တစ်ဖက်သတ်တွေ့ဆုံမှုနဲ့ အာဆီယံ မြန်မာ့အရေး မဖြေရှင်းနိုင်

2022.03.24
တစ်ဖက်သတ်တွေ့ဆုံမှုနဲ့ အာဆီယံ မြန်မာ့အရေး မဖြေရှင်းနိုင် ၂၀၂၂ ခုနှစ် မတ်လ ၂၁ ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် အာဆီယံအထူးကိုယ်စားလှယ် Prak Sokhonn ကို နေပြည်တော်တွင် တွေ့ရစဥ်
Photo: Myanmar Military

မြန်မာနိုင်ငံ အကျပ်အတည်းကို ဖြေရှင်းဖို့ ရည်ရွယ်တဲ့ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ပထမဆုံးအကြိမ် မြန်မာခရီးစဉ်ဟာ အတိုက်အခံအင်အားစုတွေနဲ့ မတွေ့ဆုံနိုင်ဘဲ အဆုံးသတ်ခဲ့တာပါ။

ကမ္ဘောဒီးယားဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ပရက်ဆော့ခွန်းဟာ အာဆီယံ အထူးကိုယ်စားလှယ် တာဝန်နဲ့ မတ် ၂၁ ရက်ကနေ ၂၃ ရက်အထိ မြန်မာနိုင်ငံကို လာ ရောက်ခဲ့တာပါ။

ဒီခရီးစဉ်အတွင်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်၊ စစ်ကောင်စီအစိုးရ အဖွဲ့ဝင်တွေနဲ့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးတို့ကိုပဲ တွေ့ဆုံခဲ့ပါတယ်။

“အာဆီယံဘုံသဘောတူညီချက် ဆိုတာကိုက အားလုံးက သဘောတူပြီး ချမှတ်ထားတာကို စစ်ကောင်စီက လေးစားလိုက်နာမှု မရှိဘူး"

မြန်မာ့အကျပ်အတည်းမှာ အရေးပါတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်၊ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) တို့ကို မတွေ့ဆုံခဲ့တဲ့အပေါ် နိုင်ငံရေးအကဲခတ်တွေနဲ့ သံတမန် ရေးကျွမ်းကျင်သူတွေက ဝေဖန်ပါတယ်။

အခုလို တစ်ဖက်သတ်တွေ့ဆုံမှုတွေပဲလုပ်ခဲ့လို့ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ် ဟာ အကျိုးမထူးခဲ့ဘူးလို့ ရန်ကုန်မြို့မှာနေထိုင်တဲ့ နိုင်ငံရေးလေ့လာသူ ဒေါက်တာစိုင်း ကြည်ဇင်စိုးက ပြောပါတယ်။

“မအောင်မြင်ဘူးလို့ပဲ ပြောရမယ်။ သူတို့ (အာဆီယံ) ခေါင်းဆောင်ဖြစ်တဲ့အချိန် အတွင်းမှာ မြန်မာ အရေးအခင်းကို အောင်မြင်အောင်၊ ပြေလည်အောင် ဖြေရှင်းနိုင် မယ်လို့ မထင်ဘူးဆိုတာ ပြောတယ်။ နောက် သူတို့တွေ့တယ် ဆိုတာကလည်း တွေ့သင့်၊ တွေ့ရမယ့်သူတွေ အကုန်လုံးကို မတွေ့ဘူးဆိုတော့ ကျနော်တို့ အကုန် လုံးအတွက် ပြေလည်နိုင်မယ့်အဖြေ ဘယ်လိုမှ ရှာတွေ့နိုင်မှာမဟုတ်ဘူး။ အဲတော့ ဒီခရီးစဉ်က ဘာမှ ထိရောက်တယ်လို့ ကျနော် မမြင်ဘူး”

