ရခိုင်မြောက်ပိုင်းက နေအိမ်တွေကို အစိုးရက ဝင်ရောက်စစ်ဆေးမယ့်အပေါ် စိုးရိမ်မှုတွေရှိနေ

ရခိုင်ပြည်နယ် မြို့နယ် ၇ ခုမှာ AA အဖွဲ့က ပြည်သူတွေနဲ့ရောနှောနေတာ ရှိ၊ မရှိ သိနိုင်ဖို့အတွက် ဝင်ရောက် စစ်ဆေးတာတွေလုပ်ဖို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပြည်နယ်အဆင့်ဌာနဆိုင်ရာတွေကို ညွှန်ကြားလိုက်တာနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိနေကြပါတယ်။

ရခိုင်ပြည်နယ် မြို့နယ် ၇ ခုမှာ မသင်္ကာတဲ့နေအိမ်တွေကို ဝင်ရောက်စစ်ဆေးမယ့်ကိစ္စ ညွှန်ကြားစာကို တွေ့ရစဉ် .

ရခိုင်ပြည်နယ် မြို့နယ် ၇ ခုမှာ AA အဖွဲ့က ပြည်သူတွေနဲ့ရောနှောနေတာ ရှိ၊ မရှိ သိနိုင်ဖို့အတွက် ဝင်ရောက် စစ်ဆေးတာတွေလုပ်ဖို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပြည်နယ်အဆင့်ဌာနဆိုင်ရာတွေကို ညွှန်ကြားလိုက်တာနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိနေကြပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုမင်းသိန်းအောင် တင်ပြထားပါတယ်။

~~~~~~~~~~

ရခိုင်မြောက်ပိုင်းက နေအိမ်တွေကို အစိုးရက ဝင်ရောက်စစ်ဆေးမယ့်အပေါ် စိုးရိမ်မှုတွေရှိနေ

(မင်းသိန်းအောင်)

■ ရခိုင်ပြည်နယ် ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦး၊ မြေပုံ စတဲ့ မြို့နယ် ၇ ခုမှာရှိတဲ့ကျေးရွာတွေကို AA အဖွဲ့က ပြည်သူတွေနဲ့အတူ ရောနှောဝင်ရောက်နေတယ်ဆိုတာ ဟုတ်၊ မဟုတ် သိရဖို့အတွက် မသင်္ကာတဲ့နေအိမ်တွေကို ဝင်ရောက်စစ်ဆေးဖို့ ပြည်နယ်အစိုးရက ညွှန်ကြားလိုက်တာလို့ ပြည်နယ်အဆင့် အစိုးရအရာရှိတစ်ဦးက RFA ကို ဒီနေ့ ပြောပါတယ်။

အဲဒီညွှန်ကြားစာကို ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ မီးသတ်ဦးစီးဌာန ပြည်နယ်ဦးစီးမှူးနဲ့ စစ်တွေ၊ မြောက်ဦး၊ မောင်တောမြို့နယ်တွေက ခရိုင်အုပ်ချုပ်ရေးမှူးတွေထံကို ဇန်နဝါရီလ ၂၅ ရက်နေ့ ရက်စွဲနဲ့ပေးပို့ခဲ့တာလို့ သိရပါတယ်။

ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသော်ဒါက အဲဒီညွှန်ကြားစာ ရောက်ရှိလာတယ်ဆိုတာ ဟုတ်မှန်ကြောင်း ပြောပါတယ်။

"ဟုတ်ပါတယ်။ ရုံးသဘောအရ ကျွန်တော်တို့ ဌာနတစ်ခုတည်းသက်သက် ပို့တာမဟုတ်ပါဘူး။ ရဲတပ်ဖွဲ့က ထိပ်ဆုံးကပါ။ ကျွန်တော်တို့က အရံပါ။ အဓိကကတော့ ကျွန်တော်တို့ အရံမီးသတ်တပ်ဖွဲ့တွေက ရပ်ကွက်ထဲမှာရှိတဲ့အတွက် ကူညီဆောင်ရွက်ဖို့သဘောမျိုးပါဗျ"

ဒီကိစ္စနဲ့ပတ်သက်လို့ သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့တွေကို သူ့အနေနဲ့ တစ်စုံတစ်ရာ ထပ်ဆင့်ညွှန်ကြားတာ မလုပ်ရသေးဘူးလို့လည်း ပြောပါတယ်။

ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ၊ ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီး ဦးဝင်းမြင့်ကတော့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ဒီညွှန်ကြားချက်နဲ့ပတ်သက်လို့ တိတိကျကျပြောဖို့ ငြင်းဆိုပါတယ်။

"အစည်းအဝေးကို ကျွန်တော်မတက်ခဲ့ဘူးဗျ။ ကျွန်တော်က အဲဒီတုန်းက ရန်ကုန်ကိုရောက်နေလို့လေ။ အဲဒါကြောင့် ကျွန်တော်က တိတိကျကျမပြောနိုင်တာ။ ဒါကတော့ အဲဒီကတ်ဘိနက် အစည်းအဝေးကို တက်ရောက်တဲ့ဝန်ကြီးတွေပဲ သိပါလိမ့်မယ်"

RFA ရဲ့ သီးခြားလေ့လာအတည်ပြုချက်အရ အဲဒီလို မသင်္ကာတဲ့အိမ်တွေကို ဝင်ရောက်စစ်ဆေးမယ့်ကိစ္စမှာ တပ်မတော်လည်းပါဝင်ပြီး လူဦးရေ မှန်၊ မမှန်ကို အိမ်ထောင်စုစာရင်းတွေနဲ့ တိုက်ဆိုင်စစ်ဆေးတာနဲ့ ဓာတ်ပုံမှတ်တမ်းတွေကိုပါရယူဖို့ကို ဇန်နဝါရီလ ၂၃ ရက်နေ့က ကျင်းပခဲ့တဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးကနေ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ရခိုင်ဒေသခံတွေအကြားမှာ ဝေဖန်ပြောဆိုမှုတွေ၊ စိုးရိမ်မှုတွေ ရှိနေကြပါတယ်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက အစိုးရအနေနဲ့ ပြည်သူတွေအတွက် အနှောင့်အယှက် ဖြစ်မယ့်ကိစ္စကို ရှောင်ကြဉ်သင့်တယ်လို့ ဝေဖန်ပါတယ်။

"ဒါတွေက အဲသလိုပြောလိုက်တဲ့ဟာတွေက ရခိုင်တစ်မျိုးသားလုံးရဲ့စိတ်ကို ထိခိုက်စေတာပေါ့လေ။ အစိုးရတစ်ရပ်အနေနဲ့ ပြည်သူတွေအပေါ် အနှောင့်အယှက်ဖြစ်မယ့် အကြောင်းအရာ စကားတွေအကုန်လုံးကို ရှောင်ကြဉ်ပြီးတော့ ယဉ်ကျေးသိမ်မွေ့စွာနဲ့ပဲ လုပ်ရမယ့်ကိစ္စရပ်တွေလို့ မြင်ပါတယ်"

အစိုးရအဖွဲ့ရဲ့ဆုံးဖြတ်ချက်ဟာ အရင်ကကျင့်သုံးခဲ့တဲ့ ဧည့်စာရင်းစစ်တဲ့အစီအစဉ်ကို ပြန်ပြီးအသက်သွင်းသလို ဖြစ်နေတယ်လို့လည်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက ပြောပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်တွေမှာ ရက္ခိုင့်တပ်မတော်(AA)နဲ့ အစိုးရတပ်မတော်တို့ အကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ဆက်နွယ်ပြီး အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဒေသခံတွေကို ဥပဒေလုပ်ထုံး လုပ်နည်းတွေနဲ့မညီတဲ့ ဖမ်းဆီးစစ်ဆေးမှုတွေ ပြုလုပ်တာတွေရှိလို့ဆိုပြီး ပြည်နယ်အစိုးရက နေအိမ်တွေကို ဝင်ရောက်စစ်ဆေးမယ့်ကိစ္စအပေါ် စိုးရိမ်မှုတွေ တိုးပွားနေကြတာဖြစ်ပါတယ်။

ရသေ့တောင် ဒေသခံတစ်ဦးဖြစ်တဲ့ ဦးမောင်သိန်းနုက အခုလို ပြောပါတယ်။

"လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်မယ်လို့တော့ မယုံကြည်ဘူးဗျ။ ကျွန်တော်တို့ သိရသလောက်ဆိုရင်လည်း သမီးလှကျေးရွာမှာ ဥပဒေမဲ့အလုပ်ကို လုပ်သွားတယ်လေ။  ရွာသားတွေကို အကုန်ထုတ်ပြီးတော့ အိမ်တွေကို တစ်အိမ်တက်တစ်အိမ်ဆင်းနဲ့ ရွှေတွေငွေတွေကိုလည်း အကုန်ယူသွားတယ်။ အဲဒါက ဥပဒေနဲ့မညီပါဘူး။ နောက်လည်း ဒီလိုမျိုးဖြစ်လာမယ်ဆိုရင် ကျွန်တော်တို့ ပြည်သူလူထုအနေနဲ့ တကယ့်ကိုစိုးရိမ်ရတဲ့ အနေအထားကို ရောက်သွားမှာပေါ့"

