ဘာသာရေးပြသနာတွေ အမြန်ဖြေရှင်းဖို့ လိုနေ


2016.07.06

မြန်မာနိုင်ငံမှာ စိုးရိမ်စရာဖြစ်နေရတဲ့ ဘာသာရေးပဋိပက္ခတွေကို တရားဥပဒေအရကိုင်တွယ်ဖြေရှင်း သင့်ပြီလို့ ထောက်ပြကြတာနဲ့ ပတ်သက်ပြီး ပြည်တွင်း/ပြည်ပ အဖွဲ့အစည်း ၁၉ ဖွဲ့ရဲ့သဘောထား၊ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးရဲ့ ကြိုးပမ်းချက်၊ မြန်မာနိုင်ငံ အစ္စလာမ် သာသနာ့ကောင်စီ တွဲဘက်အတွင်းရေးမှူး ဦးဝဏ္ဏရွှေရဲ့အမြင်နဲ့ လူ့အခွင့်အရေးရှေ့နေ ဦးရောဘတ်စန်းအောင်တို့ရဲ့ သုံးသပ်ချက်တွေကို ဝိုင်းတော်သား ကိုနေရိန်ကျော် စုစည်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ဘာသာရေးပဋိပက္ခအသွင်ဆောင်တဲ့ လုပ်ရပ်တွေမချုပ်ငြိမ်းနိုင်သေးတဲ့အပြင် နောက်နောင်မှာလဲ ဖြစ်လာနိုင်စရာတွေရှိနေသေးတယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေ၊ ဥပဒေပညာရှင်တွေ၊ ဘာသာရေးအဖွဲ့ခေါင်းဆောင်တွေက စိုးရိမ်ပြီး၊ ဒီကိစ္စကို အစိုးရအနေနဲ့ မြန်မြန်ဆန်ဆန်ကိုင်တွင်ဖြေရှင်းပေးစေလိုနေကြပါတယ်။

ပြီးခဲ့တဲ့ သတင်းပတ်တွေကဆိုရင် ပဲခူးတိုင်း ဝေါမြို့နယ် သရဲသမိန်ရွာနဲ့ ဖားကန့်မြို့နယ် လုံးခင်းရွာက ခွင့်ပြုချက်လျှောက်ထားဆဲ အစ္စလာမ်ဝတ်ပြုဆောင်တွေကို လူအုပ်နဲ့ဝိုင်းဝန်း ဖျက်ဆီးခံရတဲ့ဖြစ်ရပ်တွေပေါ်ပေါက်ခဲ့တာတွေ့ရပါတယ်။ ဒါကြောင့် အဲဒီလို ဘာသာရေးအဆောက် အဦးတွေကို ဥပဒေမဲ့ လူအုပ်နဲ့ဖျက်ဆီးနေတဲ့လုပ်ရပ် တွေကို ဖေါ်ထုတ်အရေး အယူပေးဖို့နဲ့ နောက်နောင်ဒီဖြစ်ရပ်တွေမပေါ်ပေါက်အောင် အစိုးရအနေနဲ့ တိတိကျကျ ကိုင်တွယ် ဖြေရှင်းပေးဖို့ အစိုးရမဟုတ်တဲ့ ပြည်တွင်း/ပြည်ပ အဖွဲ့အစည်း ၁၉ ဖွဲ့က ဒီနေ့ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

ဒီတိုက်တွန်းချက်နဲ့ပတ်သက်လို့ ကြေညာချက်ထုတ်ပြန်ရာမှာ ပါဝင်တဲ့မန္တလေးမြို့အခြေစိုက် စင်ရော်အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ကိုဟယ်ရီမျိုးလင်းက