ပရက်ဆော့ခွန်းကတော့ ဒီခရီးစဉ်ကနေ မြန်မာ့အရေးဖြေရှင်းဖို့ တိုးတက်မှုတချို့ ရရှိခဲ့ သလို သူ့အနေနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့၊ အာဆီယံ သဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့နဲ့ အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ တိုက်တွန်းနိုင်ခဲ့တယ်လို့ ခရီးစဉ်အပြီး မတ်လ၂၃ ရက်မှာ သတင်းထောက်တွေကို ပြောပါ တယ်။ ဒါပေမဲ့ မြန်မာ့အရေးဟာ နက်နဲရှုပ်ထွေးတဲ့အတွက် ဒီနှစ်အတွင်း အပြီးသတ် ဖြေရှင်းဖို့တော့ မဖြစ်နိုင်ဘူးလို့ သူက ဝန်ခံသွားပါတယ်။ အာဆီယံ ဘုံသဘောတူညီချက် တွေ အကောင်အထည်ဖော်လာအောင် စစ်ကောင်စီကို ပျော့ညံ့တဲ့ ချဉ်းကပ်မှုမျိုးနဲ့တော့ ဖိအားပေးနိုင်မှာ မဟုတ်ဘူးလို့ NUG အမျိုးသားညီညွတ်ရေးအစိုးရ အာဆီယံသံအမတ် ဦးဘိုလှတင့်က ဝေဖန်ပါတယ်။

“အာဆီယံဘုံသဘောတူညီချက် ဆိုတာကိုက အားလုံးက သဘောတူပြီး ချမှတ်ထားတာ ကို စစ်ကောင်စီက လေးစားလိုက်နာမှု မရှိဘူး။ အာဆီယံဟာ လက်ရှိ ဘုံသဘောတူညီ ချက် ငါးရပ်ကို ဒီလိုပုံစံပျော့ညံ့တဲ့ ချဉ်းကပ်မှုပုံစံမျိုးနဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်သွား ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူးလို့ ပြောင်ပြောင်တင်းတင်း ပြောရမှာ ဖြစ်ပါတယ်”

prak-sokhonn-kokogyi.jpg
အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန်းနှင့် ဦးကိုကိုကြီးတို့ ရန်ကုန်မြို့ LOTTE ဟိုတယ်မှာ ၂၀၂၂ မတ်လ ၂၂ ရက်နေ့က တွေ့ဆုံကြစဉ် (ဓာတ်ပုံ - ပြည်သူ့ပါတီ)

အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံခဲ့တဲ့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးကတော့ အခုမှစတင်တဲ့ ဆွေးနွေးပွဲအခင်းအကျင်းဟာ စိတ်တိုင်းကျဖြစ်ဖို့ခက်တယ်လို့ RFA ကို ပြောပါတယ်။

“ကျနော်တို့က အပြုသဘောဆောင်တဲ့ အမြင်နဲ့ ကြည့်မယ်ဆိုရင် လုံးဝကို ဝင်ရောက်ခွင့် မရတဲ့ အခြေအနေကနေပြီး ပထမအဆင့် ဝင်ရောက်ခွင့်ရလာတယ်။ ကျနော်တို့ စပြီး ထိတွေ့မှု ဆွေးနွေးမှု ရလာတယ်။ တွေ့ဆုံဆွေးနွေးမှုရဲ့ သဘောသဘာဝကစပြီး ထိတွေ့ တဲ့အချိန်မှာ ကျနော်တို့ စိတ်တိုင်းကျအခြေအနေ ရောက်လာဖို့ မဖြစ်နိုင်ဘူး။ အဲတော့ စထိတွေ့တယ်ဆိုတာ ကိုယ်နှိုက်က မထိတွေ့ခင်ထက်စာရင် တိုးတက်တယ်လို့ ယူဆ ပြီးတော့ ကျနော်တို့က ဆက်ပြီးတော့ ကောင်းမွန်တဲ့ရလဒ်ထွက်အောင် ကြိုးစားရမယ် လို့ မြင်ပါတယ်”

အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေတဲ့ ကမ္ဘောဒီးယားအနေနဲ့ ဒေါ်အောင် ဆန်းစုကြည်နဲ့ တွေ့ခွင့်မရရင်တောင် ပြည်သူတွေနဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေကို ကိုယ် စားပြုနေတဲ့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) တို့ကို အလွတ်သဘော တွေ့ဆုံဆွေးနွေးတာတွေ လုပ်သင့်တယ်လို့ သံတမန်ရေး ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူနဲ့ ဘရူနိုင်း တို့ဟာ NUG နဲ့ အလွတ်သဘော ဆွေးနွေးမှုတွေရှိတယ်လို့ NUG အာဆီယံ သံအမတ် ဦးဘိုလှတင့်က RFA ကို ပြောပါတယ်။

