပ်စက်မှုတွေကြောင့် မစွမ်းမသန်ဖြစ်နေပြီး သူတို့ဘဝတွေ ပြန်လည်ထူထောင်ဖို့ ရေရှည်အကူအညီတွေ လိုအပ်နေတယ်လို့ နယူးယောက်အခြေစိုက် Physician for Human Rights (PHR) ခေါ် လူ့အခွင့်အရေးဆိုင်ရာ ကျန်းမာရေး ပညာရှင်များအဖွဲ့က ပြောကြားလိုက်ပါတယ်။
-
2019-06-27 -
-
-
Your browser doesn’t support HTML5 audio
PHR အဖွဲ့ရဲ့ ညွန်ကြားရေးမှူးတစ်ဦးဖြစ်တဲ့ Phelim Kine ဖီလင်းကိုင်းက “ဘယ်ရိုဟင်ဂျာဒုက္ခသည်တွေက အလျှင်အမြန် ကုသပေးဖို့လိုသလဲ၊ နာတာရှည် မသန်မစွမ်းဖြစ်နေသူတွေအတွက် ပြန်လည်ထူထောင်ရေးနဲ့ အသက်မွေးဝမ်းကျောင်းပညာတွေ ဘယ်လိုဆောင်ရွက်ပေးဖို့လိုသလဲဆိုတာ လေ့လာစမ်းစစ်ဖို့လိုတယ်” လို့ RFA ကို ပြောပါတယ်။
PHR အဖွဲ့ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက နိုင်ငံတကာအဖွဲ့အစည်းတွေဟာ သူတို့ကိုယ်တိုင် လက်တွေ့မြင်ရတဲ့ သက်သေအထောက် အထားတွေထက် သူများပြန်ပြောတဲ့ အချက်အလက်တွေကို အခြေခံပြီး ရခိုင်ပြည်နယ်အရေးကို အသုံးချနေကြ တယ်လို့ ပြောပါတယ်။
အဲဒီ PHR အဖွဲ့ရဲ့ ဇွန်လ ၂၅ ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာချက်မှာ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူတွေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးတင် စစ်ဆေးနိုင်ရေးအတွက် ဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။ ဒါ့အပြင် မြန်မာအစိုးရကို အချက် သုံးချက်တောင်းဆိုထားပါတယ်။
“နံပါတ်တစ် လူမျိုးဘာသာခွဲခြားဆက်ဆံမှုကို ရပ်စဲပါ။ နံပါတ်နှစ် အချက်အနေနဲ့ ၂ဝ၁၇ သြဂုတ်လမှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်ပြီး လူသားဖြစ်မှုဆန့်ကျင်တဲ့ ပြစ်မှုတွေကို စုံစမ်းအပြစ်ပေးဖို့အတွက် လွတ်လပ်တဲ့ စုံစမ်းရေးအဖွဲ့တစ်ခု ဖွဲ့စည်းပါ။ တတိယ အချက်အဖြစ် နိုင်ငံတကာ စုံစမ်းရေးအဖွဲ့တွေကို ရခိုင်ပြည်နယ်သွားရောက် စစ်ဆေးခွင့်ပြုဖို့ တောင်းဆိုတယ်” လို့ ဖီလင်းကိုင်းက ပြောပါတယ်။
မြန်မာအစိုးရ နောက်ဆုံးဖွဲ့ထားတဲ့ ရိုစာရီယို မနယ်လို ဦးဆောင်တဲ့ လွတ်လပ်စွာ စုံစမ်းရေးကော်မရှင်အပေါ် သဘောထား မေးမြန်းရာမှာတော့ “ဒီပြဿနာနဲ့ပတ်သက်ပြီး အခုအချိန်ထိ မြန်မာအစိုးရရဲ့ ဆောင်ရွက်မှုအားလုံး ဟာ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘူး။ ပြစ်မှုတွေ အကြီးအကျယ်ကျူးလွန်ခဲ့ကြောင်း သက်သေအထောက်အထား တပုံတပင်ရှိတဲ့ မြန်မာစစ်တပ်ကို အပြစ်မရှိဘူးလို့ပဲ ပြောနေတယ်၊ အခုအချိန်ထိ ဖွဲ့စည်းသမျှ အဖွဲ့အားလုံးဟာ အဓိပ္ပာယ်ရှိတဲ့ ရလဒ် မထွက်ပါဘူး” လို့ သူက ပြောပါတယ်။
သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းကတော့ တကယ်လို့ မြန်မာပြည်ကို ပြန်လာသူတွေထဲမှာ မစွမ်းမသန် ဖြစ်နေ သူတွေပါဝင်လာမယ်ဆိုရင် သက်ဆိုင်ရာ ဝန်ကြီးဌာနက လိုအပ်သလို ကယ်ဆယ်စောင့်ရှောက် ပေးမှာဖြစ်တယ်လို့ RFA ကို မနေ့က ပြောကြားပါတယ်။ တဆက်တည်းမှာပဲ မြန်မာအစိုးရက ဖွဲ့စည်းပေးခဲ့တဲ့ လွတ်လပ်စွာ စုံစမ်းရေးကော်မရှင်ကို ဘင်္ဂလားဒေ့ရှ်အစိုးရက အခုအချိန်ထိ ဒုက္ခသည်စခန်းတွေကို သွားရောက်ခွင့် မပြုသေးဘူး လို့လည်း ဦးဟောက်ဒိုဆွမ်းက ပြောပါတယ်။
(RFA ဝိုင်းတော်သား ဦးခင်မောင်စိုး စုစည်းတင်ပြသည်)