" ပြဿနာတွေကတောက်လျှောက်လဲဖြစ်လာဖို့ရှိတယ်နော်။ တခြားမြို့တွေဆိုရင်လည်း ဒီဝတ်ပြု ဆောင်တည်ဆောက်ထားတာတွေနဲ့ပတ်သက်လို့ တရားဝင်တယ် မဝင်ဘူး အငြင်းပွါး နေတာတွေ ရှိတယ်။ ဒီဟာက ပြီးခဲ့တဲ့ အစိုးရလက်ထက်တလျှောက်လုံးမှာ တရားဥပဒေစိုးမိုးမှုမရှိခဲ့ဘူး။ နောက် ဒီလိုမျိုးဘာသာရေးအဆောက်အဦတည်ဆောက်မှုနဲ့ ပတ်သက်လို့ ဥပဒေတွေလဲမရှိခဲ့ဘူး။ ကျင့်သုံးမှု အပိုင်းမှာလည်း မရှိတဲ့အတွက် ဘာသာဝင်တွေဟာ အောက်ခြေအဆင့်နဲ့ပဲညှိပြီးလုပ်ခဲ့ရ တာတွေရှိ တယ်ပေါ့။ အဲတော့ ဒီဟာတွေဟာ ဥပဒေမရှိပဲလုပ်တာဖြစ်တဲ့အတွက် တရားဝင်ဖြစ်လာအောင် ဘယ်လိုလုပ်မလဲ၊ တရားမဝင်ဘူးဆိုပြီးဖျက်ခဲ့မယ်ဆိုလဲ ဒါလည်း တရားဥပဒေစိုးမိုးမှုနှောက်ယှက်တာ ဖြစ်တဲ့အတွက် အရေးယူဖို့လည်း လိုအပ်မယ်ဆိုတာပြောတာပါ။" လို့ထောက်ပြပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးက သူတို့ဆောင်ရွက်ခဲ့တာနဲ့ပတ်သက်လို့ အခုလိုပြောပြပါတယ်။