လူ့အခွင့်အရေးရှေ့နေ ဦးသိန်းသန်းဦးကလည်း သူ့အနေနဲ့ ဒီကိစ္စအပေါ် စိုးရိမ်မိတယ်လို့ ပြောပါတယ်။

"ဒီဟာကအရေးကြီးတယ်ဗျ။ အရေးကြီးတယ်ဆိုတာကလေ ဖြစ်တဲ့အနေအထားမှာ တစ်ဘက်ကလည်း လုံခြုံရေးအရတော့ သူတို့က လိုအပ်တဲ့အချက်တော့ဖြစ်တာပေါ့နော်၊ ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီးတော့ပေါ့။ နောက်တစ်ဘက်ကကျတော့လည်း ဒီမှာ ကျွန်တော်တို့က ဒီလိုပဋိပက္ခဧရိယာတွေမှာ အဲသလိုကိစ္စတွေမှာ မလိုလားအပ်တဲ့ပြဿနာတွေ ပေါ်လေ့ရှိတယ်ဗျ။ စစ်ဆေးတဲ့အခါမှာ ကောင်းကောင်းမွန်မွန်စစ်ဆေးတာ မဟုတ်ဘဲနဲ့လေ အကြမ်းဖက်တာတို့၊ နောက်တစ်ခါ မလိုလားအပ်ဘဲ ရိုင်းရိုင်းစိုင်းစိုင်း ရင့်ရင့်သီးသီးလုပ်တာတို့ ဒါမျိုးတွေဖြစ်မှာကို ကျွန်တော် စိုးရိမ်တယ်ဗျ"

၂၀၁၇ ခုနှစ် နိုင်ငံသားများရဲ့ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်နဲ့ ပုဂ္ဂိုလ်ရေးလုံခြုံမှုဆိုင်ရာ ဥပဒေအရ အခုလို စစ်ဆေးခွင့်မရှိပေမယ့် လုံခြုံရေးနဲ့ပတ်သက်ပြီး ခြွင်းချက်တွေရှိနေတဲ့အတွက် ဝင်ရောက်စစ်ဆေးတာမျိုးကို ကန့်ကွက်ဖို့ ခက်ခဲတယ်လို့လည်း ပြောပါတယ်။

ဒါပေမဲ့ စစ်ဆေးပုံစစ်ဆေးနည်း၊ ယဉ်ကျေးမှုရှိ မရှိနဲ့ လူတွေရဲ့ဂုဏ်သိက္ခာနဲ့လျော်ညီတဲ့ ဆက်ဆံမှု ရှိ မရှိ စတာတွေကိုတော့ သတိထားပြီး စောင့်ကြည့်ဖို့လိုတယ်လို့ လူ့အခွင့်အရေး ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကလည်း တရားဥပဒေစိုးမိုးရေးနဲ့ နယ်မြေလုံခြုံရေးအတွက်ဆိုပြီး တပ်မတော်၊ ရဲတပ်ဖွဲ့တွေနဲ့ ဌာနဆိုင်ရာတွေပါဝင်တဲ့ အဖွဲ့နဲ့စစ်ဆေးဖို့အတွက် မိသားစုဓာတ်ပုံတစ်ပုံစီနဲ့ အိမ်ထောင်စုစာရင်း မိတ္တူတစ်စောင်စီကို နေအိမ်ရှေ့တွေမှာကပ်ထားကြဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေကို ပြည်နယ်အစိုးရက ညွှန်ကြားခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ အဲလိုမျိုးညွှန်ကြားတာကို မသိလိုက်လို့ဆိုပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက တားမြစ်ခဲ့ပါတယ်။

အခု ရခိုင်ပြည်နယ် မြို့နယ် ၇ ခုမှာ မသင်္ကာတဲ့နေအိမ်တွေကို ဝင်ရောက်စစ်ဆေးမယ့်ကိစ္စကိုတော့ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ကိုယ်စား ပြည်နယ်ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက လက်မှတ်ရေးထိုးပြီး ညွှန်ကြားလိုက်တာလို့ သိရပါတယ်ခင်ဗျာ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org