ဒါပေမဲ့ ကမ္ဘောဒီးယားအနေနဲ့တော့ အခုချိန်အထိ ဆက်သွယ်တာမရှိဘူးလို့ သူက ပြောပါ တယ်။

မြန်မာနိုင်ငံရဲ့ ပြဿနာကို ရှုထောင့်ပေါင်းစုံကနေ နားလည်ဖို့ဆိုရင် အဲ့ဒီလိုတွေ့ဆုံမှုတွေ လုပ်ဖို့ လိုတယ်လို့ အာဆီယံအရေး ကျွမ်းကျင်သူ ဒေါ်မိုးသူဇာက ပြောပါတယ်။

“ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ မြန်မာပြည်သူများကို ကိုယ်စားပြု၊ မြန်မာနိုင်ငံရဲ့ ဒီမို ကရေစီအရေးကိုလည်း ကိုယ်စားပြု လှုပ်ရှားနေတဲ့ အဖွဲ့အစည်းများဖြစ်တဲ့ NUG၊ CRPH ကဲ့သို့သော အဖွဲ့အစည်းများနဲ့လည်း တွေ့ဆုံဆွေးနွေးမှသာလျှင် မြန်မာနိုင်ငံ မှာဖြစ်နေတဲ့ လက်ရှိနိုင်ငံရေးပြဿနာရဲ့ ရှုထောင့်ပေါင်းစုံကို သိနားလည်နိုင်မှာ ဖြစ်ပါတယ်”

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ သဘောထားကိုသိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က မတ်လ ၂၂ ရက် နဲ့ ၂၃ ရက်နေ့တွေမှာ ဖုန်းနဲ့ အကြိမ် ကြိမ်ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

Prak-Sokhonn-wunnamaunglwin.jpg
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန်းတို့ နေပြည်တော်မှာ ၂၀၂၂ ခုနှစ် မတ်လ ၂၁ ရက်နေ့က တွေ့ဆုံခဲ့စဉ် (Ministry of Foreign Affairs Myanmar)

အာဆီယံအထူးကိုယ်စားလှယ်ကတော့ သူ့ရဲ့ ခရီးစဉ်ဟာ စစ်ကောင်စီကို တရားဝင်အသိ အမှတ်ပြုတဲ့ ခရီးစဉ်အဖြစ် ဝေဖန်နေကြတာကို သူ့အနေနဲ့ နားလည်ကြောင်း ခရီးစဉ် အပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။

သူအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်တောင်းခဲ့ပေမယ့် စစ်ကောင်စီဘက်က ငြင်းပယ်ခဲ့တယ်လို့လည်း ပြောပါတယ်။ ဒါပေမဲ့ စစ်ကောင်စီဥက္ကဋ္ဌက ဒေါ်အောင် ဆန်းစုကြည် အပါအဝင် ထိန်းသိမ်းခံထားရသူတွေနဲ့ တွေ့ခွင့်ပေးဖို့ စဉ်းစားပေးမယ့် အကြောင်း သူ့ကိုပြောဆိုခဲ့တယ်လို့လည်း အထူးကိုယ်စားလှယ်က ပြောပါတယ်။

အာဆီယံဟာ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံညှိနှိုင်းရေး၊ အကြမ်းဖက်မှုတွေ ရပ်တန့်ရေး အပါအဝင် မြန်မာ့အရေး ဖြေရှင်းဖို့ သဘောတူညီချက် ငါးရပ်ကို ပြီးခဲ့တဲ့နှစ် ဧပြီကတည်း က ချမှတ်ခဲ့ပါတယ်။ ဒါပေမဲ့ အချိန်တစ်နှစ်နီးပါး ကြာလာတဲ့အထိ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ အပါအဝင် အာဆီယံဘုံသဘောတူညီချက်တွေကို ထိထိရောက်ရောက် အကောင် အထည် မဖော်နိုင်သေးပါဘူး။

မြန်မာနိုင်ငံမှာ အာဆီယံအထူးကိုယ်စားလှယ် ခရီးစဉ်မတိုင်ခင် ရက်ပိုင်းအထိ စစ် ကောင်စီဟာ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွေမှာ လေကြောင်းသုံး တိုက်ခိုက်တာနဲ့ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ဆက်တိုက်လုပ် ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါပေမဲ့ အာဆီယံအထူး ကိုယ်စားလှယ် မြန်မာ ပြည်ရောက်နေတဲ့ ကာလမှာတော့ ဒီလိုတိုက်ခိုက်မှုတွေ သိသိသာသာ ငြိမ်သက်နေခဲ့ ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။