" ဒီကိစ္စက လေးလပိုင်းသြင်္ကန်ပြီးတော့ဖြစ်တာဗျ၊ ဖြစ်တော့ အဲဒါကိုကျနော်ကြိုတင်သတင်းရတယ်၊ သတင်းရတော့ အဲဒီဦးဆောင်ဆရာတော်ကို ကျနော်ကိုယ်တိုင်သွားပြီးလျှောက်ထားတာပေါ့လေ။ ဆရာတော် ဒီဥစ္စာကမဖြစ်သင့်ပါဘူး၊ ဆူဆူပူပူဖြစ်မယ်ဆိုလည်းမသင့်တော်ပါဘူးဆိုပြီး လျှောက်ပြီး တော့မှ၊ တပည့်တော် အုပ်ချုပ်ရေးမှူးကိုအကြောင်းကြားပေးပါ့မယ်၊ သူတို့ကနေ တာဝန်ယူဆောင် ရွက်ပေးဖို့လုပ်ပေးပါ့မယ်ဆိုပြီး မြို့နယ်အုပ်ချုပ်ရေးကို ကျနော်အကြောင်းကြား ပေးတယ်၊ အဲဒီနေ့ မှာက လုံးခင်းမှာသံဃာတွေစုရုံးကြမယ့်ပွဲ တစ်ပွဲရှိတယ်ဗျ။ အဲဒါပင့်ထားတာတွေရှိတယ်။ အဲဒီနေ့မှာ သက်ဆိုင်ရာတာဝန်ရှိတဲ့ ရပ်ကျေးအုပ်ချုပ်ရေးရော၊ မြို့နယ်အုပ်ချုပ်ရေးရော၊ သူတို့ကို ကျနော် သတင်းပေးလိုက်တဲ့အခါ သူတို့ကိုယ်တိုင်လာပြီး ထိမ်းထိမ်းသိမ်းသိမ်းလုပ်လိုက်တော့ အဲဒီနေ့က မဖြစ်လိုက်ဘူး။ မဖြစ်ဘူးဆိုပေမယ့်လည်း အဲဒီကတည်းကအရေးယူဆောင်ရွက်ဖို့အတွက်စာတွေ ဘာတွေတင်တာပေါ့ဗျာ။ မြို့နယ်အုပ်ချုပ်ရေးကလည်း မြို့နယ်စည်ပင်အုပ်ချုပ်ရေးကိုယ်တိုင် ဦးဆောင်ပြီး ကွင်းဆင်းစစ်ဆေးတယ်။ တွေ့ရှိချက်ကို မြို့နယ်အုပ်ချုပ်ရေးတင်တယ်။ မြို့နယ် အုပ်ချုပ်ရေးကလည်း စစ်ဆေးတွေ့ရှိချက်ကိုအခြေခံပြီးတော့မှ ခရိုင်အုပ်ချုပ်ရေးကိုတင်ပြတယ်။ အဲလိုအဆင့်ဆင့်တင်ပြပြီးတော့မှ ပြည်နယ်အစိုးရအဖွဲ့ကို တင်ပြတယ်ပေါ့ဗျာ။ အဲဒါလေးလပိုင်း ကတည်းက။ တင်ထားခဲ့ပေမယ့် အထက်ကလည်း အရေးယူဆောင်ရွက်တာမဖြစ်ခဲ့ဘူးပေါ့ဗျာ။ အဲတော့ ခုတပတ်လွှတ်တော်နားလို့ ကျနော်ပြန်လာတဲ့အခါကျတော့၊ ဒီ ခြောက်လပိုင်း ဆယ့်ရှစ် ရက်နေ့မှာ ဒီသတင်းကိုကျနော်ကြားတယ်ဗျ။ ဘာမှတုန့်ပြန်အရေးယူဆောင်ရွက်မှုမရှိတဲ့အတွက် ဆရာတော်၊ သံဃာတော်တွေက နှစ်ဆယ်ရက်နေ့မှာလူတွေစုပြီးတော့ဖျက်ဖို့လုပ်နေတယ်လို့ သတင်းကြားတော့ ဆရာတော်တွေနဲ့ကျနော်တွေ့တယ်။ တွေ့ပြီး မြို့နယ်အုပ်ချုပ်ရေးကိုအကြောင်း ကြားတယ်။ သူတို့ကလည်း ၁၈ ရက်နေ့မှာ ညတွင်းချင်းအစည်းအဝေးခေါ်ပြီး အရေးယူဆောင်ရွက် တယ်ပေါ့ဗျာ။ ဒီသံဃာတွေကို သူတို့ဆောင်ရွက်ချက်တွေရှင်းလင်းတင်ပြတယ်လေ။ တခါ ၁၉ ရက်နေ့မှာလည်း မြို့နယ်အုပ်ချုပ်ရေးမှာအစည်းအဝေးလုပ်ပြီးတော့မှ ဆရာတော်တွေကိုပင့်လျှောက် တယ်။ တပ်မမှူးကိုယ်တိုင်ပါတယ်။ တပ်မမှူးရယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးရယ်၊ ဌါနဆိုင်ရာအဆင့် အရာရှိရယ် အားလုံးပါတယ်။ လျှောက်ထားပေမယ့် အဲဒီနေ့က ၁၉ ရက်နေ့ဗျ။ တကယ်တမ်းသူတို့ က ၂၀ ရက်နေ့မှာလုပ်ဖို့ဆိုပြီးသူတို့ကဖိတ်ထားတယ်ပေါ့ဗျာ။ ၂၀ ရက်နေ့ကျတော့ လူထုက ၁ ထောင်လောက်နဲ့ သံဃာက အပါး ၁၅၀ လောက်ရှိတယ်။ အဲဒီနေ့က ကျနော်သံဃာရော လူထုပါ ရှင်းပြတော့ လူစုခွဲလိုက်တယ်ပေါ့ဗျာ။ "

အဲဒီလိုကြိုးစားဆောင်ရွက်နေပေမယ့် အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ အရေးယူဆောင်ရွက်မှုနှေးကွေး တဲ့အတွက်ဆိုပြီး၊ နောက်ဆုံးမှာ လူအုပ်နဲ့ဝိုင်းဝန်းဖျက်ဆီးတဲ့အခြေအနေကို ရောက်သွားလို့ စိတ်မကောင်းဖြစ်ရတယ်လို့ ဦးတင့်စိုးဆက်ပြောပါတယ်။

