မောင်တောတိုက်ပွဲကြောင့် ရိုဟင်ဂျာထောင်ချီ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေး

မောင်တောမြို့နယ်က နောက်ထပ် စစ်ကောင်စီ နယ်ခြားစောင့်တပ်စခန်းကို AA က ဇူလိုင်လ ၁၁ ရက်နေ့က သိမ်းပိုက်လိုက်ပြီး တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ မွတ်စလင်များအား ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များမှ ဘေးလွတ်ရာသို့ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့က ကူညီပို့ဆောင်ပေးခဲ့စဉ်။ Facebook/ Arakan Princess Media

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့နယ်က စစ်ကောင်စီရဲ့ မကျည်းချောင်း နယ်ခြားစောင့်တပ်စခန်းကို ဇူလိုင်လ ၁၁ ရက်နေ့က သိမ်းပိုက်လိုက်ပြီး မောင်တောတစ်မြို့လုံးကို ဆက်လက်သိမ်းပိုက်နိုင်ဖို့အတွက် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ရက္ခိုင့်တပ်တော် (AA) က ဇူလိုင်လ ၁၁ ရက်နေ့က ထုတ်ပြန်ကြေညာပါတယ်။

မောင်တောမြို့နယ်မှာ စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန် အမှတ် (၅) နယ်ခြားစောင့်တပ်ကိုလည်း တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

ဒီတိုက်ပွဲတွေကြောင့် ရိုဟင်ဂျာတွေ သေဆုံးထိခိုက်ရတာတွေ ရှိနေသလို တစ်ဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုလည်း နေ့စဉ် ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မောင်တောမြို့ကို သိမ်းပိုက်ဖို့အတွက် မြို့ခံတွေ အမြန်ဆုံးရှောင်ရှားကြဖို့ ရက္ခိုင့်တပ်တော် (AA) က ဇွန်လ ၁၆ ရက်နေ့က သတိပေးချက် ထုတ်ပြန်ပြီးနောက် ဒီနေ့အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို နေ့စဉ်ထွက်ပြေးတဲ့ ရိုဟင်ဂျာ ငါးထောင်ခန့် ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြို့အနီးဝန်းကျင်က ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်ဘက်ကို အဓိက ထွက်ပြေးခိုလှုံကြတာလို့ အာယုလို့ အမည်လွှဲထားတဲ့ မောင်တောမြို့ခံ ရိုဟင်ဂျာတစ်ဦးက RFA ကို ပြောပါတယ်။

“နေ့စဥ်နေပြီးတော့ အနည်းဆုံးမသွားဘူးဆိုရင် လူ တစ်ရာ၊ ကိုးဆယ်၊ ရှစ်ဆယ် အဲဒီလောက်ထိ နေပြီးတော့ သွားပါတယ်။ ဘုတ်နဲ့ မောင်နီရွာကရော မှန်စီရွာကရော ရွာအသီးသီးကနေပြီးတော့ စက်လှေနဲ့ ထွက်သွားတယ်။ ဟိုဘက်က ဘင်္ဂလာကလူတွေကနေပြီးတော့ တစ်ပိုင်းလာတယ်။ ဒီဘက်ကမြန်မာက နေပြီးတော့ စက်လှေတွေနဲ့ တစ်ဝက်သွားတယ်။ အဲဒီပင်လယ်တစ်ဝက်ကိုသွားပြီးတော့ ဒီဘက်ဘုတ်ကနေပြီးတော့ ဟိုဘက်ဘုတ်ကို တင်ပေးတယ်။ ၁၆ ရက်နေ့က နေပြီးတော့ ရက္ခိုင့်တပ်တော်က မောင်တောမြို့ပေါ်ကလူတွေကို ထွက်သွားခိုင်းတဲ့ အချိန်ကနေစပြီးတော့ဆိုရင် အနည်းဆုံး ငါးထောင်လောက်ရှိမှာပါ။ ဒါပေမဲ့ ဒီထက်များရင်များမယ်"

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ပဒင်းကျေးရွာအုပ်စုမှ မွတ်စလင် ကလေးငယ်များအား ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးကြရာမှာ အချို့ကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြန်လည်မောင်းထုတ်တာတွေရှိတယ်လို့လည်း သူကပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက်နေ့ညက ရွှေဇားကျေးရွာအုပ်စုက မိသားစုဝင် ၁၂ ဦးပါတဲ့ အိမ်ထောင်စုနှစ်စုဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို စက်လှေနဲ့ ထွက်ပြေးခဲ့ကြပြီးနောက် အဲဒီနေ့ညမှာပဲ မြန်မာဘက်ကို ပြန်လည် ပို့ဆောင်ခံခဲ့ရတာလို့ဆိုပါတယ်။ ပြန်ပို့ခံရသူတွေအထဲမှာ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်တွေ ပါဝင်ပြီး လူတစ်ဦးကို မြန်မာငွေ သိန်းနှစ်ဆယ်နဲ့ ညီမျှတဲ့ တာကာငွေ ခြောက်သောင်းစီတောင်းတာကို မပေးနိုင်တဲ့အတွက် ပြန်လည်မောင်းထုတ်ခံရတာလို့လည်း ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံရုံးကို RFA က ဒီနေ့ အီးမေးလ်ကနေတစ်ဆင့် ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အကြောင်းမပြန်သေးပါဘူး။

"ကျွန်တော်တို့ မြို့ထဲမှာ အဆင်မပြေလည်း ဖြစ်သလိုပဲ နေရတာပါ။ တခြားနေရာကို ထွက်ပြေးဖို့လမ်းလည်း မရှိဘူး။ စစ်တပ်က သွားခွင့်မပြုဘူး"

ဇူလိုင်လ ၁၀ ရက်နေ့ညက ရွှေဇားကျေးရွာအုပ်စုထဲမှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားရာကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေ ထိမှန်လို့ ရိုဟင်ဂျာနှစ်ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆရာဝန်တွေမရှိတာကြောင့် ဒဏ်ရာရသူတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ ကုသနေရတယ်လို့ ဇူဘိုင်လို့ အမည်လွှဲထားတဲ့ မောင်တောမြို့ခံ ရိုဟင်ဂျာတစ်ဦးက ပြောပါတယ်။

"ဆေးကုသမှုကတော့ ဒီမှာကတော့ ဆရာဝန်က မရှိဘူး။ ဒီမှာဆေးကုသခွင့်ရတာလည်း မရှိဘူး။ သူတို့အဲလိုပဲ နေရတယ်။ လမ်းကြောင်းရရင်တော့ ဟိုဘက် ဘင်္ဂလာဘက်ကိုပဲ သွားတာတော့ ရှိပါတယ်။ တခြား အရင်ဒဏ်ရာရတဲ့လူတွေက သွားတာရှိပါတယ်။ ကျွန်တော်တို့ မြို့ထဲမှာ အဆင်မပြေလည်း ဖြစ်သလိုပဲ နေရတာပါ။ တခြားနေရာကို ထွက်ပြေးဖို့လမ်းလည်း မရှိဘူး။ စစ်တပ်က သွားခွင့်မပြုဘူး"

တိုက်ပွဲတွေကြောင့် မောင်တောမြို့တွင်းထဲမှာ ပိတ်မိနေသူတွေဟာ စားနပ်ရိက္ခာ အခက်အခဲနဲ့ ရင်ဆိုင်နေကြရတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

မောင်တောမြို့က အခြေအနေတွေနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org