" အဲဒီကြားထဲမှာကို ကျနော်တို့အားလုံးအစည်းအဝေးတွေအကြိမ်ကြိမ်လုပ်တယ်ပေါ့ဗျာ။ အားလုံး ၇ ကြိမ်လောက်ကိုရှိတယ်ဗျ။ ဒီကိစ္စကို ဥပဒေကြောင်းအရဆောင်ရွက်ဖို့ဆိုပြီးတော့၊ အဲဒီမှာကို ဒီဝတ်ပြုကျောင်းနဲ့ပတ်သက်လို့ ဂေါပကအဖွဲ့ကိုလဲ ကျနော်တို့ အကြိမ်ကြိမ်တွေ့ဆုံညှိနှိုင်းတယ်။ သူတို့ကလည်း ဘာပြောလဲဆိုရင် တကယ်လို့ အစိုးရကဥပဒေကြောင်းအရဖျက်သိမ်းမယ်ဆိုရင် သူတို့လက်ခံမယ်၊ ဒါပေမယ် သူတို့ဖါသာသူတို့တော့ မဖျက်နိုင်ဘူးဆိုတာသူတို့ကပြောတယ်။ ပြည်နယ်အစိုးရကလည်းဒါကိုမိမိဖာသာဖျက်သိမ်းဖို့ဆိုပြီးညွှန်ကြားချက်ထုတ်ထားတာရှိတယ်။ အဲတော့ ကြားထဲမှာညှိလို့မရတဲ့အနေအထားမှာဖြစ်နေတယ်။ အဲတော့ ဒါကိုလိပ်ခဲတဉ်းလင်း အနေအထားမှာဘာဖြစ်လာလဲဆိုတော့ ၂၉ ရက်နေ့မှာ ညကိုကျနော်တို့ ၈ နာရီခွဲ ၉ နာရီလောက် ပေါ့လေ၊ မြို့နယ်မှာအစည်းအဝေးထိုင်ပြီး သံဃာတွေကိုလျှောက်ထားတယ်။ နောက်နေ့မနက်မှာ လည်း အစည်းအဝေးပြန်ခေါ်ပြီး၊ အဲဒီ ဗလီ ဝန်ကျောင်းရဲ့ဂေါပကအဖွဲ့ကိုလဲခေါ်ပြီးတော့မှ ခရိုင် အုပ်ချုပ်ရေးမှူးကဘာပြောလဲဆိုတော့၊ ခင်ဗျားတို့က မဖျက်ပေးဘူးဆိုရင်ပြသနာကဖြစ် တော့မယ်၊ အဲတော့ ခင်ဗျားတို့ဒီကနေထွက်ပေးဖို့ဆိုပြီးတောင်းဆိုတော့ ၃၀ ရက်နေ့မှာထွက်ပေးပါ့မယ်ဆိုပြီး ဂေါပကအဖွဲ့ကလက်မှတ်ထိုးသွားတယ်။ အဲဒီဟာကို ခရိုင်အုပ်ချုပ်ရေးမှူးရော၊ မြို့နယ်အုပ်ချုပ်ရေး မှူးရော၊ ခရိုင်ရဲတပ်ဖွဲ့မှူးတွေပါပါတယ်။ အဲဒီအကြောင်းကိုနေ့လည် ၁၂ နာရီလောက်မှာ၊ ဆရာတော် တွေကိုပင့်ဖိတ်ပြီးလုံးခင်းကျောင်းမှာပဲဝေငှထားပြီးသား။ ဒီဂေါပကအဖွဲ့ကလည်း သူတို့ပစ္စည်းတွေ သိမ်းနေပြီ။ ဒါပေမယ့်အဲဒီမနက်မှာပဲ လုံးခင်းကျောင်းထဲမှာ ပရိသတ်က ၅၀-၁၀၀ လောက်ကိုရောက် နေပြီ။ ၃ နာရီခွဲလောက်မှာပဲ၊ ကျနော်တော့မရှိဘူး၊ ကျောင်းထဲမှာ လူတွေတဖြည်းဖြည်းများလာပြီး တော့မှ၊ အဲဒီမှာလဲ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲတပ်ရင်းမှူး တွေပါရှိတယ်၊ တံတားဖက်မှာရဲတပ်ဖွဲ့လုံခြုံရေးတွေချထားတာရှိတယ်။ လူတွေကလည်းတိုးတိုး လာတယ်။ ခရိုင်အုပ်ချုပ်ရေးမှူးကလည်းရှင်းပြတယ်၊ ရှင်းပြတာကို လူအုပ်ကလက်မခံပဲ အုပ်ချုပ်ရေး မှူးတွေ ရဲတွေကိုကျော်ပြီးတော့မှ ဖျက်ဆီးကြတဲ့သဘောပေါ့။ ကျနော်တို့အကြိမ်ကြိမ်ညှိနှိုင်းထားခဲ့ပါ တယ်။ ကျနော်တို့ကြိုးစားထားသမျှဟာ အရာမထင်သလိုဖြစ်သွားတာပေါ့ဗျာ။ ကျနော်တို့က ဥပဒေလမ်းကြောင်းအတိုင်းဖြစ်ချင်တာ။ လူတွေက မစောင့်နိုင်တော့ပဲ စိတ်ဆန္ဒစောပြီးတော့မှ ဒီလိုဖြစ်သွားတဲ့အပေါ်ကျနော်တော်တော်ကို စိတ်မကောင်းဘူး။  "

အဲဒီလုံးခင်းက အစ္စလာမ်ဝတ်ပြုကျောင်းကိစ္စနဲ့ပတ်သက်လို့ တရားဝင်မှုမရှိဘူးဆိုတဲ့ပြောဆိုချက်နဲ့၊ ဝတ်ပြုကျောင်းဆိုတဲ့ အခေါ်အဝေါ်ကိစ္စကို မြန်မာနိုင်ငံ အစ္စလာမ်သာသနာ့ကောင်စီ တွဲဘက်အတွင်းရေးမှူး ဦးဝဏ္ဏရွှေကအခုလိုပြောပြပါတယ်။

" နံပတ်တစ်က လူရှိရင်ဘာသာတရားဆိုတာရှိမယ်၊ ဘာသာတရားရှိရင် ကိုးကွယ်ဝတ်ပြုတာရှိမယ်။ ဗလီတို့၊ ချပ်ရှ်တို့ဘာပဲပြောပြော၊ တရားဝင်တယ် မဝင်ဘူးပြောရအောင်၊ တရားဝင်လျှောက်လွှာ လက်ခံတဲ့ဌါနရှိသလား၊ အသိအမှတ်ပြုတာရှိသလား။ တော်လှန်ရေးကောင်စီတက်လာကတည်းက အနှစ်ခြောက်ဆယ်ရှိပြီ၊ ဗလီဝတ်ကျောင်းတော်တွေဆောက်ခွင့်မရဘူးလေ။ မြို့ဟောင်းဖျက်လို့ မြို့သစ်ရောက်သွားတယ်၊ မွတ်စလင်တွေပါသွားတယ်၊ ပါသွားတော့ ဝတ်ပြုစရာနေရာမရှိကြဘူးဆိုရင် ကျနော်တို့ ဘာသာရေးစာသင်ကျောင်းလေးတွေရှိတယ်လေ။ အဲဒီစာသင်ကျောင်းတွေမှာ စုပြီးဝတ်ပြု ကြတယ်။ လုံးခင်ကိစ္စမှာ နံပတ်တစ်က ကျနော်တို့အယူအဆအရ ဗလီပဲခင်ဗျ။ သာသနာအတွက် လှူထားတဲ့မြေဖြစ်တယ်။ နံပတ်နှစ်က သာသာနာ့မြေဖြစ်ဖို့လျှောက်ထားတဲ့အထောက်အထားတွေ အပြည့်အစုံရှိတယ်။ သက်ဆိုင်ရာချပေးတာမချပေးတာကတော့ တခုပဲပြောစရာရှိတယ်၊ အနှစ် ခြောက်ဆယ်အတွင်းချပေးလားမချပေးလားဆိုတာပဲ။ အဲဒီအပေါ်မှာတရားဝင်တယ်မဝင်ဘူးပဲပြောရ မယ်။ သက်ဆိုင်ရာက ကျနော်တို့အစ္စလာမ်ဘာသာတွေအပါအဝင်၊ ခရစ်ယန်တွေ၊ တခြားဘာသာ တွေကို သာသနာ့နယ်မြေအဖြစ်နှစ်ပေါင်းခြောက်ဆယ်အတွင်းချပေးထားတာမရှိတဲ့အတွက် ဒါကိုတရားမဝင်ဘူးဆိုတဲ့အသုံးအနှုံးကို ကျနော်တို့လက်မခံဘူး။ အဲတော့ တရားဝင်ချပေးတဲ့သူ ကပျက်ကွက်နေတာ။ ကျနော်တို့လျှောက်ထားရမယ့်ကိစ္စမပျက်ကွက်ခဲ့ဘူးခင်ဗျ။  "

အခုလို အစ္စလာမ်ဘာသာရေးအဆောင်အဦးတွေကို ဥပဒေမဲ့အဖျက်ခံရတာတွေရှိနေသလို၊ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတချို့လဲ ဖျက်သိမ်းခံရပြီး၊ ဘုန်းကြီးတွေဖမ်းဆီးထောင်ချ ခံရတာတွေ နေပြည်တော်ဘက်မှာရှိခဲ့ပြီး၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှာဆို လယ်တီသိမ် နဲ့အဆောက်အဦဖျက်ဆီးခံရတာတွေရှိခဲ့တယ်လို့လူ့အခွင့်အရေးရှေ့နေဦးရောဘတ်စန်းအောင်က ပြောပါတယ်။ ဒါကြောင့် ဒီမိုကရေစီနဲ့ငြိမ်းချမ်းရေးကိုဖေါ်ဆောင်နေတဲ့ အခုလိုအချိန်မှာ ဘာသာရေး အဆောက်အဦးတွေနဲ့ပတ်သက်လို့ ဥပဒေပြဌါန်းချက်ရေးဆွဲသင့်ပြီဖြစ်သလို၊ ဥပဒေမဲ့ ဖျက်ဆီးသူတွေကို တိတိကျကျအရေးယူသင့်ပြီလို့ ဦးရောဘတ်စန်းအောင်ကပြောပါတယ်။

" ဘုန်ကြီးကျောင်းတွေကိုလည်းခွင့်ပြုချက်မရှိလို့ဆိုပြီးဖျက်တာတွေရှိတယ်၊ တခြားဟာတွေမှာလည်း ရှိနေတယ်၊ အဲဒီတော့ သာသနိကအဆောက်အဦဟာ ဘယ်သာသာအတွက်မဆိုဆောက်လုပ်မယ် ဆိုရင် ဘယ်လိုနည်းလမ်းတွေနဲ့ဆောင်ရွက်ရမယ်ဆိုတာ၊ ဥပဒေပြဌါန်းချက်တရပ်တော့ ကျနော်တို့ နိုင်ငံမှာလိုတယ်။ ချိုးဖေါက်ရင်လည်း ပြင်းပြင်ထန်ထန်အရေးယူဖို့လိုတယ်။ အဲဒလိုမဟုတ်ပဲနဲ့ လူအုပ်တရားစီရင်ရေးကိုသာ ဆက်ပြီးကျင့်သုံးသွားမယ်ဆိုရင်၊ အခုထူးထောင်နေတဲ့ ဒီမိုကရေစီ နိုင်ငံဆိုတဲ့အချက်နဲ့မကိုက်ညီသလို၊ ငြိမ်းချမ်းသားယာတဲ့မြန်မာပြည်ကိုလဲရောက်ရှိမှာမဟုတ်ဘူး။ ဒါကြောင့် အဲဒီလိုဥပဒေကို လွှတ်တော်နဲ့အစိုးရကပြဌါန်းသင့်ပြီ၊ မဟုတ်ရင် ငြိမ်းချမ်းရေးကိုလည်း ဘယ်တော့မှအောင်မြင်အောင်ဆောင်ရွက်နိုင်မှာမဟုတ်ဘူးလို့ပဲပြောပါရစေ။"

ဘာသာရေးပဋိပက္ခတွေကို တရားဥပဒေအရ ကိုင်တွယ်ဖြေရှင်းသင့်ပြီလို့ ထောက်ပြကြတာနဲ့ ပတ်သက်လို့တင်ပြလိုက်တာပါခင်ဗျာ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။